အရေးပါလှသော အသံတိတ် သပိတ်ကြီး နှင့် ဟွန်ဆန်-မင်းအောင်လှိုင် ဆွေးနွေးပွဲ

by Hla Soewai - Jan 27 2022

စစ်အာဏာသိမ်း ပြီး တနှစ် ပြည့်လာသည့်တိုင် လူထု၏ ဘဝသည် ထူးခြား တိုးတက်လာခြင်း မရှိသည့်အပြင် နိုင်ငံရေး အခွင့်အရေး များ မဆိုထားဘိ စီးပွားရေး၊ လူမှု‌ရေးများ တနေ့တခြား ဆုတ်ယုတ် ကျဆင်းလာနေပြီ ဖြစ်သည်။ ၎င်းတို့ သက်ဆိုးရှည်နေသည်နှင့် အမျှ တိုင်းပြည်မှာ ပြန်လည်နာလံထူနိုင်ဖို့က အချိန်တို အတွင်း မဖြစ်နိုင်တော့သည့် အနေအထားကို ဆိုက်ရောက်လာနေသည်။

 

စစ်အာဏာရှင် စနစ်ဖြင့် တိုင်းပြည်ကို ချောက်ထဲသို့ တွန်းချပြစ်ခဲ့သည့် တနှစ်မြောက် ဖြစ်သော ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်ရန် ရှိနေသည့် “အသံတိတ် သပိတ်” ကြီးသည် ၎င်းတို့အား ပြည်သူများက မိမိတို့ မနှစ် မြို့ကြောင်း ကမ္ဘာ သိအောင် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည့် တိုက်ပွဲ ခေါ်သံကြီး ဖြစ်လာပေတော့မည်။

 

ထိုတိုက်ပွဲ ခေါ်သံသည် စစ်အာဏာရှင်များ အဖို့ အကြီးအကျယ် အရှက်တကွဲ ဖြစ်လာစေမည် ကို သိထားကြသဖြင့် ဆိုင်များကို  ဖွင့်ရန်၊ လမ်းပေါ် ထွက်ရန် ပျက်ကွက်ပါက အကြမ်းဖက် တိုက်ဖျက်‌ရေး ဥပဒေ ဖြင့် အရေးယူမည်၊ ထိုအထဲတွင် လက်ခုပ်တီးသူများပင် မချန်ဟု ကြေညာချက် ထွက်လာခဲ့သည်။ ယခင်ကလို အရှက်ပြေ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်ခံရ၍ ဟု မပြောနိုင်တော့။ ကိုယ့်အိမ်ထဲ ကိုယ်နေသူများပင် ဒုက္ခ ရောက် ရမည့်ကိန်း ဖြစ်လာနေသည်။

 

မတ်လ ၂၄ နှင့် ဒီဇင်ဘာ ၁၀ ရက်  တွင် ဆင်နွှဲခဲ့သည့် လူထု၏ အသံတိတ် သပိတ်ကြီး များသည် အောင်မြင် ခဲ့ရုံမက ၎င်းတို့အနေနှင့် မည်မျှ အထိ တုန်လှုပ်ချောက်ချားနေရသည်၊ ထိခိုက်သွားခဲ့ရသည်ကို ယခုကဲ့သို့ လူ ကြားမကောင်းအောင် ကြေညာချက်များ ထုတ်ပြန်လာရသည်ကပင် သိသာနေပေသည်။

 

ထိုသို့ ကြေညာချက် ထုတ်၍ လူထုက လမ်းပေါ် ထွက်လာကြလျှင်လည်း ဤသည်က ၎င်းတို့အား ထောက် ခံခြင်းဟု ယူဆကြဦးမည်လော၊ တိုင်းပြည်ကို ဓါးမိုးပြီး ထားရာနေ စေရာသွား ဘဝဖြင့် အုပ်ချုပ် သွားရန် စိတ် ပိုင်းဖြတ်ထားကြသည့် လူများသာ  ဖြစ်နေသည်။

 

လူပေါင်း ၁,၅၀၀ ခန့် အသက်စတေးခဲ့ကြရပြီး လူ ၉,၀၀၀ ခန့် အကျဉ်းကျခံနေရဆဲ ဖြစ်သည်။

 

ပြည်သူများ အဖို့က ထိုသို့သော ဘဝ မျိုး မှ မဖြစ်မနေ ရုန်းထွက်မှ ဖြစ်တော့မည် ဆိုသည့် အသိတရားများ ပေါ် လာအောင် ထပ်မံ နှိုးဆွ ပေးလိုက်သလို ပင် ဖြစ်သည်။ ထို့အတွက်လည်း “အိမ်အပြန် လမ်း အတွက် တိုက်ပွဲဝင် ကြစို့” ဟူသော ဆောင်ပုဒ် ပေါ်ထွက်လာခဲ့ရသည်။ ဤသို့ သပိတ်ကြီး လုပ်ရန် စီစဉ်ထားသည်ကို လူအားလုံး မသိ၊ မရှိရအောင် ညစဉ်လို အသံချဲ့စက်များ ဖြင့်ပင် နှိုးဆော်ပေးလာသည့်အထိ အသိဉာဏ်မဲ့သူများ ဖြစ်သည်။ ၎င်းတို့ ထိုကဲ့သို့ လုပ်ခဲ့မှုကြောင့်လည်း ပို၍ ပင် အောင်မြင်သွားခဲ့ရသည်။

 

အသိဉာဏ်မဲ့သူများ ဟု ဆိုရာတွင် စုပေါင်း၍ အသိဉာဏ်မဲ့နေကြသည်တော့မဟုတ်၊ အာဏာရှင်၏ စိတ်ကူး စိတ်သန်း အတိုင်း တလုံးတပါဒမျှ ပြန်ပြောရဲခြင်း မရှိ၍ မျက်စိမှိတ်လုပ်ကိုင်ပေးနေရသူများလည်း အများ အပြား ရှိနေကြမည်သာ ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင် စနစ်အောက်တွင် မည်သည့် တိုင်းပြည်မှ နာလံထူခဲ့ရိုး ထုံးစံ မရှိပေ။

 

တော်လှန်ရေးကြီးအား လက်ရုံးရည် ဖြင့် ဆင်နွှဲနေကြသလို နှလုံးရည်ဖြင့် လည်း ညီညွတ်စွာ တိုက်ပွဲ ဝင်ကြရ ပေတော့မည်။

 

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ဟွန်ဆန်သည် ဗီဒီယို ကွန်ဖရင့် မှ တွေ့ဆုံခဲ့ရာ ဟွန်ဆန် မှ အချက် လေးချက် ကို အလေးအနက် တောင်းဆိုခဲ့သည်ဟု သိရသည်။

 

(၁) သူ အပါအဝင် အားလုံး သဘောတူထားသည့် အာဆီယံ ၏ ဘုံရပ်တည်ချက် ငါးချက်ကို အကောင်အထည် ဖေါ်ပေးရန်။

(၂) အာဆီယံ အထူး သံတမန် အမြန် လာရောက်နိုင်ရေးကို စီစဉ်ပေးရန် နှင့် သူ၏ ခရီးစဉ်အပြီး တိုက်ပွဲများ တိုး၍ ဖြစ်ပေါ်လာမှု များ အတွက် စိုးရိမ်မကင်း ဖြစ်ရကြောင်း။

(၃) စစ်ကောင်စီ အပါအဝင် သက်ဆိုင်သူများ အားလုံးက အစွမ်းကုန် ချုပ်တည်းကြရန်၊ အကြမ်းဖက်သူများ ရပ်တန့်ပြီး ငြိမ်းချမ်းရေး အတွက် အဖြေရှာမည့် ဆွေးနွေးပွဲ လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာနိုင်မည့် အပစ်အခတ် ရပ်စဲရေး မျိုး ဖန်တီး‌ပေးရန်။

(၄) မင်းအောင်လှိုင် အနေဖြင့် အခြား အာဆီယံ နိုင်ငံများ၊ နိုင်ငံတကာ နှင့် ပူးပေါင်းပြီး နိုင်ငံတွင်း လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်အောင် ပြုလုပ်ပေးရန် တို့ ဖြစ်သည်။

 

မင်းအောင်လှိုင်ကတော့ ဘာတခုမှ ရေရေရာရာ ပြန်ပြောခြင်း မရှိဘဲ ဟွန်ဆန် အား အာဆီယံ ဥက္ကဌ အဖြစ် အောင်မြင်ပါစေကြောင်း၊ ကမ္ဘောဒီယား နှင့် လက်တွဲ လုပ်သွားမည်သာ ပြောသည်ဟု ကမ္ဘောဒီယား နိုင်ငံ ခြားရေး ဝန်ကြီးဌာန မှ ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ ထိုကြေညာချက်အရ ဆိုမူ ဟွန်ဆန်သာ အများဆုံး ပြောသွားသည်ဟု ခန့်မှန်း၍ ရနေသည်။ ဟွန်ဆန် အဖို့က ဒီထက် ဆက်ပြောကလည်း အသက်ထွက်ဖို့သာ ရှိပေတော့မည်။

 

အကြမ်းဖက်မှု များ မရပ်တန့်က အပစ်ရပ်ရေးကို အကောင်အထည် မဖေါ်နိုင်၊ အပစ်ရပ်ခြင်းမရှိက လူသားချင်း စာနာသည့် အကူအညီများ ပေး၍ မရ၊ အာဆီယံ အထူး သံတမန် နှင့် ဆွေးနွေးနိုင်ခြင်း မရှိက၊ ရွေးကောက်ပွဲ လည်း ဖြစ်မလာနိုင်ဟု အာဆီယံ က ခံယူထားသည်။

 

အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံ တွင် အကျင့်ပျက် ခြစားမှု များ မှိုလိုပေါက်လာခြင်း၊ အုပ်ချုပ်သူများ ကိုယ်နှိုက်က တရားမဝင်နည်းလမ်းများ ဖြင့် ငွေကြေးများရယူနေခြင်း နှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှု များ ကြောင့် သွားရောက် ရင်းနှီးမြှုပ်နှံ ပါက လွန်စွာ အန္တရာယ်များ လှကြောင်း ကုမ္ပဏီများ အား သတိပေးချက် ထုတ်ပြန်လာခဲ့သည်။ ထိုကြေညာချက်ကို အကြမ်းဖက်ဝါဒ နှင့် ဘဏ္ဍာရေး ဆိုင်ရာ သတင်းထောက်လှန်းရေး ဌာန မှ လက်ထောက် ဝန်ကြီး ကိုယ်တိုင် ထုတ်‌ပြန်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အပေါ် အမေရိကန် က မည်သို့ သဘောထားနေသည်ကို သွယ်ဝိုက် ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။

 

ဧရာဝတီ သတင်း အဆိုအရ မြန်မာပြည် ငြိမ်းချမ်းရေး ဆိုင်ရာ တရုတ် အထူး သံတမန် ဆွန်ကော့ရှန် က ၎င်းတို့ နယ်စပ်အနီး အခြေစိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခုနှစ်ဖွဲ့ကို တယ်လီဖုန်းဆက်၍ အပစ်ရပ်ရန် တောင်းဆိုလာသဖြင့် မိမိတို့ မှ နယ်ခြားတလျှောက် စစ်ရေး လှုပ်ရှားမှု များ ရပ်တန့်လိုက်ပြီ ဖြစ်သည်ဟု ကေအိုင်အို ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူး က ပြောသည်ဟု သိရသည်။

 

ဤသည်ကလည်း ပြည်တွင်း တွင် ပြည်သူ့တော်လှန်ရေး အင်အားစုများ အပေါ် အမြန်ဆုံး နှိပ်ကွပ်နိုင်ရန် တရုတ်အား ယခုလို နယ်ခြားရှိ လက်နက်ကိုင်များကို ထိန်းထားပေးရန် ကြံရာမရ ဖြစ်လာသော စစ်ကောင်စီမှ အကြောင်းကြားလာ၍ ဖြစ်မည်ဟု ယူဆရသည်။

 

တိုင်းရင်းသား သွေးစည်းညီညွတ်စွာ အကောင်အထည် ဖေါ်မည့် နိုင်ငံတော်သစ် အတွက် ဖက်ဒရယ် ပဋိညာဉ် စာတမ်း အပိုင်း (၂) ကို အကြေအလည် ဆွေးနွေးပြီး အတည်ပြုနိုင်ရန် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ ၏ ပထမဆုံးအကြိမ် ပြည်သူ့ ညီလာခံကို ဇန်နဝါရီ ၂၇ မှ စပြီး သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့ မှ တက်ရောက်မည် ဖြစ်သည်။

 

စစ်ကောင်စီ အဖို့ က ပြည်သူများ နှင့် ထိတ်တိုက်ရင်ဆိုင် တွေ့လာနေရပြီဖြစ်သည်။ ထိုကဲ့သို့သော အနေအထား မျိုး ကမ္ဘာပေါ်ရှိ မည်သည့် အာဏာသိမ်း အဖွဲ့မှ ကြုံခဲ့ဖူးခြင်း မရှိပေ။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!