အိုင်စီဂျီ အစီရင်ခံစာ (၁၁)

by Hla Soewai - Jan 26 2022

(၄) စစ်တပ်၏ "ငြိမ်းချမ်းရေး ပလန်"



အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ယခင်
နည်းဗျုဟာ အတိုင်းသာ ကျင့်သုံးလာခဲ့သည်။  နိုင်ငံ၏ ပဋိပက္ခများ အားလုံး အပြီးအပိုင် ချုပ်ငြိမ်းသွားနိုင်သယောင် ရှိသည့် ဖြေရှင်းချက် မျိူး ရရှိရန်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နှစ်ဒါဇင်နီးပါးနှင့် ဆယ်စုနှစ် တစု နီးပါးမျှ စုပေါင်းဆွေးနွေးခဲ့ကြမှုသည် ယခုအခါ ယခင် အချိန်များ နှင့် မတူပဲ ကွာခြားမှု ရှိလာခဲ့သည်။



ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီး နောက်တွင်
စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များအား NUG နှင့် ပူးပေါင်းသွားခြင်း မရှိစေရန် ချော့ချီတလှည့်၊ ချောက်ချီ တလှည့်ဖြင့် သိမ်းသွင်းလာခဲ့သည်။ လက်ရှိ မဟာမိတ် အနေအထားကိုလည်း ခိုင်မာအောင် ကြိုးစားလာကြယုံမက ပါတနာ အသစ်များ ရအောင်ပါ လုံးပမ်းလာခဲ့သည်။



NUG ကို အားနည်းသွားစေရန်  ရည်ရွယ်ပြီး လက်ရှိပူးပေါင်း‌နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းစီနှင့် အပြန်အလှန် သဘောတူညီချက်များ ကို တရားဝင်ကော၊ အလွတ်သဘော ပုံစံမျိုးနှင့် ရရှိအောင် လုပ်လာကြသည်။ ထိုကဲ့သို့ ဗျုဟာသည် ၁၉၉၀ အလွန် နှစ်များအတွင်း ကြီးမားသော အကျိုးသက်ရောက်မှု ရရှိခဲ့သည်။



ဤသည်က ဖြစ်ပေါ်နေသော ပဋိပက္ခကို ဖြေရှင်းဖို့ ထက် လက်ရှိ အနေအထား အတိုင်း ထိမ်းသိမ်းထားနိူင်ရန် အတွက် ဖြစ်သည်။ အာဏာသိမ်းခဲ့မှုကြောင့် ယခင်ကကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်မည့် အခွင့်အလန်းများအား ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားခဲ့သဖြင့် ယခု ပုံစံ မျိုးဖြင့်သာ အချိန် အကန့်အသတ် မရှိ ရေရှည်သွားဖို့ ရှိနေပေသည်။



သို့သော် သွေးခွဲ အုပ်ချုပ်သွား‌‌ ရေး ဆိုသည့် မဟာဗျူဟာသည် ၁၉၉၀ ကျော်နှစ်များကဲ့သို့‌ လွယ်လင့်တကူ လုပ်၍ ရနိုင်‌ တော့မည် မဟုတ်ပေ။ ထိုအချိန်က တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းစီ နှင့် အပြန်အလှန် သဘောတူညီချက်မျိုး ရရှိလာခဲ့သဖြင့် နှစ်ပေါင်း လေးဆယ် ငါးဆယ်နီးပါး ဖြစ်ပွား‌နေခဲ့သည် ပဋိပက္ခအား အဆုံးသတ် သွားစေခဲ့သည်။



ထိုစဉ်က စစ်ပွဲကို ငြည်းငွေ့လာနေ‌ကြသော တိုင်းရင်းသား အုပ်စုများနှင့် ၎င်းတို့၏ ခေါင်းဆောင်များသည် အပစ်အခတ် ရပ်စဲပေးလာမှု အား အစကောင်း အဖြစ် ရှုမြင်လာခဲ့သည်။



၂၀၂၁ ခုနှစ် အတွင်း အခြေအနေများက ထိုကာလများ နှင့် လုံးဝနီးပါး ဆန့်ကျင်ဖက် ဖြစ်လာခဲ့သည်။ ရွေးချယ်တင်မြှောက်ခံ အစိုးရကို ဖြုတ်ချ ပစ်လိုက်ခြင်းဖြင့် စစ်တပ်သည် ဆယ်စုနှစ် တစုနီးပါး ကြာညောင်းလာသည့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေမှု များ အ‌ဆုံးသတ်သွားအောင် လုပ်လိုက်သလို ဖြစ်သွားခဲ့ပြီး နောက်တွင် ပဋိပက္ခ များ ထပ်မံ ဖြစ်ပွားလာခဲ့သည်။


တိုင်းရင်းသား ဒေသများ အပါအဝင် တနိုင်ငံလုံးရှိ လူထု တရပ်လုံးက စစ်ပွဲများကို ငြည်းငွေ့လာနေမှုထက် စစ်တပ် အပေါ် ဒေါသအမျက်ချောင်းချောင်း
ထွက်လာခဲ့ကြသည်၊ ထို့အတွက်လည်း တိုင်းရင်းသားများကို ကိုယ်စားပြုနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အဖို့ စစ်တပ်နှင့် ငြိမ်းချမ်းရေး ရအောင် ဆက်လက် ဆွေးနွေးဖို့ ခက်ခဲသွားစေခဲ့ရသည်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အတော်များများသည် စစ်တပ် နှင့် အပစ်အခတ် ရပ်စဲထားမှုများ အရင်ကတည်းက ရှိထားခဲ့သည်။ ၎င်းတို့က NUG နှင့် PDF များကို ထောက်ခံမှု ပေးနေသော်လည်း ရရှိထားသည့် သဘောတူညီချက်ကို
ဆက်လက်လိုက်နာသွားမည်ဟု ပြောလာကြသည်။


ချင်း နှင့် ကယားပြည်နယ် များတွင် လက်နက်ကိုင် အဖွဲ့သစ်များ ပေါ်ပေါက်လာပြီ ဖြစ်၍ ထပ်မံ ဆွေးနွေးရန် ကြိုးပမ်းမည့် အရေးသည် ခက်ခဲလာခဲ့ရပြန်သည်။ အဆိုပါ အဖွဲ့သစ်များနှင့် ဒေသခံ
လက်နက်ကိုင် အဖွဲ့များ အကြား ဆက်ဆံရေးသည်လည်း ရှုတ်ထွေးနေဆဲလည်း ဖြစ်သည်။


အသစ် ပေါ်ပေါက်လာသော ချင်းလန်း ကာကွယ်ရေး တပ်ဖွဲ့၊ ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့များကို စစ်တပ်က အသိအမှတ် ပြုသည့် သဘောမျိုး ရှိလာပါက အာဏာသိမ်းကာလ အလွန် မြန်မာ ပဋိပက္ခများ ဖြေရှင်းရေးတွင်
အဖွဲ့ဝင် အသစ် အဖြစ် အမြဲ တည်ရှိလာတော့မည်
ဖြစ်သည်။ ထိုအခါတွင် စစ်တပ် အဖို့ ပဋိပက္ခများ ကို လက်ရှိ အနေအထားထက် ကျော်မလာအောင် စီမံသွားဖို့က ပို၍ ခက်ခဲလာတော့မည်လည်း ဖြစ်သည်။



(က) ထောက်ခံမှုများရရှိအောင် တိုးမြှင့် ပြုလုပ်
လာခြင်း


စစ်တပ်သည် လက်ရှိရရှိထားသော အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစား‌ခဲ့သည့် အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလည်း တော်လှန်ရေး အင်အားစုများ နှင့် ပူးပေါင်းမသွားရန် ဖျောင်းဖျလာခဲ့သည်။



ဤသည်ကို ၂၀၂၁ ဧပြီလတွင် သိသာထင်ရှားစွာ တွေ့မြင်လာခဲ့ရသည်။ ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ ရာပြည့် နှင့် အောင်ဇော်အေး တို့ နှစ်ဦးသည် ရှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာကာ UWSA နှင့် အ‌ဆိုပါ အဖွဲ့၏ အနီးကပ် မဟာမိတ်ဖြစ်သော SSPP တို့နှင့် ဆွေးနွေးလာခဲ့သည်။


ထွက်ပေါ်လာသော မီဒီယာ သတင်းများအရ အဆိုပါ နှစ်ဖွဲ့အား စစ်တပ်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းသွားရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။
တဖန် ဒီဇင်ဘာလ လယ်တွင် ရာပြည့် ဦးဆောင်သော အဖွဲ့သည် မိုင်းလားသို့ ရောက်လာပြန်ပြီး ဝ အဖွဲ့မှ ဦးဆောင်နေသည့် အဖွဲ့ ခုနှစ်ဖွဲ့ပါ ဖက်ဒရယ် နိုင်ငံရေး ဆွေးနွေးမှူ အတိုင်ပင်ခံ ကော်မတီ နှင့် တွေ့ဆုံခဲ့သည်။ အဓိက ဦးတည်လာသည့် အကြောင်းက NUG ဖက် ပါမသွားကြအောင် ‌သွေးဆောင်နိုင်ရန် အတွက်ပင် ဖြစ်သည်။



စစ်ကောင်စီ ဖက်မှ လွှတ်လိုက်သူများသည် NCA တွင် လက်မှတ်ထိုးထားသည့် အဖွဲ့ငယ် အချို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ၂၀၂၁ နိုဝင်ဘာလ ထဲတွင် ရာပြည့်သည် ကချင် ဘာသာရေး ခေါင်းဆောင်များ နှင့် ငြိမ်းချမ်းရေး အတွက် ကြားဝင် စေ့စပ်ပေးသူများနှင့် တစားပွဲတည်း ထိုင်ကာ KIO နှင့် ဆွေးနွေးနိုင်ရန် ကူညီ‌ ပေးဖို့ ပြောလာခဲ့သည်။



ထိုအထဲတွင် အရေးအပါဆုံး ဖြစ်စဉ်သည်က အထက်တွင် တင်ပြခဲ့သည့် အတိုင်း AA အား နယ်မြေ အမြောက်အမြား ထိန်းချုပ်ရန် ကြိုးပမ်း‌နေမှု များကို သဘောရှိ လုပ်ပိုင်ခွင့် ပေးလာခဲ့ခြင်းပင် ဖြစ်သည်။ ထို့အတွက်လည်း NUG မှ ကမ်းလှမ်းနေသည့်ကြားမှ AA သည် စစ်တပ်ကို တိုက်ခိုက်ခြင်းမျိုး မလုပ်တော့ပဲ ချုပ်တည်းနေခြင်းပင် ဖြစ်သည်။



စစ်တပ်အတွက် နောက်ထပ် အာရုံထား လုပ်ကိုင်ဖို့ရှိလာသည်က နယ်ခြားကာကွယ်ရေး တပ်ဖွဲ့ Border Guard Force (BGF) နှင့် ဖွဲ့စည်းပေးထားသည့်
ဒေသခံ လက်နက်ကိုင် အဖွဲ့များ၏ သစ္စာခံမှု ကို ခိုင်မာအောင် ပြုလုပ်ထားရန် ဖြစ်သည်။ အထင်ရှားဆုံး ဥပမာ ပေးရမည်ဆိုလျှင် ကရင် နယ်ခြားစောင့် တပ်ဖွဲ့ပင် ဖြစ်သည်။



အာဏာမသိမ်းခင်က စစ်တပ်သည် အဆိုပါ အဖွဲ့၏ ထိုင်းနယ်ခြားတလျှောက် ကျယ်ပြန့်လာနေသော တရားမဝင် လုပ်ငန်းများကြောင့် ရန်စောင်နေခဲ့ရာမှ ယခုအခါ ကရင် BGF အား ပြဿနာ ဖြစ်လာနေသည့် ရွှေကိုကို ဒေသတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို ပြန်လည်စတင်ဖို့ ခွင့်ပြုလာခဲ့သည်။ ထို့ပြင် နယ်ခြား ကုန်သွယ်ရေး ဂိတ်များနှင့် ကာဆီနိူကိုပါ ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့သည်။



ယခင် ဗိုလ်နေမြဲ ကျားနေမြဲ အတိုင်း ပြန်လည်ထားရှိပေးခဲ့ပုံရသည်၊ အပြန်အလှန် အနေဖြင့် BGF များသည် KNLA တပ်များနှင့် ထိတ်တိုက်တွေ့လာခဲ့သည်၊ ခေါင်းဆောင်ပိုင်းကလည်း လက်အောက်ငယ်သားများ အကြားတွင် ကရင်လူမျိုး အချင်းချင်း တိုက်ခိုက်ရမည်ကို မလိုလားသူများ ရှိလာ၍ စည်းကမ်းသေဝတ်မှု ရှိအောင် ကွင်းဆင်းစည်းရုံးလာခဲ့ကြသည်။



အခြားဒေသများတွင်လည်း BGF များသည် ဆန္ဒပြသူများကို နှိမ်နှင်းလာပြီး လူသစ်များ စုဆောင်းလာကြသည်။



စစ်တပ်သည် ယခင်က ပေလျကံ ပြုထားသည့် လက်နက်ကိုင် အဖွဲ့များနှင့် ဆက်ဆံရေး ထူထောင်နိုင်ရန် ကြိုးပမ်းလာခဲ့ပြန်သည်။ အထူးသဖြင့် အိန္ဒိယ-မြန်မာ နယ်ခြားတလျှောက်တွင်ရှိ အဖွဲ့များနှင့် ဖြစ်သည်။



မတ်လအတွင်း တမူး နှင့် ကလေး ဒေသများတွင် ဆန္ဒပြသူများအား သေကြေ ဒဏ်ရာရသည့် အထိ နှိမ်နှင်းခဲ့သူများထဲတွင် အိန္ဒိယ မီတီ သူပုန်များ ပါဝင်ခဲ့သည်ဟု သတင်းများ ထွက်လာခဲ့သည်။ နောက်ပိုင်းတွင် မီတီ အဖွဲ့ ခေါင်းဆောင်များသည် စစ်ဖက် အရာရှိများ နှင့် ဆွေးနွေးလာခဲ့ပြီး မိမိတို့ နိုင်ငံအတွင်း လုံခြုံစိတ်ချစွာ နေခွင့်ပေးထားမည် ဖြစ်ပြီး အပြန်အလှန်အ နေဖြင့် အရပ်သား တော်လှန်ရေး အဖွဲ့များကို တိုက်ခိုက်ပေးရမည်ဟု ဖိအားများ ပေးလာသည်ဟု အိန္ဒိယ မီဒီယာများက ရေးသားလာခဲ့ကြသည်။


ထိုအတွက် တော်လှန်ရေး အဖွဲ့များနှင့် တိုက်ပွဲများတွင် မီတီ သူပုန်တပ်ဖွဲ့ဝင် များ ကျဆုံးကုန်ကြသည်။ တီးတိန် မြိုနယ် အတွင်း လှုပ်ရှားနေကြသော ဇိုမီး တော်လှန်ရေး တပ် Zomi Revolutionary Army (ZRA) သည် တော်လှန်ရေး တပ်ဖွဲ့များနှင့် အနည်းဆုံး လေးကြိမ်ခန့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ZRA သည် မြန်မာပိုင်နက်ကို ခြေကုပ်ယူကာ အိန္ဒိယ မဏိပူရ ပြည်နယ် အတွင်း ပုန်ကန်ထကြွနေသည့် အဖွဲ့လည်း ဖြစ်သည်။


ထို့အတွက် အဆိုပါ အဖွဲ့သည် စစ်တပ် နှင့် လက်တွဲဖို့ထက် ၎င်းတို့ အကျိုးရှိရာ ရှိကြောင်းအတွက်သာ လုပ်ဆောင်နေကြသူများ ဖြစ်သည်ဟု ဆိုနိုင်သည်။



ထိုသို့ အိန္ဒိယ နယ်ခြားဒေသများတွင် ဖြစ်ပျက်နေသည်များအတွက် NUG က ကြေညာချက်တရပ် ထုတ်ပြန်လာခဲ့သည်။ အဆိုပါ ကြေညာချက်တွင် မည်သည့် အဖွဲ့အစည်းဟူ၍ အမည်မတပ်ပဲ "အိမ်နီးချင်း နိုင်ငံများ၏ လုံခြုံရေး ကို ခြိမ်းချောက်နေသည်ဟု ယူဆခံထားရသည့် အဖွဲ့များကို မိမိတို့ နယ်နမိတ် အတွင်း အခြေချခွင့် ပြုမည်မဟုတ်" ဟု ပါရှိလာခဲ့သည်။



အခြားဒေသများတွင် စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်တွန်နေသူများကို တိုက်ခိုက်ရန်  BGF များ၊ ဒေသခံ လက်နက်ကိုင် အဖွဲ့များကို တိုးချဲ့ရန် ကြိုးစားခဲ့ယုံမျှမက "ပျုစောထီး" ဆိုသည့် အဖွဲ့သစ်ကိုပါ ထပ်မံ ဖွဲ့စည်းပေးလာခဲ့သည်။


ကချင်ပြည်နယ် မြောက်ဖက်ဖျားမှသည် ပဲခူး၊ဧရာဝတီ ဒေသများအထိ လက်ရှိ တပ်အင်အား တိုးချဲ့ရန် နှင့် စစ်တပ်လိုလားသော ဒေသခံ လက်နက်ကိုင် အဖွဲ့များ ဖွဲ့စည်းနိုင်ရန် အတင်းအကျပ် လူအင်အား စုဆောင်းနေသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာနေသည်။


၎င်းဒေသခံ ပြည်သူ့စစ်များသည် တိုက်ခိုက်ရေးထက် နယ်မြေ လုံခြုံရေး ကို တာဝန် ယူရမည် ဖြစ်သည်၊ သို့မှသာ စစ်သားများကို ပြန်လည် ရုပ်သိမ်းကာ ရှေ့တန်းသို့ စေလွှတ်နိုင်မည်လည်း ဖြစ်သည်။