D-Day နောက်ကွယ်မှ သူလျို မဟုတ်သော သူလျိုများ (၁၀၆)

by Hla Soewai - Jan 26 2022

ပုပ် တယောက် ချွေးပြန်လာနေသည့် အဖြစ်ကို ဟာရီ ကဲ့သို့ပင် ဗီကာရီလည်း ရိပ်စားလာမိသည်။ ထို့အတွက် တချိန်လုံး နှုတ်ဆိပ်နေသော ဗီကာရီသည် စကားစ လာခဲ့သည်။
"ခင်ဗျား ကျွန်တော်တို့ အပေါ် ကွယ်ဝှက်ထားတာတွေ ရှိနေတယ် မစ္စတာ ပုပ်" ယဉ်ယဉ်ကျေးကျေးပင် ပြောဆိုလိုက်သည်၊ "အဲ..ကျွန်တော်တို့ဖက်ကလည်း ခင်ဗျား အပေါ် မရိုးသားခဲ့တာတွေ ရှိနေတယ်၊ ဟုတ်တယ် မဟုတ်လား ဟာရီ"


ဟာရီက "အချိန်ကိုက်ပဲ၊ ပိုင်ပါပေ့ အယ်ဖရက်ရယ်" ဟု စိတ်ထဲ က ရေရွတ်လိုက်သည်။


"အဲ့တာတော့ ဟုတ်တယ်၊ ဒီက မစ္စတာ ပုပ် အပေါ် ကျွန်တော်တို့ မရိုးမသား ဆက်ဆံခဲ့ မိတယ်ဆိုတာတော့ ဝန်ခံရမှာပဲ"


ပုပ်မျက်နှာတွင် ဘာတွေပြောနေလဲ ဆိုသည်ကို နားမလည်နိုင်တော့သည့် အမူအရာများ ‌တွေ့လာရသည်။ "ခင်ဗျားတို့ ဘာ တွေ သောက်ရေးမပါတာတွေ လျှောက်ပြောနေကြတာလဲ"



"ကျွန်တော်တိုက စစ် ဝန်ကြီးဌာန နဲ့ ပတ်သက်နေတဲ့လူတွေပါ၊ အဓိက ကတော့ နိုင်ငံ လုံခြုံရေးကို အပိုင်းကို တာဝန်ယူထားရတယ် ဆိုပါတော့လေ"



ပုပ်၏ မျက်နှာ ကွက်ကနဲ ပျက်သွားသည်၊ "နေပါဦး..ကျုပ်အကို အသတ်ခံရတာနဲ့ စစ်ဖြစ်နေတာနဲ့
ဘယ်လိုများ လာ ပတ်သက်နေရတာတုန်း"


"ကျွန်တော် ခင်ဗျားကို မကွယ်မဝှက် ပြောမှကို ဖြစ်တော့မယ်၊ ဒီမိန်းမက ဂျာမန် စပိုင်တယောက်ဆိုတာ ရယ်၊ ခင်ဗျားတို့ဆီကို အကူအညီတောင်းရအောင် ရောက်လာတယ် ဆိုတာကော ကျွန်တော်တို့ သိထားပြီးပြီ၊ ဒီတော့ ခင်ဗျား အခုကစပြီး အမှန်အတိုင်း မပြောဘူး ဆိုရင်တော့ ကျွန်တော်တို့ဖက်က ပြင်းပြင်းထန်ထန် အရေးယူရတော့မယ်"



ပုပ်က ဟာရီကို သူ့အတွက် ရောက်လာသည့် ရှေ့နေတဦးအလား အားကိုးတကြီး လှည့်ကြည့်နေပြန်သည်။ "ပြောဦး...ကျုပ်ကိုယ်တိုင် ဘာမှန်း မသိလို့ သူသိချင်တာတွေ ဘယ်လို ပြောရမှာလဲ၊ ဒီ အမျိုးသမီးကို လည်း မြင်တောင် မမြင်ဖူးဘူး"



ဗီကာရီ က စိတ်ပျက်လာဟန်ဖြင့် "ကဲ..ဒါဆိုရင်တော့ ခင်ဗျားကို ဖမ်းချုပ်ရတော့မယ်"



"ဘာ အမှု နဲ့ ဖမ်းမှာလဲ"


"သူလျို လုပ်မှု"



"ဘာ...သူလျို ဟုတ်လား၊ ခင်ဗျားမှာ ဘာအထောက်အထားမှ မရှိပဲ ဒီလို လုပ်လို့ ဖြစ်မလားဗျ"



"ကျွန်တော်မှာ ခင်ဗျားကို ဖမ်းချုပ်ထားဖို့‌ အတွက် အမိန့်အာဏာရှိထားပြီးတဲ့ အပြင် အဲ့ဒီလို လုပ်ဖို့လည်း အထောက်အထား အလုံအလောက် ရထားပြီးသား၊  အဲ...မောင်ရင့်ဘဝကို တသက်လုံး ညစ်ပတ်နံစော်နေတဲ့ ထောင်ထဲက အခန်းကျဉ်းလေးထဲမှာ နေမသွားချင်ဘူး ဆိုရင်တော့ သိသမျှ ကို အခုပဲ ပြောပေတော့"


ပုပ်၏ မျက်တောင်များက ပုတ်ခတ် ပုတ်ခတ် ဖြစ်လာသည်။ ဗီကာရီ ကို တလှည့်၊ ဟာရီကို တလှည့် ကြည့်နေပြီး စိတ်ဓါတ်များ ကျဆင်းလာပုံ ရသည်။



"ဗာနွန်ကို ဒီအမျိုးသမီး ခိုင်းတဲ့ အလုပ်ကို လက်မခံဖို့ အကြိမ်ကြိမ် တောင်းပန်နေတာ မရဘူး၊ ဒီအမျိုးသမီး ကို ကြံချင်တဲ့ စိတ်က လွှမ်း နေတယ်၊ တခုခုတော့ မှားတော့မယ် ဆိုဝာာ စိတ်က အလိုလို သိနေတယ်"


"သူက ဘာလိုချင်နေတာလဲ"


"သူက အမေရိကန် အရာရှိ တ‌ယောက်ကို နောက်ယောက်ခံ လိုက်ပေးဖို့ ခိုင်းနေတာ၊ ပြီးရင် လန်ဒန်တဝိုက် ဘယ်သွားတယ်၊ ဘာလုပ်တယ် ဆိုတာ သူ့ကို အပြည့်အစုံ အစီရင်ခံရမယ် ပြောတယ်၊ အဲ့ဒီ အတွက် ပေါင် ၂၀၀ ပေးတယ်၊ နောက်ပိုင်းမှာ အဲ့ဒီ အမျိုးသမီးကို သူ နောက်ယောင်ခံ လိုက်ခိုင်းခဲ့တဲ့ အမေရိကန် အရာရှိနဲ့ တပူးပူး တတွဲတွဲ တွေ့လာရတယ်"



"ဘယ်နေရာတွေ မှာ တွေ့လာတာတုန်း"



" စားသောက်ဆိုင်ကြီးတွေတို့၊ ပြီးတော့ သူ့အိမ်မှာကောပဲ"


"မောင်ရင်က ဘယ်လိုများ သိနေတာတုန်း"


"သူတို့နောက်ကို လိုက်ကြည့်နေလို့ပေါ့"


"သူနာမည်ကို ဘယ်လို ပြောတုန်း"


"ကက်သရင်းပဲ ပြောတယ်၊ နောက်က နာမည်တော့ မပြောဘူး"


"အမေရိကန် အရာရှိ ရဲ့ နာမည်ကကော"


"အမေရိကန် ရေတပ်က ကွန်မန်ဒါ ပီတာ ဂျော်ဒန်"



ဗီကာရီက ချက်ခြင်းလိုပင် ရောဘတ် ပုပ် နှင့် ဒစ်ကီ ဒေါ့ဖ် တို့ နှစ်ဦးစလုံးကို ဖမ်းဆီးလိုက်သည်။ ဒီလို လူလိမ် လူညာ သူခိုးတွေ အတွက် သူရဲ့ ဂတိကို တည်ပြနေဖို့ မလို၊ နောက်တ‌ချက် က ဒီတိုင်း ပြန်လွှတ်ပေးလိုက်က လုပ်ချင်တာ လုပ်လာကြမည့် အဖြစ်သို့ အရောက်မခံနိုင်၊ ဗီကာရီသည် သူတို့ နှစ်ဦးစလုံးကို လန်ဒန် မြို့ပြင်ရှိ MI5 စစ်ကြောရေး အချုပ်ခန်းတွင် ထားရန် စီစဉ်လိုက်သည်။



ဟာရီ ဒေါလ်တန်သည် ချက်ခြင်းဆိုသလိုပင် ဂရိုဗီနာ စကွဲယားရှိ အမေရိကန်တို့ထံ ဖုန်းဆက်ပြီး ပီတာ ဂျော်ဒန် အမည်နှင့် ရေတပ် အရာရှိ အား SHAEF
ဌာနချုပ်တွင် ရှိမရှိကို စုံစမ်းလိုက်သည်။



ဆယ်ငါးမိနစ်ခန့် အကြာတွင် ဖုန်း‌ပြန်ခေါ်လာပြီး
"ဘယ်သူက သိချင်နေတာပါလဲ" ဟု မေးလာသည်၊ ဟာရီက ဂျော်ဒန်၏ တာဝန် ကို မေးသည့် အခါတွင်တော့ "ဒီမေးခွန်း အဖြေကို ကျွန် တော် ကော၊ ခင်ဗျား အဆင့်ပါ သိခွင့်မရှိဘူး"



ဟာရီက ဗီကာရီ အား ပြန်ပြောပြလိုက်သည့် အခါတွင်တော့ ဗီကာရီ မျက်နှာတခုလုံး သွေးမရှိတော့သည့်အလား ဖြူဖတ်ဖြူယော် ဖြစ်သွားတော့သည်။



ဘာဆယ် ဘုသီ ဘယ်မှာ ရှိနေသည်ကို ရှာနေရသည့်အတွက် အချိန် တနာရီ ခွဲခန့် ကုန်သွားခဲ့ပြန်သည်။ အချိန် က စောနေသေး၍ ရုံးသို့ ရောက်လာခြင်း မရှိသေးပေ၊ ဗီကာရီသည် ကာဒိုဂန် ရှိ သူ့အိမ်သို့ ဖုန်းလှမ်းဆက်လိုက်သည်။ သူ့စားဖိုမှုးက အိမ်တွင် မရှိဟု ကျွတ်ဆပ်ဆပ် ပြန်‌ဖြေသံပဲ ကြားခဲ့ရသည်။ သူ၏ အတွင်းရေးမှူးမကလည်း ဆာ ဘက်ဆယ် ဘယ်မှာ ရှိနေသည်ကို သိသိကြီးနှင့် ဝေ့လည်ကြောင်ပတ် ဖြေနေပြန်သည်။ မကြာခင် ရုံးကို ရောက်လာပါတော့မည်ဟု တောင်းတောင်းပန်ပန် ပြောလာသည်။



နောက်ဆုံး ကိုးနာရီ သာသာ ‌လောက်တွင်တော့ ဘုသီ ရုံးသို့ ပေါက်ချလာပြီး မျက်နှာကလည်း မသာမယာ ဖြစ်နေသည်။ နှစ်ရက် နီးပါးမျှ အိပ်လည်း မအိပ်ရ၊ ရေလည်း မချိုးရ၊ အဝတ်အစားပင် လဲဖို့ အချိန်မရသည့် ဗီကာရီ ကတော့ ဘုသီ မျက်နှာ မသာမယာ ဖြစ်နေသည်ကို ဂရုမစိုက်နိုင်၊ ရုံးခန်းထဲသို့ သူ့နောက်က ဝင်လိုက်သွားပြီး အခြေအနေများကို တင်ပြလိုက်သည်။



ဘုသီက သူ့စားပွဲပေါ်ရှိ လုံခြုံစိတ်ချရသော တယ်လီဖုန်း ဖြင့် နံပတ်တခုကို ကောက်လှည့်လိုက်ရင်း တဖက်မှ ပြန်ဖြေမည်ကို စောင့်နေသည်။
"ဟဲလို...ဗိုလ်ချုပ်ကြီး ဘက်စ် ပါလား၊ ကျွန်တော် ဘုသီပါ၊ MI5 က ခေါ်နေတာပါ၊ ကျွန်တော်တို့ ပီတာ ဂျော်ဒန် ဆိုတဲ့ အမေရိကန် ရေတပ် အရာရှိတ‌ယောက် အကြောင်း စုံစမ်းစရာ ရှိလာလို့ပါ"



တဖက်မှ အသံခဏ တိတ်သွားသဖြင့် ဘုသီသည် သူ့လက်ချောင်းများဖြင့် စားပွဲခုံကို ခေါက်ရင်း စောင့်နေသည်၊ ဗီကာရီ ကတော့ ပါးရှား ကော်ဇော် ခင်းထားသော ကြမ်းခင်းကို ဖိနပ်ဦး နှင့် ထိုးနေသည်။



"ဟုတ်ကဲ့ ...ပြောပါ၊ ကျွန်တော် ရှိနေပါတယ်၊ အလို အဲ့လိုလား၊ ဒါဆိုရင်တော့ ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါကို အမြန်ဆုံး ရှာ ပေးပါ၊ သူ့ကို အခု ချက်ခြင်း တွေ့ရမှ ဖြစ်တော့မယ်၊ ဝန်ကြီးချုပ် ရုံးကိုလည်း ကျွန်တော် ကိုယ်တိုင်ပဲ ဖုန်းဆက် အကြောင်းကြားလိုက်ပါမယ်၊ ပြောရရင်တော့ ကျွန်တော်တို့ အားလုံး အတွက် သေရေးရှင်ရေး ပြဿနာကြီး ပေါ်လာနေပြီ ဆိုတာပဲ"


**********************




ဟမ်စတက် ဟိသ်တွင် ကောင်းကင် တခုလုံး ယမ်းမီးခိုးများ ဖုံးလွှမ်းနေသည်ဟု ထင်ရလောက်အောင် မြူများ ဆိုင်းနေပြီး ရာသီဉတု ကလည်း အေးခဲသွားမတတ် ဖြစ်လာနေသည်။ ကက်သရင်း ဘလိတ်သည် သစ်ခေါက်ပင်ကြီးများ အကြားရှိ ခုံတန်းရှည်တခုတွင် ထိုင်နေရင်း စီးကရက်ကို ရှိုက်ဖွာနေသည်။
ပတ်ပတ်လည် ကိုက်ရာပေါင်းများစွာ အထိ ကောင်းစွာမြင်နိုင်သည့် နေရာမျိုးကို တမင် ရွေးချယ်ထားခြင်းလည်း ဖြစ်သည်။ ထိုနေရာမျိုးတွင် သူမတဦးတည်းသာ ရှိမည်ကိုလည်း ကောင်းစွာ ယုံကြည်ထားပြီး ဖြစ်သည်။



နျုမန် က ကုတ်အင်္ကျီထဲ လက်ထည့်ပြီး နှင်းမှုံများ အကြား လျှောက်လာသည်ကို တွေ့လိုက်ရသည်၊ သူပုံစံက တနေရာသို့ သွားစရာ ရှိ၍ သွားနေသည့် အလား၊ ကက်သရင်း ထိုင်နေသည့် နေရာနှင့် ပေအနည်းငယ် အကွာသို့ ရောက်လာသည့်အခါ...
"ကျမ ရှင့်ကို ပြောစရာရှိလို့၊ ဒီနေရာက စိတ်ချရပါတယ်၊ ကျမတို့ချည်းပဲ" ဟု ပြောလိုက်၍ သူမဘေးတွင် ဝင်ထိုင်လိုက်သည်၊ ကက်သရင်းက စီးကရက်တလိပ် ထုတ်ပေးလိုက်၍ လှမ်းယူပြီး မီးညှိကာ ရှိုက်ဖွာနေသည်။


ဖလင်လိပ်များ ထည့်ထားသော စာအိပ်ကို ထုတ်ပေးလိုက်ရင်းက "သူတို့ သိချင်နေတာတွေ ဒီထဲမှာ အားလုံး ပါနေပြီ ဆိုဝာာကို ကျမ အသေအချာ ယုံကြည်ထားတယ်၊ မနေ့ညကမှ အိမ်ကို ယူလာတာ၊ သူလုပ်နေတဲ့ ပရိုဂျက် နဲ့ ပတ်သက်ပြီး အသေးစိတ် ရေးထားတဲ့ စာအုပ်၊ တအုပ်လုံးကို ကျမ ဓါတ်ပုံ ရိုက်ယူလာခဲ့ ပြီးပြီ"



နျုမန်က စာအိပ်ကို အိတ်ထဲ ထည့်လိုက်ရင်းက "ခင်ဗျား အတွက် ဂုဏ်ယူမိပါတယ် ကက်သရင်း၊ ပေါ်တူဂီ သံရုံးက မိတ်ဆွေကြီးဆီ လုံလုံခြုံခြုံ ရောက်သွားအောင် ကျွန်တော် တာဝန်ယူပါတယ်"



"ဖလင်ထဲမှာ နောက်တခုလည်း ပါသေးတယ်၊ အဲ့ဒါ ဘာလဲဆိုတော့ ကျမ တို့ကို ပြန်ခေါ်ထုတ်ဖို့ ဗိုဂဲလ်ဆီ ရေးထားတဲ့ စာပဲ၊ အတော်များများ အမှားတွေ ဖြစ်လာခဲ့ပြီ ဆိုတော့ ကျမတို့ အ‌ယောင်ဆောင် အနေအထားက စိတ်မချရတော့သလို ဖြစ်လာနေလို့ပဲ"



"ကျွန်တော်ကို ပြောပြနိုင်မလား"


"ရှင် သိမထား လေ ကောင်းလေပါပဲ"


"ခင်ဗျားက တကယ် ပရိုဖက်ရှင်နယ်တယောက်ပါ၊ ကျွန်တော်က ခင်ဗျား ခိုင်းတာ လုပ်ပေးဖို့ လွှတ်လိုက်တဲ့ လူပဲလေ"



"လိုအပ်ရင် ချက်ခြင်း ထွက်နိုင်အောင်သာ အသင့်လုပ်ထားပါ" ဟု ပြောရင်း ထထွက်လာခဲ့သည်။


*****************************************