D-Day နောက်ကွယ်မှ သူလျို မဟုတ်သော သူလျိုများ (၁၀၅)

by Hla Soewai - Jan 25 2022

စာမျက်နှာ အနည်းငယ်သာ ကျန်တော့၍ ခပ်သွက်သွက်ပင် ဓါတ်ပုံ ရိုက်ယူလိုက်သည်။။ ပြီးသွားသည်နှင့် စာအုပ်ကို ပြန်ပိတ်ပြီး ဘရိဖ်ကေ့စ်ထဲ ပြန်ထည့်လိုက်သည်။ မီးခံသေတ္တာ တံခါးကို အသာအယာ ပြန်ပိတ်ကာ မော်ဆာ ပစ္စတိုကို ကောက်ယူပြီး မောင်းဆွဲတင်လိုက်သည်။ ထို့နောက် စာကြည့်မီးကို ပြန်ပိတ်၍ တံခါးကို ဖွင့်ကာ အပြင်သို့
ခြေဖျားထောက်ပြီး ထွက်လာခဲ့သည်၊ ဂျော်ဒန်က အပေါ်ထပ်တွင်ပင် ရှိနေဆဲ။



"မြန်မြန် စဉ်းစား ကက်သရင်း"



ဟောခမ်း အဆုံးရှိ ဧည့်ခန်းသို့ လျှောက်လာခဲ့သည်။ မော်ဆာကို ပိုက်ဆံအိတ်ထဲ ပြန်ထဲ့ပြီး ကြမ်းပြင်ပေါ် ချထားလိုက်ကာ မီးကို ဖွင့်လိုက်သည်။ အသက်ပြင်းပြင်း တချက် ရှုသွင်းလိုက်ရင်းက အရက်ပုလင်းများ ရှိသည့် လက်တွန်းလှည်းမှ ဖန်ခွက်တခွက်ကို ကောက်ယူကာ ဘရန်ဒီ ကို ငှဲ့ထည့်လိုက်သည်၊ ထိုအချိန်မှာပင် ဂျော်ဒန်သည် ဧည့်ခန်းထဲ ဝင်လာသည်ကို မြင်လိုက်ရသည်။


**************


ဟာရီ ‌ဒေါလ်တန်သည် ပုပ်ညီအကို၏ ဂိုဒေါင် အပြင်ဖက် မလှမ်းမကမ်း တနေရာမှ  စောင့်ကြည့်ရန် ဌာနမှ ပေးထားသော ကားထဲတွင် စောင့်နေသည်။ သူ နှင့်အတူ  လန်ဒန် မြို့တော် ရဲအဖွဲ့မှ အမှုလိုက် တပ်ကြပ်ကြီး မီဒိုး နှင့် စောင့်ကြည့် ရန် အထူး လေ့ကျင့်ပေးထားသူ ကလိုက်ဖ် ရုခ်ျ လည်း အတူ ရှိနေသည်။


ဟာရီသည် ယာဉ်မောင်းဖြစ်သူ ရို့ခ်ျ၏ ဘေးထိုင်ခုံတွင် ထိုင်နေသည်၊ မီဒိုးကတော့ နောက်ဖက်တွင် ခဏ အိပ်လိုက်ဦးမည်ဆိုကာ လှဲနေသည်။



အာရုံတက်ချိန် ရောက်လာပြီ ဖြစ်သည်။ တညလုံး စောင့်နေရ၍ ပင်ပန်းလာသည့်အပြင် ပျင်းရိငြည်းငွေ့လာနေကြသည်။ ဟာရီ ကိုယ်နှိုက်က ပင်ပန်းလွန်းမက ပင်ပန်းလာနေသော်လည်း အိပ်ဖို့ ကြိုးစားလိုက်တိုင်း ဟိုက်ပတ် ပန်းခြံထဲတွင် အသက်ပျောက်သွားရသည့် ရို့စ်မော်လီ နှင့် ဂရေ့စ် ကလာရင်ဒန်တို့၏ မျက်နှာများက တလှည့်စီ ပေါ်လာနေသည်။ ဂရေ့စ်ဘေးတွင် ဝင်လှဲရင်း သူမအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ တညတာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ချင်သည်။ ဂရေ့စ်သည် သူ့အပေါ် တဖန်ပြန်၍ လွှမ်းမိုးလာခဲ့ပြီ ဖြစ်သည်။




ဗင် ကားတစီး ဂိုဒေါင်ရှေ့သို့ ထိုးဆိုက်လာသော အသံကြောင့် သူ၏ အ‌တွေးများ ပျက်ပျယ်သွားခဲ့ရသည်။ အရပ်မြင့်မြင့် ထွားထွားကျိုင်းကျိုင်း လူတယောက် ယာဉ်မောင်းဘက်ခြမ်းမှ ဆင်းလာသဖြင့် ဖျော့တော့တော့ အလင်းရောင်အောက်တွင်ပင် ဟာရီသည် ဘယ်သူဘယ်ဝါ မှန်း တန်းကနဲ သိလိုက်သည်။



"ဒီလူကို သိလား" ဟု ရို့ခ်ျ က မေးလိုက်သည်။



"အင်း..သိတယ်၊ သူ့နာမည်က ဒစ်ကီ ဒေါ့ဖ်"


"ကြည့်ရတာ တခုခု ပြဿနာ တက်လာပုံရတယ်"



"ဒီကောင်က ပုပ်ရဲ့ လက်ရုံး၊ ကြမ်းဖို့ ရမ်းဖို့ လိုလာရင် သုံးရအောင် လက်သပ်မွေးထားတာ"


'ပြေးရလွှားရ လုပ်ရတော့မယ် ဆိုရင်တော့ ဒီလိုကောင်မျိုး အနားမှာ ရှိထားမှ ဖြစ်မှာ"



"မောင်ရင် ပြောတာ အမှန်ပဲ၊ ကဲ..နောက်က ကိုယ်တော် ထပါတော့"



ဒေါ့ဖ်က ဂိုဒေါင်‌ ဘေးတံခါးကို ဖွင့်ပြီး အထဲဝင်သွားသည်။ တအောင့်လောက် အကြာတွင် တံခါးမကြီးကို မတင်လာသည်ကို တွေ့လိုက်ရသည်။ ဒေါ့ဖ် ပြန်ထွက်လာပြီး ကားပေါ် တက် ထိုင်လိုက်ပြန်သည်။



ရို့ခ်ျ က ကားစက်ကို နှိုးလိုက်သည်၊ နောက်ခန်းရှိ မီဒိုးလည်း နိုးနိုးကြားကြား ဖြစ်လာသည်။


ဒေါ့ဖ် က ကားကို ဂို‌ဒေါင်ထဲ မောင်းသွင်းလိုက်သည်။



ရို့ခ်ျက ဒေါ့ဖ် ဂိုဒေါင်တံခါး ပြန်မပိတ်မီ လီဗာကို ဖိနင်းကာ ကားကို ဂိုဒေါင်ထဲ ခေါင်းထိုး ဝင်လိုက်သည်။



ဟာရီသည် ကားထဲမှ ကမန်းကတန်း ထွက်လိုက်သည်။



"ဟေ့...ဟေ့... ဒါဘာလုပ်တာတုန်း" ဒေါ့ဖ် ၏ အော်သံ ထွက်လာသည်။



"ဟိုဖက်လှည့်၊ လက်ကို မြှောက်ထား၊ ပြီး ပါးစပ်ပါ ပိတ်ထား" ဟု မီဒိုးက အမိန့်ပေးလိုက်သည်။



ဟာရီက ဗင်ကား၏ နောက်တံခါးကို ဆွဲဖွင့်လိုက်ရာ နောက်ခန်း ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ရောဘတ် ပုပ် ကို တွေ့လိုက်ရသည်။ "အလို...မိတ်ဆွေ ဟောင်းကြီး ဟာရီ ‌ဒေါလ်တန် ပါလား" ဟု ပုပ်ထံမှ စကားသံ ထွက်လာသည်။


************************



ကက်သရင်း ဘလိတ်သည် တက္ကဆီ ဖြင့် သူမတိုက်ခန်းသို့ ပြန်လာခဲ့သည်။ မနက် မိုးစင်စင်လင်းလာနေချိန်ဖြစ်၍ ကောင်းကင်သည် ကြည်လင်‌၍ နေသည်။ ဟမ်စတက် ဟိသ် တွင် ဟော့စ် နျုမန် နှင့် တွေ့ရန် ချိန်းထားသည့် အချိန်ရောက်ဖို့ ခြောက်နာရီ ခန့် လိုနေသေးသည်။ မျက်နှာသစ်ပြီး ညဝတ်အင်္ကျီကို ကောက်ဝတ်လိုက်သည်။ သူမအဖို့ နာရီ အနည်းငယ်လောက် အိပ်နိုင်ဖို့ လိုအပ်နေသော်လည်း လုပ်စရာ တခုက ရှိနေပြန်သည်။


ညက လက်ပူးလက်ကြပ် မိတော့မည့် အဖြစ်မှ သီသီလေး ကပ်လွတ်သွားခဲ့သည်။ အကယ်၍ ဂျော်ဒန်သာ စက္ကန့်အနည်းငယ်မျှ စောပြီး အောက်ထပ်သို့
ဆင်းလာမည်ဆိုက သူ့အား မဖြစ်မနေ သတ်ပစ်ရပေတော့မည်။ သူမက ညဉီးပိုင်းက သေမလို ဖြစ်ခဲ့ရသည့် အတွက် အိပ်မပျော်နိုင်တော့၍ စိတ်ငြိမ်သွား‌ အောင် ဘရန်ဒီ တခွက်လောက်သောက်ရန် ဆင်းလာခြင်းဟု ပြောလိုက်ရသည်။ အခုလို ညကြီးမင်းကြီး ထလာရသည့် သူမ၏ အကြောင်းပြချက်ကို လက်ခံလိုက်ပုံ ရသော်လည်း နှစ်ခါမျှ ကြုံလာရမှုကို သံသယ ရှိပုံ ရသည်ဟု ထင်မိသည်။



ဧည့်ခန်းထဲသို့ သွားပြီး စာရေးစားပွဲတွင် ဝင်ထိုင်ပြီး အံဆွဲကို ဆွဲဖွင့်ကာ စာရွက်တရွက် နှင့် ဖောင်တိန်ကို ထုတ်ယူလိုက်သည်။ စာရွက်ပေါ်တွင် "ကျမကို အခု ပဲ ခေါ်ထုတ်ပေးပါ" ဟု ရေးကာ စားပွဲပေါ်တွင် ချထားလိုက်သည်၊ စာကြည့်မီးရောင်ကို စာရွက်ပေါ် ကျအောင် နေရာရွှေ့ပြီး ပိုက်ဆံအိတ်ထဲမှ ကင်မရာကို ထုတ်ကာ သူမ၏ ဘယ်ဖက်လက်ကိုလည်း စာရွက်ဘေးတွင် တင်ပြီး ဓါတ်ပုံ ရိုက်ယူလိုက်သည်၊ သူမ၏ လက်မတဝိုက်ရှိ အမာရွတ်ကို ဗိုဂဲလ်က မှတ်မိ‌နေမည်သာ ဖြစ်သည်၊ ထိုဒဏ်ရာက ရန်သူကို အသံမထွက်အောင် သုတ်သင်ရန် လေ့ကျင့်စဉ်
အတွင်း ရလာခဲ့ခြင်းပင်။ သေချာအောင် လက်မနှင့် စာရွက်ကို နောက်တကြိမ် ထပ်ရိုက်လိုက်ပြီး စာရွက်ကို မီးရှို့ကာ ပြာများကို ရေချိုးခန်းရှိ လက်ဆေးကန်ထဲ လောင်းချ ပစ်ခဲ့သည်။



*****************



အခန်း (၃၆)


LONDON



ဟာရီ ဒေါလ်တန်သည် ပုပ်ထံ မှ ကြားနေရသော အဓိပ္ပါယ် မရှိ လိမ်ညာနေသည့်စကားများကို နောက်တမိနစ်လောက်အထိ ဆက်ပြောနေဦးမည် ဆိုက ကုလားထိုင် တွင် လက်ထိပ်ပူးခတ်ပြီး သွေးပွက်ပွက် အန်သွားအောင် မျက်နှာကို ဖြတ်ရိုက်ပစ်တော့မည်ဟု စိတ်ကူးနေပြီ ဖြစ်သည်။ လောလောဆယ် သူတို့အားလုံး ဂို‌ဒေါင် အောက်ထပ်ရှိ မှန်နဲ့အလုံကာထားသည့် ရုံးခန်းထဲတွင် ရှိနေကြသည်။



ပုပ်က သစ်သားကုလားထိုင် တလုံးတွင် စိတ်မသက်မသာ ဖြင့် ထိုင်နေပြီး ဟာရီက‌တော့ အခန်းထဲတွင်
ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ဗီကာရီကတော့ အခန်းထောင့်ရှိ မှောင်ရိပ်ကျသည့် နေရာတွင် ထိုင်နေရင်း ပြောသမျှကို နားစိုက်ထောင်နေသည်။ ဟာရီ နှင့် ဗီကာရီ တို့ နှစ်ဦးက သူတို့ ဘယ်ဌာနမှ ဖြစ်သည်ကို ထုတ်ပြောမထားသဖြင့် ပုပ်က သူတို့ နှစ်ဦးက လန်ဒန် မြို့တော် ရဲအဖွဲ့မှ အရာရှိများဟုသာ မှတ်ယူနေဆဲပင် ဖြစ်သည်။



တနာရီ နီးပါးမျှ ဟာရီက သူ့ မျက်နှာတည့်တည့်တွင်
ဝှေ့ရမ်းပြနေသော ဓါတ်ပုံထဲရှိ အမျိုးသမီးကို မသိဟု တွင်တွင်ကြီး ငြင်းနေခဲ့သည်။ ပုပ်၏ မျက်နှာပေး
ပမာမခန့် ပုံစံမျိုး နှင့် တည်တည်ငြိမ်ငြိမ်ပင် ရှိနေဆဲ ဖြစ်သည်။ သူသည် ဘဝတလျောက်လုံး မည်သည့် ဥပဒေမျိုးကိုမှ ချိုးဖောက်ခဲ့ဖူးခြင်းမရှိ၊ ထောင်ဆိုသည်ကိုလည်း ဘာမှန်းမသိသည့် လူတယောက် အသွင် ဖမ်းနေသည်။ ဟာရီသည် လက်လျော့ချင်စိတ်ပင် ပေါက်လာသည်။



"ကဲ..နောက်တခါ ပြန်စလိုက်ကြရအောင်"


ပုပ်က သူ့လက်က နာရီ ကို တချက်ကြည့်လိုက်ပြီး
"ဒီနေ့တော့ မလုပ်တော့နဲ့ ဟာရီ၊ ကျွန်တော့်မှာ အလုပ်တွေ ရှိနေတယ်"


ဟာရီက ဆက်ပြီး သည်းခံနိုင်စွမ်း မရှိတော့၊ "မင်း ဒီအမျိုးသမီးကို တခါမှ မမြင်ဖူးဘူးလား"



"မမြင်ဖူးပါဘူးလို့ ပြောနေတာ အခါတရာ မက ရှိနေပြီ"



"မင်း အကို အသတ်ခံရတဲ့ နေ့တုန်းက ဒီအမျိုးသမီး ဂိုဒေါင်ထဲ ဝင်သွားတာ မြင်လိုက်တယ်ဆိုတဲ့ မျက်မြင်သက်သေ ငါ့မှာ ရှိထားတယ်"


"ဒါဆိုရင် ခင်ဗျား သက်သေက မျက်စိမှားတာပဲ ဖြစ်မပေါ့၊ ဘယ်သူလဲ ပြော၊ ကျုပ် အခု တေ့တေ့ဆိုင်ဆိုင် ရှင်းမယ်"


"ဒါဆို မင်းအကို အသတ်ခံရချိန်မှာ မင်း ဘယ်ရောက်နေလဲ ပြော"



"ကျွန်တော် သွား‌နေကျ ကလပ်တွေထဲက တခုမှာ၊ ဒါကိုလည်း သက်သေခံမယ့် လူ တရာလောက် ရှိတယ်"



"ဒါဆို ရဲကို ဘာလို့ ရှောင်နေရတာတုန်း"



"ရှောင်မ‌‌နေပါဘူးလေ၊ ခင်ဗျားတို့ဖာသာ လိုက်ရှာလို့ တွေ့လာတာလေ" ၊ ထို့နောက် ထိုင်နေသည့် ဗီကာရီဖက် ကြည့်လိုက်ပြန်ပြီး "သူကကော စကားမှ ပြောတတ်ရဲ့လား"



"မင်း ပါးစပ် ပိတ်ထား၊ ငါ့ကို ကြည့်၊ ပုပ်ကို ဘယ်သူသတ်သွားတယ် ဆိုတာ မင်း သိထားပြီးသား၊ မင်းနည်း မင်းဟန်နဲ့ လက်စားချေလို့ ရအောင် ရဲ ကို ရှောင်နေတယ် ဆိုတာ ငါတို့သိထားပြီးသား"


"ဟာရီ ခင်ဗျား အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့"



"ပြီးတော့ အစ်လင်တန်က ဘော်ဒါဆောင် ပိုင်ရှင် အမျိုးသမီးကြီးကလည်း သူ့အိမ်ထဲ မင်းတို့ နှစ်ယောက် အတင်းဝင်လာပြီး အဲ့ဒီ အမျိုးသမီးကို လာရှာတယ်ဆိုတာလည်း သက်သေထွက်ဦးမယ်"



"ဒါဆို အဲ့ဒီ အစ်လင်တန်က မိန်းမကြီးလည်း မှားနေတာပဲ ဖြစ်မယ်"


"ငါ့ကို ပေါက်ကရ‌ တွေ မပြောနဲ့ ပုပ်"



"ဒေါသ ထိန်းပါ ဟာရီ"


"မင်း အဲ့ဒီ အမျိုးသမီးကို ပတ်ရှာနေတာ ရက်အတော်ကြာ ရှိနေပြီ၊ အခုထိ ရှာမတွေ့ သေးတာ ကြည့်ပြီး မင်းတို့လို ကောင်မျိုးတွေကိုတောင် ခြေရာဖျောက်နိုင်တဲ့ ဒီမိန်းမက ဘယ်လိုမျိုး ဖြစ်နိုင်လည်း ဆိုတာ တွေးကော တွေးကြည့်မိရဲ့လား"



"ဘာကို တွေးကြည့်ရမှာလဲ၊ ခင်ဗျား ဘာတွေ လာပြောနေမှန်းလည်း ကျွန်‌ တော် နားကို မလည်ဘူး"



"ဒါဆို သူနေတဲ့ နေရာမှာ ဘာလို့ ရှာမ‌တွေလဲဆိုတာကိုကော စဉ်းစားကြည့်ရဲ့လား


"လာပြန်ပြီ၊ ဒီမိန်းမကို တခါမှ မတွေ့ဖူးပဲ ဘာကို သွားရှာရမှာလဲ"


ပြောရင်း ဆိုရင်းက ပုပ်၏ မျက်နှာတွင် ချွေးစီးများ ပြန်လာသည်ကို တွေ့လိုက်ရ၍ တဖြေးဖြေး နှင့် သူလိုချင်သည့် အဖြေထွက်လာတော့မည်ကို ဟာရီ ရိပ်စားမိလိုက်ပြီ ဖြစ်သည်။