ဒေါက်တာ ဆာဆာ စကား

by Hla Soewai - Jan 24 2022

NUG ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာ မှ ဇန်နဝါရီ ၂၀ က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ချင်းပြည်သူများ အနေဖြင့် အာဏာသိမ်း အဖွဲ့မှ ၎င်းတို့ အပေါ်ကျုးလွန်ခဲ့မှု များ အပေါ် နိုင်ငံတကာ တရားရုံး အိုင်စီဂျေ နှင့် နိုင်ငံတကာ ရာဇဝတ်မှုများ ဆိုင်ရာ ရုံးတော် အိုင်စီစီ သို့ တိုက်ရိုက် တရားစွဲဆိုသွားသင့်သည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ အလားတူ ကရင် နှင့် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှလည်း အလားတူ ပြုလုပ်သင့်သည်ဟုလည်း ဆိုသည်။

NUG မှလည်း တိုတယ် နှင့် ချေဗရွန် ရေနံ ကုမ္ပဏီကြီးများအားလည်း အခွန် နှင့် လုပ်ငန်း လုပ်ပိုင်ခွင့် အတွက် ပေးစရာ ရှိနေသော ငွေများအား မိမိတို့ထံ လွှဲပြောင်းပေးသွားရန် တောင်းဆိုလိုက်သည်။

အဆိုပါ ကုမ္ပဏီများ ထွက်ခွာ‌သွားသော်လည်း ကျန်ရှိသည့် အစုစပ် ကုမ္ပဏီများမှ ဆက်လက် လုပ်ပိုင်ခွင့် ရှိ‌နေ၍ စစ်ကောင်စီ အနေဖြင့် များများစားစား ထိခိုက်စရာ မရှိပဲ လုပ်မည့် ကုမ္ပဏီများကို မိမိတို့ သဘောကျ ရွေးချယ် နိုင်စွမ်း ရှိသွား၍ ၎င်းတို့ အိတ်ကပ်များထဲ သို့ ငွေများ ဒလဟော ဝင်လာနိုင်ခွင့် ရှိလာ၍ ပို၍ပင် ချမ်းသာ ကြွယ်ဝနိုင်ပြန်သဖြင့် အဆိုပါ လုပ်ငန်းများကို နိုင်ငံတကာ၏ ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းထဲ အမြန်ဆုံး ထည့်သွင်းရန် လိုအပ်နေသည်ဟု သတိပေးမှု များ ထွက်ပေါ်လာခဲ့သည်။

နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ အိုင်စီဂျီ မှ ရစ်ချတ် ဟိုဆေးက  အဆိုပါ ကုမ္ပဏီကြီးများ ထွက်ခွာသွားမှုသည် နိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ လုပ်ရန် ယုံကြည်မှု ရှိသင့်သည်လား ဆိုသည် အပေါ်  "နိုး" ဟု မဲထည့် လိုက်ခြင်း ဖြစ်၍ အရေးပါလှသော ခြေလှမ်းပင် ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ မှ မြန်မာ စစ်အာဏာသိမ်းအဖွဲ့ မှ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်၏ ခရီးစဉ် အတွင်း အာဆီယံ ၏ အချက် ငါးချက် ကို အကောင်အထည် ဖေါ်ပါမည်ဟု ကတိကဝတ် ပြုခဲ့ခြင်း မရှိသည့် အပေါ် စိတ်မကောင်း ဖြစ်မိကြောင်း ပြောဆိုခဲ့သည်။

လက်ရှိ အာဆီယံဥက္ကဌ အဖြစ် တာဝန်ယူထားသည့် ဟွန်ဆန် နှင့် ဒုတိယ အကြိမ် တယ်လီဖုန်း ဖြင့် ပြောဆို ဆွေးနွေးခဲ့ပြီးနောက် ယခုလို ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တွင် တော့ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ  "ပျံလွှားအောင်" စစ်ဆင်ရေးဖြင့် ဇန်နဝါရီ ၂၂ ရက်နေ့တွင် မြို့နယ် ၇ မြိုနယ်တွင် တိုက်ခိုက်နိုင်ခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!