အိုင်စီဂျီ အစီရင်ခံစာ (၈)

by Hla Soewai - Jan 22 2022

(၃) (ဂ) အမျိုးမျိုး အဖုံဖုံ ကွဲပြားနေမှုများ



စစ်အာဏာသိမ်း အဖွဲ့အား တစုတစည်းတည်း လက်နက်ကိုင် ခုခံ တွန်းလှန်နိုင်ရန် ကြိုးပမ်းသည့်
အနေဖြင့် NUG  သည် ဝါဒရေးရာ၊ ပထဝီ အနေအထား၊ လူမျိုးဘာသာ အစရှိသည်ဖြင့် ပုံစံ အမျိုးမျိုး ဖြင့် ကွဲပြားနေသည့် အုပ်စုများအား ဆွေးနွေးညှိနှိုင်း နေဆဲ ဖြစ်သည်။



ထိုအထဲတွင် အချို့သော် အုပ်စုများသည် အင်အား
တောင့်တင်းလှသည့် လက်နက်ကိုင် တပ်များ နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပုံစံမျိုး ပေးထားသည့် နယ်မြေများကို ပိုင်ဆိုင်ထားကြပြီး ဖြစ်သည်။



အခြား အဖွဲ့များကတော့ လက်နက်ကိုင် စစ်သားလည်း မရှိ၊ နယ်မြေများပါ မရှိသူများ ဖြစ်နေပြန်သည်။



တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်း အကြားတွင်ပင် အကျိုးတူ ညွှန်ပေါင်း အဖွဲ့မျိုး ဖွဲ့စည်း နိုင်ရေး တွင် ယခင်ကာလများကပင် အခက်အခဲများ ရှိနေခဲ့ပြီး ဖြစ်သည်။ နိုင်ငံရေး အရ ပူးပေါင်းဆောင်ရွက်ခြင်းမျိုးကို အကောင်အထည်ဖေါ်ဖို့ ဖြစ်နိူင်သော်လည်း စစ်ရေး နှင့် ပတ်သက်၍ ထိထိရောက်ရောက် တိုင်တိုင်ပင်ပင် လုပ်ကိုင်ရမည်ဆိုလျှင်မူ အဆိုပါ စိတ်ဓါတ်သည် အလျင်အမြန် ကွယ်ပျောက်သွားခဲ့ရစမြဲလည်း ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း အချို့သော လက်နက်ကိုင် အဖွဲ့များသည် CRPH/ NUG တို့နှင့် တသ‌ဘောတည်း ရပ်တည် မလာနိုင်ခဲ့ခြင်းမှာလည်း ရှောင်လွှဲလို့ မရသည့် ဖြစ်ရိုးဖြစ်စဉ် သဘောမျိုး သာလျှင် ဖြစ်ပေသည်။



အချို့သော အုပ်စုများကလည်း တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးအရသော်၎င်း၊ စစ်ရေး အရသော်၎င်း ပူးပေါင်း ဆောင်ရွက်ပါက ၎င်းတို့ အတွက် အကျိုးဖြစ်မလာနိုင်ဟု ရှုမြင်ကြပြန်သည်။



တရုတ်နှင့် နယ်ခြားချင်းထိစပ်နေသော ဒေသများရှိ UWSA နှင့် MNDAA တို့သည် အင်အားကြီးသော လက်နက်ကိုင် အုပ်စုများ ဖြစ်ကြသည့်အပြင် ကိုယ်ပိုင် အုပ်ချုပ်ရေး ပုံသဏ္ဍန်မျိုး ပိုင်ဆိုင်ထားကြပြီး ဖြစ်သည်။ ၎င်းတို့အတွက်က ဖက်ဒရယ်စနစ်
ကြောင့်ပင် လက်ရှိ အနေအထားထက် ပိုလာစရာ မရှိပဲ ယုတ်လျော့သွားဖို့သာ ရှိသည်။



၂၀၁၉ နှစ်ဦးပိုင်းလောက်ကစ၍ AA သည် UWSA ရရှိထားသည့် ကွန်ဖက်ဒရေး ရှင်း ကို နိုင်ငံရေး ရည်မှန်းချက် အဖြစ် ဖေါ်ပြလာခဲ့ကြသည်။ သို့သော် မကြာသေးခင် အချိန်လောက်က လွတ်လပ်သော ရခိုင် နိုင်ငံ ပြန်လည် ထူထောင်နိုင်ရေးဟု ပြောဆိုလာခဲ့သည်။



ရှမ်းလက်နက်ကိုင် အုပ်စု နှစ်စု ဖြစ်သည့် RCSS နှင့်
SSPP တို့သည် ဖက်ဒရယ် စနစ်ကို မည်ကာမတ္တာ
သဘောမျိုး တော့ ထောက်ခံခဲ့ကြသော်လည်း ရှမ်းပြည် မြောက်ပိုင်းနှင့် အလယ်ပိုင်းကို ထိန်းချုပ်နိုင်ရေး အတွက် ၎င်းတို့ အချင်းချင်း တိုက်ခိုက်နေကြဆဲ ဖြစ်သည်ကို ကြည့်ရခြင်းအားဖြင့် စစ်တပ်ကို တိုက်ခိုက်ဖို့ထက် ထိုအရေးကိုသာ ဦးစားပေးနေသည်ဟု ယူဆရသည်။


အင်အားနည်းသည့် လက်နက်ကိုင် အဖွဲ့များသည်လည်း NUG နှင့် မဟာမိတ်ပြုမည် ဆိုက အန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်လာ ပေလိမ့်မည်။  ၎င်းတို့ အင်အား နည်းနေသည်ကို အခွင့်ကောင်းယူကာ စစ်တပ်သည် အလွယ်တကူ ချေမှုန်းနိုင်မည့် ပစ်မှတ် များ အဖြစ် သဘောထားလာပြီး တိုက်ခိုက်လာနိုင်သည့် အပြင် ရရှိပြီးသော အခွင့်အရေးများလည်း ဆုံးရှုံးသွားဖို့ ရှိနေသည်။


လူမျိုးစု အချင်းချင်း ပြိုင်ဆိုင်‌နေမှုသည်လည်း NUG နှင့် ဆက်ဆံရေးကို ရှုပ်ထွေးလာစေသည်။ ဥပမာ ဆိုရမည်ဆိုက TNLA သည် ယခင်က လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခ ထဲ မပါဖို့ စီစဉ်ထားသော်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်ကန်ကွက်မှူများက ၎င်းတို့ ထိန်းချုပ်နယ်မြေများ အနီးထိ ပျံ့နှံ့လာသော အခါတွင်တော့ NUG နှင့် လက်တွဲရန် တိုးတိုးတိတ်တိတ် ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင်
နယ်မြေ ကာကွယ်ရေး အစောင့်သဘော အဖြစ်
တနန်း ဒေသ အုပ်ချုပ်ရေး PDF အဖြစ် ဖွဲ့စည်းပေးလာခဲ့သည်။



သို့သော် ရှမ်း နိုင်ငံရေး လှုပ်ရှားသူများက PDF များသည် TNLA နယ်မြေ အတွင်း နေထိုင်ကြသော အခြားလူမျိုးစုဝင်များကို ခြိမ်းချောက်လာနိုင်သည်ဟု မကျေမနပ် ပြောဆိုလာကြသည်။ အလားတူပင် TNLA နှင့် မဟာမိတ်အဖြစ် အမြဲလို ရပ်တည်လာခဲ့သည့် KIO သည်လည်း လူသိရှင်ကြား ထုတ်မပြောသော်ငြားလည်း၂၀၁၅ နောက်ပိုင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာသည့် ၎င်းတို့ နယ်မြေများ အတွင်း ထိုကဲ့သို့ အင်အားစု တရပ် ပေါ်ပေါက်လာမည့် အရေးကို စိတ်မသက်မသာ ဖြစ်နေကြသည်။



NUG တာဝန်ရှိသူ တဦးက "TNLA သည် သာ မြောက်ပိုင်း ရှမ်းပြည်တွင် အာဏာသိမ်း အဖွဲ့ကို
တိုက်ခိုက်နေသည့် တခုတည်းသော လက်နက်ကိုင် အဖွဲ့ဖြစ်သဖြင့် ကျွန်တော်တို့ နဲ့ လောလောဆယ် သိုသိုသိပ်သိပ် နဲ့ ပူးပေါင်း လုပ်ဆောင်နေကြပါတယ်" ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ၎င်း၏ ပြောဆိုမှုကို TNLA ခေါင်းဆောင်ကလည်း အတည်ပြုခဲ့သည်