D-Day နောက်ကွယ်က သူလျို မဟုတ်သော သူလျိုများ  (၁၀၃)

by Hla Soewai - Jan 22 2022

ဗီကာရီ အခန်း အပြင်သို့ ရောက်သည်နှင့် ဘုသီသည်သူ့စားပွဲပေါ်ရှိ မည်သူမျှ ကြားဖြတ် နားထောင်၍ မရအောင် စီမံထားသည့် တယ်လီဖုန်း မှ စကားပြောခွက်ကို ကောက်ကိုင်လိုက်ရင်း နံပတ်တခုကို လှည့်လိုက်ပြီး တဖက်မှ ပြန်ဖြေလာမည်ကို စောင့်နေသည်။



တဖက်မှ လူက ထုံးစံရှိသည့် အတိုင်း သူမည်သူမည်ဝါ ဖြစ်သည်ကို ပြောမနေတော့ပဲ "ဟဲလို" ဟု စကားစလာသည်။



ဘုသီက လည်း သူ ဘယ်သူ လဲဆိုတာ ထည့်မပြောတော့ပဲ "အခုအတိုင်းဆို ကျွန်တော်တို့ မိတ်ဆွေကြီးက သူ့သားကောင်ကို မိတော့မယ့်ပုံ‌ပဲဗျ၊ ဒုတိယပိုင်းကို စရတော့မယ် ထင်တယ်"


တဖက်မှလူက ခပ်တိုးတိုး နှင့် တစုံတရာ ပြောလိုက်ပြီး ဖုန်းချသွားသည်။


*********************



သူမစီးလာသော တက္ကဆီသည် ပီတာ ဂျော်ဒန် အိမ်ရှေ့သို့ ဆယ်တစ်နာရီထိုးပြီး ငါးမိနစ်ခန့်အကြာတွင် ရောက်လာခဲ့သည်။ ပီတာ ဂျော်ဒန်သည် လက်ထဲတွင် ဓါတ်မီး နှင့် အိမ်ရှေ့ဆင်ဝင်အောက်တွင် ရပ်နေသည်ကို ကက်သရင်း လှမ်းမြင်လိုက်ရသည်။ ဒရိုင်ဘာ အား ကျသင့်ငွေကို ပေးပြီး ကားပေါ်မှ ဆင်းလိုက်သည်။ ထိုအချိန်တွင် လမ်းမတနေရာ မှ ကားစက် နှိုးသံကို ကြားလာရသည်။ တက္ကဆီက မောင်းထွက်သွားခဲ့ပြီ ဖြစ်သည်။


သူမလည်း ဂျော်ဒန် ရပ်နေရာသို့ လျှောက်လာရင်း ကားစက်သံကြားရသည့်ဖက်ကို နားစွင့်နေမိသည်။ ကားစက်သံနှင့် အတူ ကားတာယာ နှင့် ကတ္တရာလမ်း ပွတ်တိုက်သံကိုပါ ကြားလိုက်သည်။ အသံလာရာဖက်သို့ လှည့်ကြည့်လိုက်ရာ ဗင်ကားတစီးက သူမဆီ အရှိန်နှင့် မောင်းဝင်လာသည်။ သူမလည်း ရှောင်ချိန်မရတော့၍ မျက်စိစုံမှိတ်ကာ ရပ်နေမိတော့သည်။



ဒစ်ကီ ဒေါ့ဖ် သည် သူ့ဘဝ တလျောက် လူသတ်မှုကို ကျုးလွန်ခဲ့ဖူးခြင်း မရှိသေးပေ၊ ဆက်ကြေး တောင်း၍ မပေးလျင်ပင် ကျိုးကန်းသွားယုံလောက် ရိုက်နှက်ခဲ့ဖူးသူ ဖြစ်သည်။ သူ့လက်ချက်ဖြင့် လူ့အသက်တချောင်း ဆုံးရှုံးသည်အထိ မဖြစ်ခဲ့ဖူးဟု ပြော၍ ရပေသည်။ သို့သော် ဒီမိန်းမကိုတော့ မြိန်ရည်ရှက်ရည် သတ်ပစ်မည်ဟု ကြိမ်းဝါးထားခဲ့ပြီး ဖြစ်သည်။ သူမ၏ လက်ချက်ဖြင့် ဆရာသမားဖြစ်သူ ဗာနွန် နှင့် ဗီဗီတို့ အသက်ပျောက်ခဲ့ရချေပြီ။




သူမကို သတ်ဖို့ အကြိမ်များစွာ ကြိုးပမ်းခဲ့ဖူးသော်လည်း မျက်ခြေပြတ်သွားရသည်က များ၍ မအောင်မြင်ခဲ့သေးပေ။ အမေရိကန် အရာရှိ တယောက် နှင့် အဘယ်ကြောင့် တပူးတတွဲတွဲ လုပ်နေရသည်ကိုလည်း နားမလည်နိုင်အောင် ဖြစ်နေသည်။



တက္ကဆီသည် အမှောင်ထဲတွင်ပင် မောင်းဝင်လာ
သည်။ ဒစ်ကီသည် ကားစက်ကို အသာအယာ နှိုးပြီး လီ‌ဗာကို မဆိုသလောက်သာ ပုတ်လိုက်သည်။ ထို့နောက် ဂီယာထိုးပြီး စောင့်နေသည်၊ တက္ကဆီ ထွက်သွားပြီး အမျိုးသမီး လမ်းဖြတ်ကူးလိုက်သည်နှင့် လီဗာကို ဖိနင်းကာ အရှိန်ပြင်းပြင်း နှင့် မောင်းထွက်လိုက်သည်။


********************




သူမ ပတ်ပတ်လည် တွင် နူးညံ့နွေးထွေးသော အမှောင်ထုက လွှမ်းခြုံလာသလို ခံစားလိုက်ရသည်။ သိမြင်ခံစားမှု ကင်းမဲ့သွားပြီး နားထဲတွင် အဝေးမှ လာပုံရသော ဆူညံသံမျိူးသာ ကြားနေရသည်။ မျက်စိကို ဖွင့်ကြည့်ဖို့ ကြိုးစားကြည့်သော်လည်း ဖွင့်မရ ဖြစ်နေသည်။ သူမ ၏ အဖေ နှင့် အမေ အကြောင်း ခေါင်းထဲ ရောက်လာသည်၊ မာရီယာ အကြောင်းလည်း တွေးမိပြန်ပြီး သူမသည် စပိန်တွင် ရောက်နေပြီး စမ်းချောင်းဘေးက နေပူရှိန်ကြောင့်
ပူ‌ နွေးနေသော ကျောက်တုံးကြီး ပေါ်တွင် လဲလျှောင်းနေသည်ဟု အိမ်မက် မက်သလို ထင်မြင်လာမိသည်။




စစ်ပွဲကြီးလည်း ဖြစ်လာခဲ့ခြင်း မရှိ၍ ဗိုဂဲလ်သည်လည်း သူမ ဘဝထဲ ရောက်မလာခဲ့၊ သူမ ၏ ခေါင်း
နောက်ဖက်ခြမ်းတွင် နာကျင်နေမှုနှင့် အတူ လေးလံလှသော အရာဝတ္ထု တခုကလည်း သူမ ကိုယ်ပေါ် တက်ဖိထားသလို ခံစားနေမိသည်။ သူမ အဆုတ်ထဲက အောက်စီဂျင်ကို တောင်းဆိုလာနေသဖြင့် ပါးစပ်ဟ ပြီး ရှုရှိုက်ရန် ကြိုးစားကြည့်လိုက်သော်လည်း အသက်ရှုသွင်း၍ မရသလို ဖြစ်နေသည်။ ကြယ်တံခွန် များလို တောက်ပသော အလင်းတန်းများက အမှောင်ထုထဲတွင် ပြိူးပြိုးပျက်ပျက် လက်နေသလို မြင်နေရပြန်သည်။ တစုံတခုက သူမ ကိုယ်အား လှုပ်‌ခါနေသလို ခံစားလာရပြန်သည်။ သူမ နာမည်အားလည်း ခေါ်နေသံကို ကြားရသည်။ ချက်ခြင်းလိုပင် သူမ အသက်ရှင်လျက် ရှိဆဲ ဆိုသည်ကို သိလိုက်ရသည်။



လေကို အငမ်းမရ ရှုရှိုက်နေသည့် အဖြစ်က ရပ်တန့်သွားသည်။ နောက်ဆုံးတွင် တ ဖြေးဖြေး နှင့် အသက်ကို ပုံမှန် ပြန် ရှုနိူင်လာသည်။ မျက်လုံးများကို အားယူ ဖွင့်ကြည့်လိုက်သည့်အခါ ပီတာ ဂျော်ဒန် မျက်နှာကို တွေ့လာရသည်။ "ကက်သရင်း ကိုယ်ခေါ်နေတာ ကြားလား၊ ဘယ်လို နေသေးလဲ၊ ဘုရားရေ ဒါ တယောက်ယောက်က မင်းကို သတ်ဖို့ ကြိုးစားတာပဲ၊ ကိုယ်ပြောနေတာ ကြားလား"

******************************



သူတို့ နှစ်‌ယောက်စလုံးလည်း စားချင်သောက်ချင် စိတ် မရှိကြတော့၊ တခုခု သောက်ဖို့သာ တောင့်တနေမိကြသည်။ ဂျော်ဒန်၏ လက်တွင် ဘရိဖ်ကေ့စ်ကို သံကြိုးနှင့် တွဲချည်ထားသည်ကို သတိထားမိလိုက်သည်၊ ပထမဆုံး အကြိမ် အဖြစ် ယခုလို ပုံစံမျိုးနှင့် အိမ်သို့ ယူလာခြင်းပင်ဖြစ်သည်။



ဂျော်ဒန်သည် စာကြည့်ခန်းထဲ ဝင်သွားပြီး ဘရိဖ်
ကေ့စ် ကို ဖြုတ်လိုက်သည်။ မီးခံသေတ္တာကို နံပတ် များအတိုင်း လှည့်၍ ဖွင့်နေသံကိုပါ ကြားရပြီး၊ ထို့နောက်တွင်  တံခါးကို ဆွဲဖွင့်လိုက်ပုံရပြီး ပြန်ပိတ်သံ ထွက်လာသည်။ ထို့နောက် အခန်းထဲက ပြန်ထွက်လာပြီး ဧည့်ခန်းဖက် လျှောက်သွားသည်၊ ဘရန်ဒီအား ဖန့်ခွက်ကြီး နှစ်ခွက်ထဲ အပြည့်ငှဲ့ထည့်ကာ အိပ်ခန်းရှိရာ အပေါ်ထပ်သို့ တက်လာသည်။



ဘရန်ဒီကို သောက်လိုက်ကြရင်းက သူတို့ နှစ်ဦးစလုံး အဝတ်အစားများ ချွတ်လိုက်ကြသည်။ ကက်သရင်းသည် လက်ထဲက ဖန်ခွက်ကို ငြိမ်အောင် ကိုင်ထားနိုင်ဖို့ အတော်ကြိုးစား ယူနေရသည်။ သူမ၏ လက်များက လှုပ်နေပြီး နှလုံးကလည်း တဆတ်ဆတ် ခုံနေသည်။ သူမ အနေအထား ပုံမှန် မဟုတ်တော့ ဆိုသည်ကို သိနေသော်လည်း ဘရန်ဒီကို ကြိတ်မှိတ်သောက်နေရသည်။ ဘရန်ဒီ၏ တန်ခိုးကြောင့် ခန္ဓာကိုယ် တခုလုံး ပူနွေးလာပြီး နေသာထိုင်သာ ဖြစ်စ ပြုလာသည်။



သူမသည် ပုပ်တို့အား ချည်းကပ်ခဲ့မိသည်ကပင် အမှားကြီး မှားသွားပြီ ဖြစ်သည်ကို သိလိုက်သည်။ အခြားနည်းလမ်းတခုခု စဉ်းစားသင့်သည်၊ ထို့အပြင် နောက်ထပ် အမှားတခုလည်း ထပ်ကျူးလွန်ခဲ့မိပြန်သည်၊ ဤသည်က ရော်ဘတ်ပုပ် နှင့် ဒစ်ကီဒေါ့ဖ် တို့ကို မသတ်ပဲ ချန်ထားခဲ့မိခြင်းပင် ဖြစ်သည်။ အခွင့်အရေးရသည်နှင့် နှစ်‌ယောက်စလုံးကို ကိစ္စတုံး စီရင် ပြစ်သင့်သည်။



ဂျော်ဒန်က ကုတင်ပေါ်ရှိ သူမဘေးတွင် ထိုင်လိုက်သည်၊ "အခုလို ကြုံခဲ့ရတောင် မင်း ဒီလောက်ထိ တည်တည်ငြိမ်ငြိမ် နေနိုင်တာ ကြည့်ပြီး ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး၊ မင်း သေမလို အဖြစ်နဲ့ ကြုံသွားတာဆိုတော့ စိတ်ခံစားမှု တခုခု ပြရင် အံ့ဩမိမှာ မဟုတ်ဘူး"



ဤသည်က နောက်ထပ် အမှားတခု ဖြစ်လာရပြန်သည်၊ သူမအနေဖြင့် ထိတ်လန့်တုန်လှုပ်နေသည့် အမျိုးသမီးတယောက်လို ဟန်ဆောင်နေသင့်သည်။ သူကို  ဖက်ထားပြီး နှစ်သိမ်စကား ပြောလာသည့်အထိ ဖန်တီးသင့်သည်။ သူမအသက်ကို ကယ်ပေးခဲ့သည့် အတွက်လည်း ကျေးဇူးတင်စကားလောက်တော့ ပြောသင့်သည်။ သူမစိတ်ထဲတွင် ရှင်းရှင်းလင်းလင်း တွေးတော ဆင်ခြင်နိုင်စွမ်းများ
ပျောက်ကွယ်ကုန်သည်။ အခြေအနေများက ထိန်းချုပ်နိုင်စွမ်း မရှိ ဗြောင်းဆန်လာနေသည်ကို စိတ်ထဲက သိနေမိသည်။



ဂျော်ဒန်၏ မီးခံသေတ္တာထဲ ရောက်နေသော ဘရိဖ်ကေ့စ် ကိုသာ စိတ်ရောက်နေမိ၍ ဖြစ်သည်။ အထဲတွင် ဘာတွေ ရှိနေနိုင်သလဲကို တွေးနေခဲ့သည်။ အိမ်သို့ လက်ကို သံကြိုးနှင့် ချည် သော့ခတ်ကာ ယူလာသည်ကို ထောက်က စစ်ပွဲအတွက် လွန်စွာ အရေးပါလှသော လျို့ဝှက်ချက်များ ပါလာ၍ပင် ဖြစ်မည်။ မဟာမိတ်တို့၏ ဥရောပ စစ်ရေး စီမံချက် များသည် သူမ၏ လက်တကမ်းအကွာတွင် ရှိနေပြီ ဖြစ်သည်။



တကယ်ကော သူမထင်သလို ရှိနေပြီလား၊ ရှိနေသည် ဆိုစေဦး ဘယ်လို ခိုး၍ ရနိုင်မလဲ၊ သူမသည် အခုလို နေ‌ရခြင်းသည် မလုံခြုံတော့သလို ခံစားလာရသည်၊ ဗြိတိန်တွင် ခြောက်နှစ်မျှ အ‌ယောင်ဆောင် ဘဝဖြင့် နေလာခဲ့ရသည့် အဖြစ်မှ လွတ်မြောက်ချင်နေမိသည်။ ပီတာ ဂျော်ဒန် နှင့်လည်း အခုလို ပုံစံမျိုး နှင့် ဆက်မပတ်သက်ချင်တော့၊ သူ၏ စာကြည့်ခန်းထဲ ခိုးဝင်နိုင်ဖို့ အရေး သူမ ခန္ဓာကိုယ်ကို ညစဉ်လို အသုံးတော်ခံနေရသည့် အဖြစ်ကို လည်း ရွံ့မုန်းလာမိသည်။


ယခု‌ ပေးသော တာဝန် ပြီးသည်နှင့် ပြန်ထွက်လို့ရအောင် တာဝန်ယူမည် ဟု ပေးလာသော ဗိုဂဲလ် ကတိကိုသာ ယုံစားရ‌‌ တော့မည် ဖြစ်သည်။



ကက်သရင်းသည် အဝတ်အစားများ ချွတ်လို့ပြီးသွားသဖြင့် ကုတင်ပေါ်သို့ လှဲချလိုက်သည်။ ဂျော်ဒန်ကတော့ ကုတင်စွန်းတွင် ထိုင်နေဆဲ ဖြစ်ပြီး ဘရန်ဒီခွက်ကို လက်ကကိုင်ရင်း အမှောင်ထဲသို့ ငေးစိုက်ကြည့်နေပြန်သည်။



"အဲ့လို ဖြစ်ရတာလည်း ကျမတို့ အင်္ဂလိပ်လူမျိုး တွေ့ရဲ့ ဣိ‌န္ဒြေသမ္မတ္တိ တခုလိုပဲ ပြောရမလားပဲ၊ အခုလို
အမှောင်ထဲမှာ ကားကြိတ်ခံရမလို ဖြစ်ခဲ့တာတောင်
စိတ်ခံစားချက်ကို ထုတ်မပြနိုင်အောင် ဖြစ်လာတယ်"



"ဒါဆိုရင် မင်းရဲ့ စိတ်ခံစားမှု တွေ ဘယ်လို အချိန်မျိုးကျမှ ပေါ်လာမှာလဲ"



"ရှင် ခုန က နေရာမှာတင် အသက်ပျောက်သွားနိုင်တယ်‌ နော်၊ ဒါနဲ့များ ဘာကြောင့် ကျမကို ဝင်ကယ်ရတာလဲ"



"မင်းကို အခုလို အသိညဏ် ကင်းလွတ်နေတဲ့ တရိစ္ဆာန်လို ကောင်မျိုးက ကားနဲ့ ဝင်တိုက်တော့မှာကို မြင်လိုက်ရတဲ့ အချိန်မှာပဲ ငါ မင်းကို အရူးအမူး ချစ်နေမိပါလား ဆိုတာ ချက်ခြင်းပဲ သဘောပေါက်သွားတယ်၊ အဲ့တာကလည်း အခုမှ ဖြစ်လာတာ မဟုတ်ဘူး၊ မင်း ငါ့ဘဝထဲ ဝင်လာခဲ့တဲ့ အချိန်ကစပြီး ဖြစ်နေတာ ဆိုတာကိုပါ သိသွားတယ်၊ ကိုယ်ကို အခုလို ပျော်ရွှင် လာအောင် ဘယ်သူကမှ လုပ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့မိရာကနေ မင်းက ကိုယ်ကို လုပ်ပေးနိုင်စွမ်း ရှိတာ တွေ့ရတော့ ကိုယ် ဒီအဖြစ်ကို ထပ်ပြီး
ဆုံးရှုံးသွားမှာကို ကြောက်လာမိတယ်"



"ပီတာ" ဟု ငြင်ငြင်သာသာ ခေါ်လိုက်ရင်းက သူမအား ကျောပေးနေဆဲ ဖြစ်သည့် သူ၏ ပုခုံးပေါ် လက်တင်လိုက်ပြီး သူမဘေးသို့ လှဲလာအောင် ဆွဲယူလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ် တခုလုံးက တောင့်တင်းနေသည်။



"သူသေသွားတဲ့ အချိန် အတိအကျမှာ ကိုယ်ဘာလုပ်နေမိလဲဆိုတာ အမြဲလို တွေးနေမိခဲ့တယ်၊ သေခြင်းကို စွဲလန်းနေတယ်လို့တောင် ပြောရမလားပဲ၊ ဒါပေမယ့် ကိုယ့်မှာ အဲ့လို ဖြစ်‌နေခဲ့တာ အတော်ကို ကြာနေပြီ၊ သူ သေသွားတဲ့ အချိန် ကိုယ်အနားမှာ မရှိခဲ့ပဲ၊ ဇနီး ဖြစ်သူက တယောက်တည်း မိုးတွေ သည်း‌နေတဲ့ အချိန် လောင်း အိုင်းလန်း အဝေးပြေး လမ်းမကြီးပေါ် မှာ အသက်ပျောက်သွားရရှာတယ်၊ အဲ့ဒီလို
အနေအထား မှာ ကိုယ် လုပ်ပေးနိုင်တာ တခုခု ရှိပါရက်နဲ့ မလုပ်ခဲ့မိတာလား တွေးနေမိတယ်၊ ဒီညလည်း ရပ်နေရင်းက အဲ့လိုမျိုး နောက်တကြိမ် ထပ်ဖြစ်လာတော့မယ်လို့ စိတ်ထဲ ထင်လာတယ်၊ ဒီတခါတော့ ကိုယ်တခုခု လုပ်နိုင်ပြီလို့ ထင်တာနဲ့ လုပ်ခဲ့တာပဲ"


"ကျမ အသက်ကို ကယ်ပေးခဲ့တဲ့ အတွက် အရမ်းကို
ကျေးဇူးတင်မိပါတယ် ပီတာ ဂျော်ဒန်"



"ကိုယ် မင်းကို ကယ်ခဲ့တာ ကိုယ်ရဲ့ အတ္တစိတ် သက်သက်နဲ့ ဆိုတာ ယုံပါ၊ ကိုယ် မင်းကို တွေ့ရဖို့ အချိန်အတော်ကြာကြီး စောင့်နေခဲ့ပြီးပြီ ကက်သရင်း ဘလိတ်၊ ကိုယ် မင်းမရှိပဲနဲ့ မနေချင်တော့ဘူး"



"ရှင် တကယ် ပြောနေတာလားဟင်"



"ကိုယ့် နှလုံးသားထဲက လာတဲ့ စကားတွေပါကွာ"



ဒီတကြိမ် သူကိုယ်ပေါ် လက်ရောက်သွားသည့် အခါတွင်တော့ သူမဖက်သို့ လှည့်လာသည်၊ သူ့အား အနမ်းမိုး ရွာလိုက်မိပြန်ပြီး "ကျမ ရှင့်ကို အရမ်းချစ်နေမိပြီ ပီတာ" ဟု ပြောလိုက်ပြန်သည်၊ ထိုသို့သော အလိမ်အညာ စကားများ သူမနှုတ်ခမ်းဖျားသို့ အလွယ်တကူ ရောက်လာသည့် အဖြစ်ကိုလည်း အံ့ဩနေမိပြန်သည်။



သူက ချက်ခြင်းလို ဆန္ဒ ရမက်များ ပြင်းပြလာပုံရသည်။ ကိစ္စ ပြီးသွားသည့် အခါတွင်တော့ သူမ ဟက်ဟက်ပက်ပက် ရယ်မိလိုက်သည်။



"မင်း ဘာတွေများ ဒီလောက်တောင် သဘောကျ‌‌နေရတာလဲ" ဟု သူမ ရင်သားများ အပေါ် ခေါင်းတင်ထားရင်းက သူက မေးလိုက်ပြန်သည်။



"ရှင် အခုပဲ ကျမအတွက် ပျော်ရွှင်မှုတွေ ဖန်တီးပေးခဲ့လို့ပေါ့ရှင်၊ ကျမ အရမ်း အရမ်းကို ပျော်‌သွားတယ်"


*****************