အိုင်စီဂျီ အစီရင်ခံစာ (၇)

by Hla Soewai - Jan 21 2022

(၃) (ခ) သမိုင်း အစဉ်အဆက် အမြစ်တွယ်လာသည့် မယုံကြည်မှုများ

 

တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ဒီမိုကရေစီ အင်အားစုများ အကြား အထူးသဖြင့် ဗမာလူများစုများ အကြား အစကတည်းက မယုံမကြည် ဖြစ်နေခဲ့မှုသည် ညီညွတ်သောတပ်ဦး အသွင် ပေါ်ပေါက်ရေးတွင် ဆူးညှောင်ခလုတ် အတား အဆီးကြီးသဖွယ် ဖြစ်လာရသည်။

 

အာဏာမသိမ်းမီက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့မတိုးနိုင် ရှိနေခဲ့မှု ကြောင့် NLD အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများစု အကြား ဆက်ဆံရေးသည် အနိမ့်ဆုံး အဆင့် တွင် ရှိလာခဲ့သည်။ တိုင်းရင်းသား ခေါင်းဆောင်များက NLD သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ မကြာခဏ ဆိုသလို စစ်တပ်ဖက်က ရပ်တည်ခဲ့သဖြင့် နိုင်ငံရေး အရ လိုက်လျောမှု မပေးနိုင်ခဲ့ဟု ယုံကြည်ကြသည်။

 

NLD သည် ရခိုင် နှင့် ချင်းပြည်နယ် တောင်ပိုင်းများတွင် ရခိုင်တပ်တော် AA အား စစ်ဆင်‌ရေးများ ပြုလုပ်ရန် ညွှန်ကြားခဲ့ပြီး အခြား ဒေသများတွင်လည်း စစ်တပ်၏ ရန်လိုမှုများကို ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိသလောက် ဖြစ်နေသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားခဲ့မှု အပေါ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား အဖွဲ့များ က အတော်ပင် စိတ်ပျက်လက်ပျက် ဖြစ်လာခဲ့ကြသည်။ ၎င်းတို့ အဖို့က ထိုသို့ ဖြစ်လာရန် နိုင်ငံရေး အရ သိသိသာသာ အရင်းအနှီး ပေးဆပ်ခဲ့ပြီး မှ ဘာမှ ဖြစ်မလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

တိုင်းရင်းသား ခေါင်းဆောင်များက ဒီမိုကရေစီ အင်အားစုများသည် ၁၉၈၈ အရေးတော်ပုံကြီး အတွင်း ၎င်းတို့ ပေးထားခဲ့သည့် ကတိကို ဖေါက်ဖျက်ခြင်းဟု ယုံကြည်လာကြသည်။ ထိုအချိန်က အချို့သော တိုင်းရင်းသား လက်နက်ကိုင်များသည် ဒီမိုကရေစီ အင်အားစုများကို ထောက်ခံမှု ပေးခဲ့ကြသည်။

 

ထိုကဲ့သို့ သမိုင်းကြောင်းများ ရှိထားခဲ့မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အတော်များများက ယခုအကြိမ် လည်း အဘယ်ကြောင့် ထောက်ခံသင့်ပေမည်နည်းဟူသော အယူအဆကို မေးခွန်းထုတ်လာခဲ့ကြသည်။ ထို့အတွက် CRPH သည်လည်း အထူးကြိုးစား၍ စည်းရုံးလာခဲ့ရသည်။ ၂၀၂၁ ဧပြီလ တွင် ဖွဲ့စည်းခဲ့သော ကြားကာလ NUG အစိုးရ အဖွဲ့ တွင်လည်း NLD ပြင်ပမှ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်များ ပါ ထည့်သွင်း၍ ဖွဲ့စည်းခဲ့သည်၊ AA, TNLA, MNDAA တို့အားလည်း အကြမ်းဖက် အဖွဲ့အစည်းများ အဖြစ် သတ်မှတ်ထားသည့် စာရင်းမှ ဖယ်ရှားပေးခဲ့ပြီး ထိုစာရင်းတွင် စစ်တပ်ကို ထည့်သွင်းလိုက်သည်။

 

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အခြား ပါဝင်ပတ်သက်နေသူများ နှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ ကိုပါ ဖွဲ့စည်းခဲ့ကြသည်။ အရေးပါဆုံး လုပ်ရပ်အဖြစ် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲနိုင်၍ အတွက် စတင် ဆွေးနွေးခဲ့ကြသည်၊ အဆိုပါ ဥပဒေ မူကြမ်းတွင် ပါဝင်မည့် တိုင်းရင်းသား လူနည်းစုများကို အာဏာများ ခွဲဝေ ကျင့်သုံးမည့် ဖက်ဒရယ် နိုင်ငံတော် ထူထောင်ရေးနှင့် စစ်တပ်ကို အရပ်သား အုပ်ချုပ်မှု တွင် ထားရှိရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုလုပ်ငန်းစဉ်များကို ကြိုဆိုခဲ့ကြသော်လည်း NUG/CRPH တို့သည် စစ်မှန်သော ဖက်ဒရယ် စနစ် ထူထောင်ရေး နှင့် အာဏာ ခွဲဝေရေး တို့ အပေါ် ၎င်းတို့တွင် ရှိနေပြီး ဖြစ်သည့် သံသယ စိတ်များကို ပြေပျောက်သွားအောင်တော့ လုပ်နိုင်စွမ်း မရှိသေးပေ။ အဆိုပါ သံသယ စိတ်များကပင် တရားဝင် မဟာမိတ် အဖွဲ့အစည်းများ အဖြစ် ရပ်တည်ရေး အလားအလာ များကို နှောင့်နှေးစေခဲ့ပြီး နိုင်ငံရေး နှင့် စစ်ရေး  ပူးပေါင်းဆောင်ရွက်နိုင်မည့် အတိုင်းအတာများကို ကန့်သတ်ပေးသလို ဖြစ်လာခဲ့ရသည်။

 

အာဏာသိမ်းပြီးနောက် စတင်ခဲ့သော ဖက်ဒရယ် ပဋိညာဉ် စာတမ်း အတွက် ဆွေးနွေးခဲ့ကြစဉ်ကပင် တိုင်းရင်းသား ခေါင်းဆောင်များက ၎င်းတို့၏ စိုးရိမ်မှုများကို တင်ပြခဲ့ကြပြီးလည်း ဖြစ်သည်။ ၂၀၂၁ မတ်လ ၃၁ ရက်နေ့တွင် CRPH သည် ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ခဲ့ကြပြီး အပိုင်း နှစ်ပိုင်း ပါဝင်သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် စာတမ်းကို ထုတ်ပြန်ခဲ့သည်။ အပိုင်း (၁) သည် တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့် အသေးစိတ် ဆွေးနွေးပြီး အနာဂတ် ဖက်ဒရယ် စနစ် အတွက် အခြေခံများ ကို ပါရှိလာခဲ့၍ ကျယ်ကျယ်ပြန့်ပြန် ထောက်ခံ ကြိုဆိုမှု ရရှိခဲ့သည်၊ သို့သော် အပိုင်း (၂) တွင် ပါဝင်သည့် ကြားကာလ အစီအစဉ်များ အတွက် အငြင်းပွားစရာ များ ထွက်ပေါ်လာခဲ့သည်၊ ဆုံးဖြတ်ချက် ချနိုင်သည့် အာဏာကို ၂၀၂၀ ရွေးကောက်ခံ NLD ကိုယ်စားလှယ်များ နှင့် ဖွဲ့စည်းထားသည့် CRPH အပေါ် အပ်နှင်းခဲ့ပြီး တိုင်းရင်းသား လူနည်းစုများ၏ ဩဇာသက်ရောက်နိုင်ခွင့် အနည်းငယ်သာ ပါရှိလာ၍ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အတိုင်ပင်ခံ အဖြစ် ပြန်လည်ထားရှိရန် ပါရှိလာမှု အပေါ်လည်း စိတ်မသက်မသာ ဖြစ်လာခဲ့ကြ၍ CRPH ကတိပြုခဲ့သလို ဖြစ်မလာပဲ ယခင်ကနှင့် ကွဲပြားမှု မဆိုသလောက်သာ ဖြစ်လာခဲ့သည်ဟု ယူဆစရာ ဖြစ်ခဲ့ရသည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အခြား ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်းများ ဖြစ်သည့် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ သပိတ်ကော်မတီများ နှင့် CDM ဦးဆောင် အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ က လုပ်ငန်းစဉ် များ လုံလောက်အောင် အချိန်ပေး၍ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်း မရှိပဲ ကမန်းကတန်း နိုင်လွန်းသည်ဟု ယူဆလာသည်၊ လူထုကို တရားဝင် ချမပြမီ အချို့ကို သုံးသပ်နိုင်ရန် ရက်အနည်းငယ်သာ အချိန် ပေးခဲ့သည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ သည် နောက်ထပ် အခြေအတင် ပြောစရာ ဖြစ်လာခဲ့ပြန်သည်၊ ထိုအဖွဲ့ကို ၂၀၂၁ မတ်လ ၈ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အပိုင်း (၁) အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့သည်။ သို့သော် အဆိုပါ ကောင်စီတွင် မည်သူတွေ ပါဝင်သင့်သည်၊ မည်သည့် ကဏ္ဍမှ တာဝန်ယူသင့်သည်၊ မည်သို့ ဆောင်ရွက်သွားသင့်သည် အစရှိသည်တို့အပေါ်  အငြင်းပွားမှု အများအပြား ထွက်ပေါ်လာခဲ့၍ မူလ စီစဉ်ထားသည့် အောက်တိုဘာ အစောပိုင်း တွင် ထွက်မလာခဲ့တော့ပဲ

တရားဝင် ကြေညာမည့် ရက်ကို နိုဝင်ဘာ ၁၆ ရက်နေ့အထိ ရွှေ့ဆိုင်းပေးခဲ့ရ၍ အာဏာသိမ်းပြီး ကိုးလအကြာမှ ထွက်ပေါ်လာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်၊ ဤသည်ကလည်း ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှု ရရှိလာအောင် စီစဉ်ခဲ့ရခြင်း ပင် ဖြစ်သည်။

 

ထိုအတောအတွင်း တိုင်းရင်းသား ခေါင်းဆောင်များသည် CRPH နှင့် “ရှေ့ပြေး ပုံစံ” ချထားသည့် ကြားကာလ ကောင်စီ နှင့် ထိတွေ့ဆက်ဆံလာခဲ့သည်။ အခြား ပတ်သက်နေသည့် အဖွဲ့အစည်းများ ဖြစ်သည့် သပိတ်ကော်မတီများ နှင့် တိုင်းရင်းသား ပါတီများ အဖို့ ဆွေး‌နွေးပွဲများ တွင် ဘေးထွက် ထိုင်နေရသည့် အဖြစ် ရောက်ခဲ့သည်ဟု ပြောဆိုလာကြသည်။ ထို့အတွက် ၎င်းတို့ ဖာသာ သီးခြား လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လာရန်အထိပင် အချို့က ပြောဆိုလာခဲ့သည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့များ နှင့် နယ်မြေများ ထိန်းချုပ်ထားနိုင်သဖြင့် CRPH သည် အခြား နိုင်ငံရေး အင်အားစုများနှင့် စာလျှင် အထူး အခွင့်အရေးပေး ဆက်ဆံခဲ့သည်။ ထိုသို့ ဆက်ဆံခဲ့စေကာမူ အဆိုပါ အဖွဲ့များသည် နိုင်ငံရေး ဆွေးနွေးပွဲများ နှင့် လက်တွေ့တွင် NUG ဆောင်ရွက်နေမှု များ အပေါ် ကျေနပ်ခြင်း မရှိကြပေ။ တိုင်းရင်းသား ခေါင်းဆောင်များကို ထည့်သွင်းထားသော်လည်း CRPH/ NUG အတွင်းတွင် ဗမာ နိုင်ငံရေး သမားများသာ အရာရာ ကို ပြောပိုင်ခွင့် ရှိနေသူများဟု ထင်မြင်ခံနေရဆဲ ဖြစ်သည်။

 

ကေအင်ယူ အထက်တန်း အရာရှိကြီးတဦးက အိုင်စီဂျီ အား ယခုလို ပြောပြခဲ့သည်။

 

“NUG နဲ့ ကျွန်တော်တို့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့က မဖြစ်နိုင်ဘူး၊ အဲ့လို လုပ်မယ်ဆိုရင် သူတို့ အမိန့်ကို ကျွန်တော်တို့က နာခံရတော့မှာ၊ ကျွန်တော်တို့ တော်လှန်ရေး လုပ်လာတာ နှစ် ခုနှစ်ဆယ် ‌ကျော်ပြီ၊ အတွေ့အကြုံလည်း အများကြီး ရှိနေပြီ။ သူတို့က အခုမှ စလာတာ ဆိုတော့၊ ကျွန်တော်တို့ကို ပဲ တိုင်ပင်သင့်ပေမယ့် မတိုင်ပင်ပဲ သူတို့ လုပ်ချင်ရာ လုပ်နေကြတယ်”