ယခု နှစ် အတွင်း တော်လှန်ရေး အောင်မြင်မှ ဖြစ်မည်ဟု NUG ပြော

by Hla Soewai - Jan 21 2022

မြန်မာနောင်း နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် အမျိုးသား ညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူထားသူ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းမှ ပြည်သူတွေ အတော် ပန်းလာကြပြီ ဖြစ်၍ တော်လှန်ရေးကို ဒီနှစ်တော့ အကျော်ခံ၍ မဖြစ်ဟု ဖွင့်ဟသွားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှူကို ကျော်လွှားနိုင်ပြီဆိုရင် ကောင်းကောင်းကြီး အနိုင်ရနေပြီဟု ‌လည်း ပြောခဲ့သည်။

ဤသည်ကပင် တော်လှန်ရေး အောင်မြင်ရေး အတွက် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေကြောင်း မီးမောင်းထိုးပြသွားခြင်းပင် ဖြစ်သည်။

War on the Rock ဂျာနယ်တွင် အမေရိကန် အစိုးရမှ NDAA ဖြင့် ထိထိရောက်ရောက် အကူအညီပေးလိုလျှင် တိုင်းရင်းသား လက်နက်ကိုင်များထဲမှ မဟာမိတ် အဖြစ် လက်တွဲ၍ ရမည့် အဖွဲ့များကို ရွေးချယ် ချည်းကပ်သွားရမည် ဖြစ်သည်ဟု ရေးသားထားသည်။

အမေရိကန်က အချို့သော အဖွဲ့အစည်းများသည်

တရားမဝင် မူးယစ်ကုန်ကူးမှု၊ အသက်အရွယ် မပြည့်သူများကို စစ်သား အဖြစ် စုဆောင်းခြင်း အစရှိသည်တို့ကြောင့် နောင်တွင် အမှု ပတ်လာမည်ကို စိုးရွံ့နေသည်ဟု အကြောင်းပြခဲ့ကြသည်။ စာစောင်က UWSA, SSA (north) နှင့် AA တို့ကို ထောက်ပြလာခဲ့သည်။

ကျန် အဖွဲ့အစည်းများက လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အရေးတို့တွင် တက်ကြွသော မူဝါဒများ ချမှတ်ထားပြီး ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။

မိမိအမြင်အရ ဆိုလျှင် မြန်မာအား စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တည့်မတ်ပေးရေးတွင် NUG နှင့် မပြီးပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပါ မဖြစ်မ‌နေ ဆက်ဆံရမည် ဖြစ်သည်၊ အမေရိကန်သည် မြေပြင် အခြေအနေများကို ၎င်းတို့ ဖြစ်စေချင်သလိုသာ ပြောင်းလဲလိုခဲ့၍လည်း ဗီယက်နမ်၊ အီရတ်၊ အာဖဂန်နစ္စတန် တို့တွင် ငွေကုန်လူပမ်းသည်သာ အဖတ်တင် ကျန်ရစ်ခဲ့ရစမြဲ ဖြစ်သည်။

တရုတ်တို့ပင် ၎င်းတို့ အသုံးတည့်မည့် အဖွဲ့များကို ပြောင်ပြောင်တင်းတင်း ကျောထောက် နောက်ခံ ပေးနေသည့် အချိန်တွင် အမေရိကန် တို့ အနေဖြင့် မြန်မာ အရေးကို တကယ်တမ်း ကူညီလိုပါက ထိုသို့ ပြုလုပ်သင့်လှပြီ ဖြစ်သည်။ ထိုသို့ လက်နှေးနေခြင်းမှာလည်း မြန်မာ၏ ဘက်မလိုက် နိုင်ငံခြားရေး ဝါဒ ဆိုကာ ၎င်းတို့အား ‌မည်သူမျှ လာရောက် နှောက်ယှက်ခြင်း မရှိအောင် စစ်အစိုးရ အဆက်ဆက်က ကာရံထား၍ မြန်မာသည် အမေရိကန်၏ ရေဒါမှ ပျောက်ကွယ်နေသည်မှာ ကာလကြာမြင့်လှပြီ ဖြစ်နေသောကြောင့်ပင်။

ယခုအခါ စစ်ခေါင်းဆောင်များအား အိုင်စီစီ၊ အိုင်စီဂျေ နှင့် အာဂျင်တီနား သို့ အရောက်ပို့ပေးခဲ့သည့် ARSA အဖွဲ့သည် စစ်ယူနီဖောင်း၊ စစ်လက်နက် အပြည့်အစုံ နှင့် မောင်းတော ဒေသတဝိုက်တွင် ပြန်လည် လှုပ်ရှားလာပြီ ဖြစ်သည်ဟု ဒေသခံများက ပြောသည်ဟု RFA သတင်း တွင် ဖေါ်ပြထားသည်။

ARSA သည် ယခုအခါ စစ်တပ် နှင့် AA တို့နှင့် ရင်ဆိုင်ရဖို့ ရှိနေ၍ တိုက်ပွဲများ ဖြစ်ပွားလာမည့် အရေးကြောင့် ရိုဟင်ဂျာ များ အား ဟန်ပြ လက်ခံရန် စစ်တပ် ၏ အစီအစဉ်သည် ပျက်ပြားလာခဲ့သည်။

ကရင် အမျိုးသား အစည်းအရုံး ကေအင်ယူမှ ကြေညာချက် ထုတ်ပြန်ရာတွင် ဇန်နဝါရီ ပထမ နှစ်ပတ်အတွင်း စစ်ကောင်စီ သစ္စာခံ တပ်များ နှင့် တိုက်ပွဲများ တွင် စစ်သား ၁၆၀ ကျဆုံးပြီး ၁၀၂ ဦး ဒဏ်ရာရရှိသွားကြောင်းနှင့် မိမိတို့ဖက်မှ ၁၃ ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်၊

ယခုအခါ NCA လက်မှတ်ထိုးထားသော ကေအင်ယူအဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်မှာ တလကျော်ခန့် ရှိလာခဲ့ပြီ ဖြစ်သည်။

နိူင်ငံတကာ သဘောတူ လက်မှတ်ရေးထိုးထားသော ဂျီနီဗာ ပဋိညာဉ် စာတမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ခရစ်ယာန် ဘာသာကိုးကွယ်သော တိုင်းရင်းသား အများစု နေထိုင်ရာ ကချင်၊ ချင်း၊ ကရင် နှင့် ကယား ပြည်နယ် ဒေသများရှိ အရပ်ဖက် ပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာ

နေပြီ ဖြစ်၍ နိူင်ငံတကာ တရားရုံးတွင် နောက်ထပ် တမှု နှင့် ထပ်မံရင်ဆိုင်ရဖို့ အချိန် နီးကပ်လာနေပြီ ဖြစ်သည်။

လွန်ခဲ့သော အပတ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သိုလစ် ဘုန်းတော်ကြီးများ ကွန်ဖရင့်မှ ပဋိပက္ခတွင် ပါဝင်နေသူများ အားလုံး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုံခြုံစိတ်ချရမည့် လမ်းကြောင်း ဖန်တီးပေးရန်၊ အရပ်သားများ အပေါ်ပစ်မှတ်ထား တိုက်ခိုက်နေခြင်းများကို ရပ်တန့်ပေးရန် နှင့် ဘုရားကျောင်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ အပေါ် လေးစားသမှု ရှိရန် တိုက်တွန်းသည့် ကြေညာချက် ထုတ်ပြန်လာခဲ့ပြီ ဖြစ်သည်။

စစ်တပ်မှ တရုတ်ပြည်သို့သွယ်တန်းထားသော ရေနံ နှင့် ဓါတ်ငွေ့ ပိုက်လိုင်းများကို ကာကွယ်ရန် သီပေါ မြို့နယ်အတွင်း ဖြတ်သွားသော ပိုက်လိုင်းတလျောက် မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းက ကြေညာချက် ထုတ်ပြန်လာသည်။ ဒေသခံ ပြည်သူများ အတွက် လွန်စွာ အန္တရာယ်များလှသော လုပ်ရပ် ဖြစ်သည်ဟု ထောက်ပြလာခဲ့သည်။ ဒေသခံ ပြည်သူများ မိုင်းထိ မည့် အရေးထက် တရုတ် ပိုက်လိုင်းများကို ကာကွယ် ပေးနေသည်ဟု ပြောနိုင်ဖို့က ပို၍ အရေးကြီး နေပေသည်။

နိင်ငံတကာ မြေမြုပ်မိုင်းများ ပိတ်ပင်ရေး အဖွဲ့ကြီးမှလည်း မည်သို့မျှ ကျိုးကြောင်း မခိုင်လုံ သော လုပ်ရပ် အဖြစ် ရှုတ်ချလိုက်သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Image credit - Original Creator