ဟဲလို..အခု ပြောနေတာ မှုခင်ထောက်လှန်းရေး ကြီးကြပ်ရေးမှုး ကစ်လင်တန်ပါလား၊ ကျွန်တော် အယ်ဖရက် ဗီကာရီပါ၊ စစ်ရုံးက ပြောနေတာပါ၊ နေကောင်းပါတယ်၊ သင့်ကယူ၊ ပြောရမှာတော့ အားနာတယ်၊ ကျွန်တော်တို့ ခင်ဗျားဆီက အလေးအနက် ကူညီတာမျိုး လိုအပ်နေလို့ပါ၊ ကိစ္စကတော့ ပုပ် အသတ်ခံရတဲ့ အမှုပဲ၊ ဒီအမှုကို ကျွန်တော်တို့ဖက်က
နိုင်ငံလုံခြုံရေး နဲ့ သက်ဆိုင်နေတယ်လို သတ်မှတ်လိုက်ပြီ၊ ကျွန်တော်ရုံးက ဟာရီ ဒေါ်လ်တန် ဆိုတဲ့လူ အခုပဲ ခင်ဗျားဆီကို လာတွေ့ပါလိမ့်မယ်၊ ကျွန်တော် ဒီအမှု နဲ့ ပတ်သက်တဲ့ မှတ်တမ်း အပြည့်အစုံ လိုချင်တယ်၊ ဘာကြောင့်လဲ ဟုတ်လား၊ ဆော်ရီးဗျာ..လောလောဆယ် ကျွန်တော် ဒီထက်ပိုပြီး ပြောလို့ မဖြစ်သေးဘူး၊ အခုလို ပူးပေါင်း ကူညီပေးတဲ့
အတွက် ကျေးဇူးပါ၊ ကောင်းသော နေလည့်ခင်း ဖြစ်ပါစေဗျာ"
ဗီကာရီ က တယ်လီဖုန်း စကားပြောခွက်ကို ချလိုက်ရင်း လက်ဝါးနှင့်လည်း စားပွဲကို ရိုက်လိုက်ပြန်သည်။
ဟာရီကို မော့ကြည့်လိုက်သော သူ့မျက်နှာက ပြုံးနေသည်၊ ဟာရီ အဖို့ ဗီကာရီ ပြုံးသည်ကို မမြင်ခဲ့ရသည်မှာ ရက်သတ္တပါတ် များစွာ ရှိနေပြီ ဖြစ်သည်။
************
ကက်သရင်း ဘလိတ်သည် ညအိပ်ညနေ သွားဖို့ သူမ၏ လက်ပွေ့အိတ်ထဲ လက်သုံးတော် ဓါးစူးချွန်၊ မော်ဆာ ပစ္စတို နှင့် ကင်မရာတို့ကို ထည့်နေသည်။ ဂျော်ဒန် နှင့် ညစာ အတူစားဖို့ ချိန်းထား၍လည်း ဖြစ်သည်။ ပြီးလျှင် ဂျော်ဒန် အိမ်သို့ အတူ ပြန်ကြမည်ဟု ယူဆထား၍လည်း ဖြစ်သည်။
လ္ဘက်ရည် ဖျော်သောက်ပြီး ညနေခင်း သတင်းစာများကို လှန်လှောဖတ်ရှု့လိုက်သည်၊ သတင်းစာတိုင်းတွင် ဟိုက်ပတ် ပန်းခြံထဲတွင် ရို့စ် မော်လီ အသတ်ခံရမှုကို သတင်းထူး အဖြစ် ဖေါ်ပြခဲ့ကြသည်။ ရဲအဖွဲ့က လုယက်ဖို့ ကြိုးစားရင်း လက်လွန်ခြေလွန် ဖြစ်သွားသည်ဟုသာ ယုံကြည်နေကြသည်။ ထိုအမှူ အတွက် သံသယ ရှိနေ သူ နှစ်ဦးကို ပင် ရွေးထုတ်လာခဲ့ပြီ ဖြစ်သည်။ သူမ ထင်ထားသလို ကွက်တိဖြစ်လာခဲ့သည်။
အဝတ်အစားများ ချွတ်ကာ ရေကို တဝကြီး ချိုးလိုက်သည်၊ စိုနေသော ဆံပင်များကို မျက်နှာသုတ် ပုဝါ နှင့် သုတ်နေရင်း က တယ်လီဖုန်း မြည်လာသည်။
ဗြိတိန် တနိုင်ငံလုံးတွင် သူမ နံပတ်ကို သိသူ ဟူ၍
တယောက်သာ ရှိသည်။ ထိုသူက ပီတာ ဂျော်ဒန်ပင် ဖြစ်သည်။ ကက်သရင်းက တဖက်က သူ့အသံကို
ကြားလိုက်ရ၍ အံ့အားသင့်ဟန် ဆောင် လိုက်သည်။
"ကိုယ်ဒီည ညစာအတူ စားဖို့ ချိန်းထားတာ ဖျက်ရတော့မယ့် အကြောင်း ပြောမလို့၊ အရမ်းကို အရေးကြီးတဲ့ ကိစ္စတခု မထင်မှတ်ပဲ ပေါ်လာတာကြောင့်"
"ကျမ နားလည်ပါတယ်လေ"
"ကိုယ် ခုထိ ရုံးမှာပဲ ရှိနေသေးတယ်၊ ဒီည အဖို့ တော်တော်နဲ့ အိမ်ပြန်နိုင်မှာ မဟုတ်တော့ဘူး"
"ပီတာ ..ရှင့်အနေနဲ့ ကျမကို ဒီလောက်အထိ ရှင်းပြ မနေသင့်ဖူးနော်"
"ကိုယ် သိပါတယ်၊ ဒါပေမယ့် ပြောပြချင်နေမိလို့၊ မနက်ဖန် မနက် အစောကြီး လန်ဒန်ကနေ အပြင်သွားရဦးမှာ ဆိုတော့ ဒီည အဖို့က လုပ်စရာ အတော်များများ ရှိနေတယ်"
"ကျမကတော့ ဘာမှ မဖြစ်သလိုတော့ ဟန်ဆောင်မနေချင်ဘူး၊ ဒီည ရှင်နဲ့ အတူ ရှိနေမယ်လို့ မျှော်လင့်နေမိတာ၊ မတွေ့ရတာလည်း နှစ်ရက်တောင် ရှိသွားပြီ"
"ကိုယ့် အဖို့က တလလောက် တောင် ကြာပြီ မှတ်နေမိတာ၊ ကိုယ်လည်း တွေ့ချင်တာပါပဲ"
"ဒီည လုံးဝ တွေ့လို့ မရတော့တဲ့ အခြေအနေမျိုးလားဟင်"
"အနည်းဆုံးတော့ ည ဆယ်တစ်နာရီ လောက်အထိ အိမ်ပြန်ရောက်မယ် မထင်ဘူး"
"ဒါဆိုဖြစ်ပါတယ်"
"ပြီးတော့ ကိုယ့်ကို မနက် ငါးနာရီ မှာ ကား နဲ့ လာခေါ်ဖို့ ရှိနေတယ်"
"ဒါလည်း ဖြစ်တာပဲ"
"ဒါပေမယ့်...ကက်သရင်း....."
"ဒီမှာ ကျမပြောမယ်၊ ည ဆယ်တစ်နာရီမှာ ရှင့် အိမ်ရှေ့ လာစောင့်နေမယ်၊ ပြီးရင် ရှင်တခုခု စားလို့ရအောင် ချက်ပေးမယ်၊ ရှင်အဖို့ မနက်ဖန် အတွက်
စိတ်အေးလက်အေး နားနားနေနေ နေလို့ရအောင်လေ"
"ကိုယ်က အိပ်ရမှ ဖြစ်မှာ"
"ကျမ ရှင့်ကို အိပ်ခွင့်ပေးပါမယ်တဲ့ ရှင်၊ ကတိပေးပါတယ်"
"ကိုယ်တို့ အခုနောက်ပိုင်း အတော်နောက်ကျမှကို အိပ်ဖြစ်နေကြတာနော်"
"အိုကေ...ဆယ်တစ်နာရီ မှာ တွေ့ကြမယ်"
"အဆင်ပြေလွန်း လှပါလား"
**************
ဘုသီ ရုံးခန်း၏ ဆင်နားရွက်တံခါး ပေါ်တွင် မီးနီ လင်းနေသည်မှာ အချိန် အတော်ကြာနေပြီ ဖြစ်သည်။ ဗီကာရီက ဘဲလ်ကို ဒုတိယ အကြိမ် နှိပ်ရန် လက်လှန်းလိုက်ရင်း က ဘုသီ၏ စည်းမျဉ်းကို ပြောင်ပြောင်တင်းတင်း ဖေါက်ဖျက်သလို ဖြစ်နေ၍ လက်ကို ပြန်ရုတ်လိုက်သည်။
တံခါး တဖက်တွင် အခြေအတင် ပြောနေသော လူနှစ်ဦး ၏ အသံကို ကြားနေရသည်။ တဦးက အမျိုးသမီး ဖြစ်ပြီး ကျန်တဦးက ဘုသီ ဖြစ်နေသည်။
"ရှင် ကျမ ကို အဲ့လို လုပ်လို့ မရဘူး" ဟု ပြောလိုက်သော အမျိုးသမီး အသံက ဒေါသကြောင့် ရုတ်ခြည်းကျယ်ကျယ်လောင် လောင် ထွက်လာသည်။ ဘုသီကတော့ လေသံအေးအေး နှင့် ပြန်ပြောနေသည်။ သူလေသံက ခပ်ဆိုးဆိုး ကလေးတယောက်ကို တိုးတိုးတိတ်တိတ် ဆုံးမနေသည့် မိဘတယောက်နှင့် တူနေသည်။ ဗီကာရီ က သူတို့ ပြောနေသည်များကို ကြားရန် တံခါးရွက်အကြား ဟနေသော နေရာနား သို့ နားနှင့် ကပ်ကာ နားထောင်လိုက်သည်။
"လူယုတ်မာ၊ ရှင်ဟာ တကယ်ကို အယုတ်တမာ" ဟု
အမျိုးသမီးက စူးစူးဝါးဝါး အော်လိုက်ပြန်သည်။ ထို့နောက်တွင်တော့ တံခါးကို ဆောင့်ဖွင့်လိုက်သံနှင့် အတူ အပေါ်က မီးသည် ရုတ်ခြည်းဆိုသလို စိမ်းလာသည်။
ဗီကာရီက သူရပ်နေသော တံခါး မဟုတ်မှန်း သိလိုက်သည်၊ ဆာ ဘက်ဆယ် ရုံးတွင် သီးသန့် ဝင်ထွက်လို့ ရသည့် တံခါးပေါက် ရှိမှန်း သိထား၍လည်း ဖြစ်သည်၊ ထိုတံခါးကို ဆာ ဘက်ဆယ်နှင့် ညွန်ချုပ်သာ သုံးသည်၊ အကယ်၍ ဗီကာရီသာ အခန်းထဲ လှမ်းမဝင်သေးပဲ စင်္ကြန်လမ်း ဒေါင့်ချိုးမှ ထွက်လာသော အမျိူးသမီး ဘယ်သူ ဘယ်ဝါ ဖြစ်မည်ကို သိရန် စောင့်ကြည်လိုက်သည်၊ အမျိုးသမီး၏ ဒေါသတကြီး လျှောက်သွားသော ဒေါက်မြင့် ဖိနပ်သံကိုသာ ကြားရ၍ လှမ်းကြည့်လိုက်ရာ ဂရေ့စ် ကလာရင်ဒန် ဖြစ်နေသည်၊ ဂရေ့စ်က သူမ၏ မျက်လုံးစိမ်းများဖြင့် ဗီကာရီအား ရွံရှာသည့် ပုံမျိုး လှည့်ကြည့်လိုက်ရင်းက မျက်ရည်များ ပါးပြင်ပေါ်ကို စီးကျလာပြန်သည်။ သူမက မျက်ရည်များကို ကပြာကယာ သုတ်လိုက်ပြီး စင်္ကြန်လမ်းအတိုင်း ခပ်သွက်သွက်
လျှောက်ထွက်သွားသည်။
*************
ဘုသီ အခန်းထဲတွင်တော့ သူ၏ စားပွဲပေါ်တွင် ထွန်းထားသော စာကြည့်မီးလုံး အလင်းရောင်မှ လွဲ၍ တခန်းလုံး မှောင်မဲနေသည်။ ဘုသီ၏ တံတောင်ဆစ် နားတွင် မသောက်ပဲ ထားသည့် စီးကရက်မှ ထွက်လာသော ဆေးလိပ်နံ့များ ထွက်နေသည်။ ဘုသီက ရှပ်အင်္ကျီလက်ကို ပင့်တင်ကာ ဖိုင်တဖိုင် နှင့် အလုပ်များနေသည်။ သူ့ဝင်လာသည်ကို မော့မကြည့်ပဲ လက်ထဲက ရွှေရောင် ဖောင်တိန် ဖြင့် သူ့ရှေ့စားပွဲတွင် ဝင်ထိုင်ရန် လက်ပြလိုက်သည်။ "ကဲ..ပြော၊ ကျွန်တော် နားထောင်နေတယ်" ဟုလည်း ပြောလိုက်ပြန်သည်။
ဗီကာရီ က ခပ်မြန်မြန် ပဲ နောက်ဆုံး အခြေအနေများကို ပြောပြလိုက်သည်၊ ရို့စ် မော်လီ အသတ်ခံရမှူ အတွက် တနေ့တာ စုံစမ်းရခဲ့သမျှ ကို ပြန်ပြောပြနေခြင်း ဖြစ်သည်။ ထို့အပြင် ဗာနွန် ပုပ် အသတ်ခံရမှု နှင့် ဂျာမန် အေးဂျင့် တို့ ဆက်စပ်မှု ရှိနိုင်ခြေများနှင့် ညီဖြစ်သူ ရော်ဘတ် ပုပ် ကို မဖြစ် မနေ တွေ့အောင်ရှာဖို့ လိုလာသည်ကိုပါ တလက်စာတည်း ပြောပြလိုက်ပြီး ထိုကိစ္စ အတွက် ရနိုင်သလောက် လူအင်အား များ ပေးရန်ပါ တောင်းခံလိုက်တော့သည်။
ဗီကာရီ ပြောပြနေသည်များကို ဘုသီသည် စကားတလုံးမျှ မပြောပဲ ကျောက်ရုပ်တရုပ် အလား နားထောင်နေသည်၊ အမြဲလို ဂဏှာမငြိမ် လုပ်တတ်သည့် သူ့အမူအကျင့်များ လည်း မတွေ့ရတော့ပဲ အာရုံစိုက် နားထောင်နေသည်။
"ဒီတိုင်းဆိုရင်တော့ ဒီအမှု နဲ့ ပတ်သက်ပြီး ပထမဆုံးကြားရတဲ့ သတင်းကောင်းလို့ ပြောရမှာပဲ၊ ဒီလူသတ်မှူ တွေ တခုနဲ့ တခု ခင်ဗျား ပြောသလို ဆက်စပ်မှု ရှိနေပါစေလို့ပဲ ဆုတောင်းရမှာပဲ၊ ဒါကလည်း ခင်ဗျား အကျိုး အတွက် ပြောတာနော်"
ထို့နောက်တွင် တော့ စိတ်ရှည်ရှည်ထားဖို့ နှင့် ကွင်းဆင်း စစ်ဆေးဖို့ အရေးပါပုံများကို လျှောက်ပြောနေပြန်သည်၊ ဗီကာရီသည် သူပြောသည်များကို နားထောင်ရင်း ဂရေ့စ် ကလာရင်ဒန် နှင့် ခုနက ဘာဖြစ်တာလဲ ဟု မေးရန် လျှာ ယားနေမိသည်။
ထိုသို့ မေးလာက "သိဖို့ လိုအပ်မှ သိရမည်" ဟု လက်ချာ အရိုက်ခံရနိုင်သည်။
ဗီကာရီ စိတ်ထဲတွင် သူ့ကြောင့် ဂရေ့စ် ဒုက္ခရောက်ရပြီ ဆိုကာ အတော် စိတ်မကောင်း ဖြစ်နေမိသည်။ မည်သို့မျှ အကျိုးမရှိပဲ ဘုသီ နှင့် ငြင်းခုံရာတွင် သူ့ဖက်က အသာရလိုဇောဖြင့် အာချောင်မိ၍ ဖြစ်လာရခြင်းပင်၊ သူမအား အလုပ်မှ တခါတည်း ဖြုတ်ပစ်လိုက်ပြီလား၊ သို့တည်းမဟုတ် ပြင်းပြင်းထန်ထန် သတိပေးယုံလောက်နှင့် အဆုံးသတ်သွားတာလား ဆိုသည်ကိုလည်း တွေးနေမိသည်။
ဂရေ့စ်သည် ဝန်ထမ်းအားလုံးထဲတွင် အထက်မြက်ဆုံး နှင့် အလုပ်ကို တန်ဖိုးထား လုပ်တတ်သူလည်းဖြစ်၍ ဘုသီသည် သူမကို သက်ညှာပေလိမ့်မည်ဟုလည်း မျှော်လင့်နေမိသည်။
"ကဲ..ကျွန်တော် အခုပဲ စောင့်ကြည့်ဖို့ ထားတဲ့ အဖွဲ့ လူကြီးဆီ ဖုန်းဆက်ပြီး ခင်ဗျား လိုသလောက် လူ အင်အား ပေးဖို့ ပြောလိုက်မယ်"
"ကျေးဇူးပဲ ဆာ ဘက်ဆယ်" ဟု ပြောရင်း ဗီကာရီ က ထ ရပ်လိုက်သည်။
"ဒီအမှု နဲ့ ပတ်သက်ပြီး ခင်ဗျား နဲ့ ကျွန်တော်အကြား
သဘောကွဲလွဲတာတွေ ရှိခဲ့ပေမယ့် ဒီတခါတော့ ခင်ဗျား အယူအဆ မှန်ပါစေလို့ တကယ်ပဲ မျှော်လင့်နေမိပါတယ်၊ ပြီးတော့ ခုနကပဲ ညွန်ချုပ်နဲ့ ကျွန်တော် ဖုန်းပြောခဲ့ပြီးပြီ"
"အိုး"
"သူက ခင်ဗျားကို သူ့ထုံးစံ အတိုင်း နောက်ထပ် ၂၄ နာရီ အချိန်ပေးလိုက်ပြီ၊ ဒီအတောအတွင်း ဘာမှ ထူးခြားမလာရင်တော့ ခင်ဗျားကို အမှုကိုင် အရာရှိ အဖြစ်ကနေ ဖယ်ရှားရတော့မယ်"
****************