အိုင်စီဂျီ အစီရင်ခံစာ (၆)

by Hla Soewai - Jan 19 2022

(၃) ညီညွတ်သည့် တပ်ဦး အသွင် ပေါ်ပေါက်လာရေး အလားအလာ

 

တော်လှန်ရေးကြီး အောင်မြင်ဖို့ အရေးသည် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် အတူ လက်တွဲ၍ လုပ်မှ ဖြစ်မည်ကို NUG နှင့် CRPH က မဆိုင်းမတွပင် အသိအမှတ် ပြုလာခဲ့ကြသည်။ ၎င်းတို့ ဆက်လက်ရပ်တည်ရေး အတွက်လည်း အတိုင်းအတာ တခုအထိ အမှီသဟဲပြုသွားရလိမ့်မည်ကိုလည်း သိရှိထားကြသည်။ မြန်မာ စစ်တပ်အတွက်ကတော့ အသစ်ဖွဲ့စည်းလာသည့် PDF များ နှင့် တိုင်းရင်းသား လက်နက်ကိုင်များ “စည်းလုံးညီညွတ်စွာဖြင့် တစုတစည်းတည်း ခုခံ” လာမည့် အရေးက အိမ်မက်ဆိုးကြီး တခုပင် ဖြစ်ပေတော့သည်။

 

လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်း များစွာကပင် တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်း မဟာမိတ်ပြုလာကြမည့် အရေးကို သွေးခွဲ အနိုင်ယူသည့် ဗျုဟာ ကျင့်သုံးကာ ရှောင်ရှားနိုင်ခဲ့ကြသည်။ ၎င်းတို့ အချင်းချင်း ကြားလည်း ထိုသို့ မဟာမိတ်အသွင် အခိုင်အမာ တည်ဆောက်နိုင်စွမ်း မရှိခဲ့မှုမှလည်း အကျိုး ဖြစ်ထွန်းလာခဲ့သည်။

 

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ညီညွတ်သည့် တပ်ဦး အသွင် ပေါ်ပေါက်လာရေး လမ်းကြောင်းတွင် ယခင် ကြုံတွေ့ခဲ့ရပြီး ဖြစ်သော အခက်အခဲများ အသစ်တဖန် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် အတိုက်အခံ လှုပ်ရှားမှုများကို ကူညီပေးလာခဲ့ကြသည်။

 

(က) ဖက်ဒရယ် အာမီ သို့မဟုတ် ဝေးကွာနေသော အိမ်မက်

 

အတိုက်အခံ အင်အားစုများသည် အာဏာသိမ်းပြီးနောက်တွင် စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ပူးပေါင်းမှု အတိုင်းအတာကို အာရုံထား စောင့်ကြည့်လာခဲ့ကြသည်။ ဖေဖေါ်ဝါရီ လကုန်ပိုင်း လောက်မှစ၍ စစ်တပ်သည် ငြိမ်းချမ်းစွာဆန္ဒပြနေမှု များကို အကြမ်းဖက် ဖြိုခွဲလာခဲ့ပြီး နောက်တွင်မူ လက်နက်ကိုင် တော်လှန်ရေးသည် မဆိုင်းမတွပင် အဖွဲ့အစည်း တရပ်အသွင် ပေါ်ပေါက်လာခဲ့သည်။

 

ကျေးလက်ဒေသများတွင် ခေါင်းဆောင်များသည် တော်လှန်ရေး အတွက် အဖွဲ့ဝင်များရရန် မတ် လ အစောပိုင်း ကာလများမှ စတင်၍ စည်းရုံးလာခဲ့ကြသည်။ ထိုကာလများ အတွင်းမှာပင် မြို့ပြဒေသများရှိ ဆန္ဒပြနေသူများသည် တိုင်းရင်းသား လက်နက်ကိုင်များ အထူးသဖြင့် KNU, KIO, CNF နှင့် KNPP တို့ ထိန်းချုပ်ထားရာ “လွတ်မြောက်နယ်မြေများ” သို့ ခိုလှုံလာနေကြပြီ ဖြစ်သည်။ ရောက်ရှိလာပြီး မကြာမီအတော အတွင်းမှာပင် ဖောက်ခွဲရေး၊ လက်နက်ငယ် သင်တန်း နှင့် စစ်ဗျုဟာများကို သင်ကြားပို့ချပေးခဲ့ကြသည်။ အချို့က “ဖက်ဒရယ်အာမီ” တရပ် ပေါ်ပေါက်လာရေးကို လူသိရှင်ကြား စတင် ပြောဆိုလာခဲ့ပြီ ဖြစ်သည်။ ဖက်ဒရယ် အာမီ ဆိုသည်ကား တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ နှင့် ဆန္ဒပြ ပြည်သူများ အကြားမှ ထုတ်နှုတ် ဖွဲ့စည်းလာသည့် တပ်များ ပူးပေါင်းကာ CRPH နှင့် အတူ ရပ်တည်သွားမည့် တပ်မတော် တရပ်ပင် ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့မှ အကြမ်းဖက် ဖိနှိပ်မှုများ အရှိန်မြှင့်လာသည့်အတွက် CRPH သည်လည်း NLD မှ ကာကလကြာမြင့်စွာ စွဲကိုင်ထားသည့် အကြမ်းမဖက်ရေး လမ်းစဉ်ကို စွန့်လွှတ်လာခဲ့သည်။ ၂၀၂၁ မတ်လ ၁၅ ရက်နေ့တွင်တော့ ပြည်သူများတွင် “မိမိကိုယ် မိမိ ခုခံ ကာကွယ်ပိုင်ခွင့်” ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ သုံးရက်အကြာတွင် NUG ၏ အလုပ်သမား၊ ကျန်းမာရေး နှင့် ပညာရေး ဆိုင်ရာ ယာယီ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးမှ “ဖက်ဒရယ် တပ်မတော်ကြီးသည် ဖက်ဒရယ်ပြည်ထောင်စုကြီး နှင့် အတူ ပေါ်ထွန်းလာရမည်” ဟု တွစ်တာ မှ တဆင့် ပြောဆိုလာခဲ့သည်။ မကြာမီမှာပင် ထိုသို့သော စည်းလုံးညီညွတ်သည့် တပ်ဦးကြီး ပေါ်ပေါက်လာရန် ဦးတည် ဆွေးနွေးလာခဲ့ကြသည်။

 

သို့သော်လည်း လက်တွေ့တွင် ဖြေရှင်းရမည် ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေပြန်သည့်အတွက် အလျင်အမြန် ပေါ်ပေါက်လာရေး ဆိုသည်က လက်တွေ့ကျကျ မျှော်လင့်၍ မဖြစ်နိုင်သေးသည့် အနေအထားတွင် ရှိနေသည်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး၏ ဦးစားပေး လိုလားချက်များကလည်း မတူ ကွဲပြားနေပြန်သည်။ သို့သော် ထိုသို့ ဖွဲ့စည်း ပေါ်ပေါက်လာမည့် တပ်မတော်သည် စစ်မှန်သော ဖက်ဒရယ် အုပ်ချုပ်ရေး စနစ် ၏ ပါဝင်ဖက် ဆိုသည့် အယူအဆကိုတော့ စဉ်းစားရန် လက်ခံခဲ့ကြသည်။ အဖွဲ့အစည်း အများအပြားကလည်း ယခင် အစိုးရ နှင့် စစ်တပ်တို့နှင့် ဆွေးနွေးခဲ့ရာတွင် ထိုအရေးကို ထောက်ခံ တင်ပြခဲ့ကြသည်။ သို့သော် ကာကွယ်‌ရေး ဦးစီးချုပ် မင်းအောင်လှိုင်မှ ခါးခါးသီးသီး ပယ်ချပစ်ခဲ့သည်။

 

CRPH လက်အောက် ရှိ ဖက်ဒရယ် အာမီသို့ ဝင်ရောက်ရန် စဉ်းစားခြင်း မပြုမီ တိုင်းရင်းသား လက်နက်ကိုင်များ က မိမိတို့ အားလုံး ဘုံရပ်တည်ချက် တခုတည်း အပေါ် တိုက်ပွဲဝင်သွားရေးကို အာမခံ ရန် တောင်းဆိုလာခဲ့ကြသည်။ ထိုသို့ ဆွေးနွေးမှုများက အချိန်ကြာမြင့်သွားနိုင်ပြီး တဖက်တွင်လည်း လူထုကြီးက ဖိအားများ ပေးလာနေပြီ ဖြစ်သဖြင့် NUG သည် ၂၀၂၁ မေလ ၅ ရက်နေ့တွင် PDF ကို ဖွဲ့စည်းကြောင်း ကြေညာလာခဲ့သည်။ PDF သည် စစ်တပ်ကို အစားထိုးနိုင်ရန် နောင်တချိန် ဖွဲ့စည်းလာမည့် ဖက်ဒရယ် တပ်မတော်ကြီး၏ တစိတ်တပိုင်း အင်အားစု တရပ် ဖြစ်သည်ဟု ဆိုသည်။

 

လောလောဆယ်တွင် ဖက်ဒရယ် တပ်မတော်သည် ပေါ်ပေါက်လာရန် အခွင့်အလန်း နည်းပါးနေသော်လည်း NUG နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြားတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နေကြဆဲလည်း ဖြစ်သည်။ အထူးသဖြင့် စစ်ဖက်ဆိုင်ရာ ကိစ္စများ တွင် အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။ ယခုအချိန်အထိ အင်အား အနည်းငယ် နှင့် တိုက်ခိုက်ရေး သင်တန်းများ ပေးနိုင်စွမ်း ရှိနေသည့် CNF သည် သာ NUG နှင့် အတူ လက်တွဲ၍ စစ်တပ်ကို တိုက်ခိုက်သွားမည်ဟု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ အချို့ အဖွဲ့များက NUG အပေါ်  မယုံမကြည် ဖြစ်နေမှု နှင့် စစ်တပ်ကို ထိတ်တိုက် ရင်ဆိုင်တွေ့ရန် စိတ်ပါလက်ပါ မရှိသေးသည့် အကြောင်းများကြောင့် ထိုကဲ့သို့ ကတိကဝတ် ပြုသည်အထိ ဖြစ်မလာခဲ့သေးပေ။

 

စက်တင်ဘာ ၇ ရက်နေ့ NUG မှ “ပြည်သူတို့၏ ခုခံ တွန်းလှန်စစ်” ဆင်နွှဲသွားမည်ဟု ကြေညာချက်နှင့် အတူ နိုင်ငံတဝှမ်း တော်လှန်ကြရန် လှုံ့ဆော်လိုက်ခြင်း ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင်များဖက်က တုတ်တုတ်မျှပင် လှုပ်ဖေါ်မရသေးပေ။