D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၀၁)

by Hla Soewai - Jan 19 2022

အခန်း (၃၅)

 

LONDON

 

ဟိုက်ပတ် ပစ်ခတ်မှု သတင်းကို လန်ဒန် ညနေပိုင်း သတင်းစာများက ဦးစားပေး ဖေါ်ပြလာခဲ့ကြသည်၊ သတင်းစာ အားလုံးက ရဲအဖွဲ့မှ ထုတ်ပြန်သော လိမ်လည်ထားသည့် ကြေညာချက် ကိုသာ ကိုးကား ဖေါ်ပြခဲ့ကြသည်၊ ရဲမှူခင်း ထောက်လှန်းရေး အဖွဲ့မှ လုယက်မှု ကျုးလွန်ရင်း လက်လွန်ခြေလွန် ဖြစ်သွားခဲ့သည့် လူသတ်မှု အဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပြီး အချင်းမဖြစ်ပွားမီ အနီးအနား တွင် ရှိနေသော သံသယ ဖြစ်ဖွယ် ပိုလန် မှ ဟု ယူဆရသည့် ဥရောပ အရှေ့တိုင်းသား နှစ်ဦးကို ရှာဖွေနေသည်ဟုလည်း ပါရှိခဲ့သည်။ ဟာရီက ထိုလူနှစ်ဦး ၏ ပုံပန်းသဏ္ဍန်အားလည်း စိတ်ကူးဖြင့် ပုံဖေါ် ပေးခဲ့သည်။ သတင်းစာများက စစ်ပွဲကြီး နှင့် အတူ လန်ဒန် အနောက်ခြမ်းတွင် ထိတ်လန့် တုန်လှုပ်ဖွယ် လမ်းပေါ် အကြမ်းဖက်သည့် မှုခင်းများ ကြီးထွားလာနေခြင်းကို ညည်းညူ ရေးသားခဲ့ကြပြန်သည်။ ယင်းနှင့် အတူ မကြာမီ လများ အတွင်း လေ့လွင့်နေသော ဒုက္ခသည်များ၊ အရက်မူးယူးနေသော စစ်သားများ နှင့် တပ်ပြေးများက ကျုးလွန်ခဲ့သော ရိုက်နှက် လုယက်မှူ သတင်းများကိုပါ ပြန်လည် ဖေါ်ပြလာခဲ့ကြပြန်သည်။

 

ဗီကာရီသည် သူ့စားပွဲပေါ် ရောက်လာသော သတင်းစာများကို လှန်လှော ဖတ်ရှုရင်း စိတ်ထဲတွင် အပြစ်ရှိသလို ခံစားခဲ့ရသည်၊ သူကိုယ်တိုင်က ရေးသားသည့် စကားလုံး တလုံးစီ အပေါ် အလေးထားသူ ဖြစ်ပါလျက် ယခုလို သတင်းစာ နှင့် လူထု ကို ထိုကဲ့သို့ အဖြစ်မှန်နှင့် ကွဲလွဲပြီး ထင်ရောင်ထင်မှား ဖြစ်အောင် လုပ်ကြံခဲ့ရသည့် အတွက် ကြောင့်လည်း ဖြစ်သည်၊ သို့သော် သူ၏ အပြစ်ကို အလွယ်တကူ ဖြေဖျောက်နိုင်ခဲ့ပြန်သည်၊ ရို့စ် မော်လီအား ဂျာမန်စပိုင် တယောက်က သတ်သွားတာမျိုး ဖြစ်နိုင်သည်ဟူသော အမှန်တရားကို ထုတ်ပြောရန် မည်သို့မျှ မဖြစ်နိုင်ပေ။

 

နေ့လည်ခင်းတွင် ဟာရီ ဒေါ်လ်တန် နှင့် အတူ လန်ဒန်မြို့တော် ရဲအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး ရို့စ် မော်လီ မသေခင် သွားလာ လှုပ်ရှားခဲ့ပုံများကို ခြေရာခံနိုင်ခဲ့ကြသည်၊ ရရှိလာသော အချက်အလက်များကို ဟာရီက ဗီကာရီ အား တင်ပြလာသည်၊ ခြေထောက်အား စားပွဲပေါ် တင်ထားပြန်၍ သူ၏ ဖိနပ်ခုံ ပါးလျားလိုက်လာနေသည်ကို ဗီကာရီသည် အတိုင်း သား မြင်နေရသည်။

 

“ကျွန်တော်တို့ တပ်မှုး ဟစ်ဂင်အိမ်က အိမ်ဖေါ်အမျိုးသမီးကို မေးမြန်းခဲ့ပြီးပါပြီ၊ ရို့စ်က ဈေးဝယ်စရာ ရှိလို့ အိမ်က ထွက်သွားတယ်လို့ ပြောပါတယ်၊ ကလေးတွေ ကျောင်းက ပြန်မလာခင် ဒီလိုပဲ ဈေးဝယ်နေကျ တဲ့၊ သူ့အိတ်ထဲမှာ တွေ့ရတဲ့ ဖြတ်ပိုင်းအရဆို တိုတင်တန် ကုတ် လမ်း နားက အောက်စဖို့ လမ်းပေါ်က ဆိုင်တဆိုင်မှာ ဝယ်ခဲ့တာပဲ၊ ဆိုင်ရှင်ကို သွားစုံစမ်းတော့ သူ့ကို မှတ်မိတယ်လို့ ပြောတယ်၊ မှတ်မိယုံတင်မကဘူး ဝယ်ခဲ့တဲ့ ပစ္စည်းတိုင်းကိုလည်း သိနေတယ်တဲ့၊ ပြန်ထွက်သွားတော့ သူ့လိုပဲ အိမ်ဖေါ်လုပ်နေတဲ့ အမျိုးသမီး တယောက်နဲ့ တွေ့ပြီး တဖက်လမ်းက ကော်ဖီဆိုင်ကို အတူ ထွက်သွားတာကိုပါ မြင်လိုက်တယ်လို့ အစစ်ခံတယ်”

 

ဗီကာရီက ဟာရီ ပြောသမျှကို စူးစိုက်နားထောင်နေပြီး သူ၏ လက်များကို စိုက်ကြည့်နေသည်။

 

“အဲ့တာနဲ့ ကော်ဖီဆိုင်ကို ဝင်မေးတော့ ရို့စ်က အောက်စဖို့ လမ်းကို ဖြတ်ပြီး အနောက်ဖက်ကို သွားတဲ့ ဘတ်စကား မှတ်တိုင်မှာ ကားစောင့်နေတာ တွေ့တယ်ဆိုပဲ၊ ကျွန်တော်လည်း တယောက်ကို ဘတ်စ်ကား တွေ လိုက်စီးခိုင်းလိုက်တော့ ပြီးခဲ့တဲ့ နာရီဝက်လောက်ကပဲ ရို့စ် စီးလာတဲ့ ဘတ်စ်ကား လက်မှတ်ရောင်းကို တွေ့ခဲ့တယ်၊ သူကလည်း ရို့စ်ကို ကောင်းကောင်း မှတ်မိနေတယ် ဆိုပဲ၊ ရို့စ်က စီးလာရင်းနဲ့ အရပ်မြင့်မြင့်၊ ခပ်ချောချော အမျိုးသမီးတယောက်နဲ့ ခဏလောက် စကားပြောတာ တွေ့ပြီး အဲ့ဒီအမျိုးသမီးလည်း ကသုတ်ကရက်နဲ့ ကားပေါ်က ဆင်းသွားတယ် ပြောတယ်၊ ဘတ်စ်ကားက မာဘဲ အပ်ချ် မှတ်တိုင်ကို ရောက်လာတော့ ခုန ကားပေါ်က ဆင်းသွားတဲ့ အမျိုးသမီးက ကားမှတ်တိုင်မှာ စောင့်နေတယ်တဲ့၊ သူကတောင် ကျွန်တော်တို့ ဆီ ဖုန်းဆက် ပြောရကောင်းမလား စဉ်းစားနေတုန်း သတင်းစာတွေက သံသယ ရှိတဲ့ လူ ပုံကို ရေးလာတာ ဖတ်ရတော့ တယောက်မှ အရပ်မြင့်မြင့် နဲ့ ခပ်ချောချော အမျိုးသမီး ပုံ မဟုတ်ဖူး ဖြစ်နေတယ်တဲ့”

 

ထိုအခိုက် လက်နှိပ်စက် စာရေးမတဦး က အခန်းတံခါးဝမှ ခေါင်းပြူလာပြီး “နှောက်ယှက်တယ်လို့ သဘောမထားပါနဲ့ ၊ ရှင့်အတွက် ဖုန်းလာနေတယ် ဟာရီ၊ ရဲမှုခင်း ထောက်လှန်းရေးက ဆာဂျင် ကောလင်း မီးဒိုး ဆက်တာပါ၊ အရေးကြီးတယ်လို့ ပြောပါတဲ့”
 

ဟာရီက ချက်ခြင်းလို သူ့စားပွဲ ရှိရာ ပြန်သွားပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။
 

“ခင်ဗျားက စပင်ဆာ သောမတ်အမှုကို ဖေါ်ခဲ့တဲ့ ဟာရီ ဒေါ်လ်တန် ဟုတ်ပါသလား”

 

“ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ၊ ဘာများ လုပ်ပေးဖို့ လိုပါသလဲ”

 

“ဟိုက်ပတ်က လူသတ်မှုနဲ့ ပတ်သက်နေတာ ပြောချင်လို့ပါ၊ ကျွန်တော် ခင်ဗျား အတွက် သတင်းတခု ပေးစရာ ရှိနေလို့ပါ”

 

“ပြောမှသာ ပြောပါ ဆာဂျင်၊ ကျွန်တော်တို့ ဒီမှာ အချိန်နဲ့ အမျှ အရေးတကြီး ဖြစ်နေလို့ပါ”

 

“တရားခံ လို့ ယူဆခံထားရတဲ့သူက အမျိုးသမီးတယောက်လို့ ကျွန်တော် ကြားထားပါတယ်၊ အရပ်မြင့်မြင့် နဲ့ အတော်လေး ဆွဲဆောင်မှုရှိပြီး အသက် ၃၅ ပတ်ဝန်းကျင် ရှိမယ်လို့ သိထားပါတယ်”

 

“ဖြစ်နိုင်ပါတယ်၊ အခြား ဘာများ သိထားသေးလဲ”

 

“ကျွန်တော်က ပုပ် အသတ်ခံရတဲ့ အမှုကို စုံစမ်းနေတဲ့ လူပါ”

 

“ကျွန်တော် သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်၊ ဗာနွန် ပုပ် နဲ့ သူ့ကောင်မလေးကို လည်လှီး သတ်သွားရဲ တာကို မယုံနိုင်အောင်ကို ဖြစ်နေတယ်”

 

“တကယ်တော့ ပုပ်က လည်လှီး အသတ်ခံရတာ မဟုတ်ပါဘူး၊ မျက်လုံးကို ဓါးနဲ့ အထိုးခံလိုက်ရတာပါ”

 

“တကယ်”

 

“ဟုတ်ပါတယ်၊ သူ့ကောင်မလေးကတော့ နှလုံးတည့်တည့်ကို ဓါးနဲ့ အထိုးခံရတယ်၊ တချက်ထဲနဲ့ အသက်ထွက်သွားတယ်”

 

ဟာရီသည် ချက်ခြင်းလို ဘီထရစ် ပင်း အလောင်းအား ခွဲစိတ်ခဲ့သည့် မှုခင်း ဆရာဝန်များ ပြောသည်ကို အမှတ်ရသွားမိသည်၊ ရင်ဘတ်က ဓါးဒဏ်ရာသည် သူမ ညာဖက်ခြမ်း ရှိ အောက်ဆုံးနံရိုး နေရာမှ ဓါးသွား ဖေါက်ဝင်သွားခဲ့သည်ဟု တွေ့ရှိခဲ့သည့် အကြောင်းပင် ဖြစ်သည်။

 

“ဒါပေမယ့် သတင်းစာတွေ ရေးနေ,...”

 

“သတင်းစာထဲ ပါတဲ့ အကြောင်းတွေ ခင်ဗျား ယုံလို ရမယ်ထင်နေလား ဟာရီ၊ ကျွန်တော်တို့က ရူးကြောင် မူးကြောင် စကားတွေ ကြားလာရမှာစိုးလို့ ဒဏ်ရာ အတိအကျ ကို မထုတ်ပြန်ခဲ့ဖူး၊ နင့်မိုဆို ဗာနွန် ပုပ်ကို သူတို့ သတ်လိုက်တာပါ ဆိုပြီး ကျွန်တော်တို့ဆီ လာပြောမယ့် လူတွေ ရေတောင် ရေနိုင်တော့မှာ မဟုတ်ဘူး၊ ထွက်လာကြမှာ၊ ခင်ဗျားတောင် အံ့ဩသွားဦးမယ်”

 

“ဒီလူက လူရမ်းကား ဆိုတော့ အံ့ဩစရာတော့ မဟုတ်ပါဘူး၊ ကဲ..ဆက်ပါဦး”

 

“ခုနပြောတာနဲ့ ပုံပန်းသဏ္ဍန်နဲ့ တူနေတဲ့ အမျိုးသမီးတဦး ပုပ် အသတ်ခံရတဲ့ ညက သူရဲ့ ကုန်လှောင်ရုံထဲ ဝင်သွားတာ တွေ့လိုက်တယ် ဆိုတဲ့ မျက်မြင်သက်သေ နှစ်ယောက် ကျွန်တော်မှာ ရှိနေပြီ”

 

“ဘုရားရေ”

 

“ဒါထက် စိတ်ဝင်စားစရာ ရှိသေးတယ်၊ ပုပ် အသတ်ခံရပြီးချင်းပဲ ရောဘတ် ပုပ် နဲ့ သူရဲ့ လက်ရုံးတပည့်တယောက်က အဲ့ဒီအမျိုးသမီးကို ရှာဖို့ အစ်လင်တန် ရပ်ကွက်ထဲက ဘော်ဒါဆောင်ကို အတင်း အဓမ္မ ဝင်လာကြတယ်၊ ကြည့်ရတာ လိပ်စာ အမှားကြီး ရထားပုံရှိတယ်၊ အိမ်ရှင် အမျိုးသမီးကြီးကို ရိုက်နှက်ပြီး ထွက်ပြေးသွားကြတယ်”

 

“နေပါဦး၊ ဒါတွေ ဘာဖြစ်လို့ ကျွန်တော် အခုကျမှ ကြားလာရတာလဲ၊ ပုပ် အသတ်ခံရတာပဲ နှစ်ပတ်လောက် ရှိနေပြီ”

 

“ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော် ဆရာသမားက ကျွန်တော်ကို အရေမရ အဖတ်မရ လိုက် စုံစမ်းနေတယ် ပြောလို့၊ သူက ပုပ်ကို ပြိုင်ဖက် ဂိုဏ်းတဂိုဏ်းက သတ်သွားတာလို့ ယုံနေတယ်၊ အဲ့ဒီတော့ အခြား ဖြစ်နိုင်ခြေ တွေ လျှောက် စဉ်းစားပြီး အချိန်ကုန် မခံနဲ့ တဲ့”

 

“ခင်ဗျား အထက်အရာရှိက ဘယ်သူလဲ”

 

“ကစ်လင်တန်”

 

“အိုး..ဘုရားရေ စိန့် အင်ဒရူးပါလား”

 

“ဟုတ်ပါ့ဗျာ၊ သူ မှ သူအစစ်၊ နောက်တခု ပြောဖို့ ကျန်သေးတယ်၊ ပြီးခဲ့တဲ့အပတ်ထဲမှာ ကျွန်တော်က ရောဘတ် ပုပ်ကို ခေါ်စစ်ပြီးပြီ ။ ဒါပေမယ့် နောက်တကြိမ် ထပ်စစ်ရင် ဒီထက်ပိုပြီး သိမလားလို့ ထပ်ခေါ်ဖို့ လုပ်တော့ ရော်ဘတ် ပုပ်လည်း ပျောက်ချင်း မလှ ပျောက်နေပြီ၊ ဘယ်မှာ ရှာရမှန်း မသိတော့ဘူး”

 

“အခု ကစ်လင်တန် ရှိလား”

 

“သူ့အခန်းထဲမှာ ထိုင်ရင်း သောက်ရေးမပါပဲ စာရွက်တွေ နဲ့ အလုပ်ရှုပ်နေတာ လှမ်းမြင်နေရတာပဲ”

 

“ဒါဆို ခင်ဗျား စောင့်သာကြည့်နေ၊ သဘောကျစရာ တွေ့လာလိမ့်မယ်”

 

ဟာရီသည် ချက်ခြင်း ဆိုသလို လဲပြိုကျ မတတ် အပြေးအလွှားဖြင့် ဗီကာရီ အခန်းထဲ ပြန်ပြေးဝင်လာပြီး သိခဲ့သမျှကို အမြန် ပြန်ပြောပြလိုက်သည်၊ သူပြောသည်များက မြန်ဆန်လွန်းနေ၍ ဗီကာရီ အဖို့ နားမလည် နိုင်အောင် ဖြစ်လာ၍ နောက်တခါ အစမှ မဆုံး ထပ်ပြောခိုင်းခဲ့ရသည်၊ ပြော၍ ပြီးသွားသည့် အခါတွင်တော့ ဟာရီသည် ဗီကာရီ စားပွဲ ပေါ်ရှိ တယ်လီဖုန်းကို ကောက်ကိုင်ကာ နံပတ်တခုကို လှည့်လိုက်ပြီး ဗီကာရီအား ဖုန်းခွက်ကို လှမ်းပေးလိုက်သည်။

 

****************