ဟာရီ နှင့် စုံထောက်မင်းကြီးလည်း ပြောပြောဆိုဆိုနှင့် တောင်ကုန်း ဆင်ခြေလျော အတိုင်း လှုပ်လိလှုပ်လဲ့ နှင့် ဆင်းသွားပြီး အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားသော ဗီကာရီကို ငေးကြည့်ရင်း ကျန်ခဲ့ကြသည်။ "ဟာရီ...မောင်ရင်လူက ဘယ်လိုလဲကွာ" ဟု စုံထောက်မင်းကြီးက စိတ်မသက်မသာ နှင့် မေးလိုက်သည်။
ဟာရီသည် အလောင်းကို သယ်သွားပြီးချိန်အထိ ဟိုက်ပတ် ပန်းခြံထဲတွင် ရှိနေခဲ့သည်။ အချိန်ကား သန်းကောင် ကျော်နေပြီ ဖြစ်သည်။ ရဲအရာရှိ တယောက်နှင့် ကားကြုံလိုက်စီးကာ ပြန်လာခဲ့သည်၊ ဌာနပိုင် ကားကို လှမ်းခေါ်၍ ရသော်လည်း သူ ဘယ်သွားမည်ဆိုသည်ကို မသိစေချင်၍ မခေါ်တော့။
သူစီးလာသည့် ကားကို ဂရေ့စ် ကလာရင်ဒန် တိုက်ခန်း နှင့် ခပ်လှမ်းလှမ်းနေရာတွင် ရပ်ခိုင်းလိုက်ပြီး ဆင်းလျှောက်လာခဲ့သည်။ သူမက ပြန်ပေးထားသဖြင့် တိုက်ခန်းသော့က သူ့လက်ထဲတွင် အဆင်သင့် ရှိနေပြီ ဖြစ်၍ တံခါးကို ခေါက်မနေတော့ပဲ သော့နှင့် ဖွင့်ဝင်ခဲ့သည်။
ဂရေ့စ်ကတော့ ကလေးတယောက်လို ခြေကားယား လက်ကားယားနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရှာသည်။ သူလည်း အမှောင်ထဲမှာပင် အသံမကြားအောင် အဝတ်အစား များ ချွတ်ပြီး သူမဘေးတွင် အသာဝင်လှဲလိုက်သည်။ သူ၏ ကိုယ် အလေးချိန်ကြောင့် ကုတင်၏ စပရင်များမှ အသံထွက်သွားသဖြင့် ဂရေ့စ် တယောက် လူးလွန့်လာပြီး သူ့ဖက်လှည့်ကာ ဖက်နမ်းလာသည်။
"ဒီတခါလည်း ရှင် ကျမ ကို အရင် လို ထားသွားခဲ့ပြန်ပြီလို့ ထင်နေတာ"
"မဟုတ်ပါဘူးကွာ၊ ဒီည အတော်ကို အလုပ်များသွားလို့"
သူမက ကိုယ်ကို တတောင်ဆစ် နှင့် ထောက်ကာ သူ့ဖက်လှည့်လာပြီး "ဘာတွေ ဖြစ်ကုန်ပြီလဲ"
ဟာရီလည်း သူမအား ဖြစ်ပျက်ခဲ့သမျှ ကို ပြန်ပြောပြလိုက်သည်။ "ဒီအမျိုးသမီးကို ကိုယ်တို့ ရှာနေတဲ့ အေးဂျင့်က သတ်လိုက်တာ ဖြစ်ဖို့များနေတယ်"
"ရှင်ပုံကြည့်ရတာလည်း သူရဲသဘက်နဲ့ တွေ့လာသလို ဖြစ်နေပါလား"
"တော်တော်ကို ဆိုးပါတယ်ကွာ၊ အမျိုးသမီး က မျက်နှာကို သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတော့၊ ဒီလိုမျိုး မြင်ကွင်းကို တော်တော်နဲ့တော့ မေ့ပစ်လို့ ရမှာတော့ မဟုတ်ဘူး"
"ကျမ အနေနဲ့ ရှင် မေ့သွားအောင် လုပ်ပေးနိုင်မလား"
ဟာရီကတော့ ပင်ပန်းလာ၍ အိပ်ချင်နေပြီ ဖြစ်သည်။ အလောင်းအနားတွင် နေလာခဲ့ရ၍ သူကိုယ်သူ မသတီ ပြန်၊ ဂရေ့စ်က ပြောပြောဆိုဆို နှင့် သူ့အား အသာအယာ နမ်းရှုံလိုက်သည်၊ သူမ ဝတ်ထားသော ဖလန်နယ် ညဝတ်အင်္ကျီကိုလည်း ကူချွတ်ပေးရန် ပြောလာသည်၊ ဤသို့နှင့် ဇာတ်ကြမ်းတိုက်လာပြီ ဖြစ်သည်၊ သူမသည် ဟာရီအား သူပြုသမျှ နုရမည့် လူတယောက်လို သဘောထားကာ ကုတ်ခြစ် ဆွဲဖဲ့ကာ အကြမ်းပတမ်း ဆက်ဆံလေ့ရှိသည်။ သူ နမ်းရှုတ်သည်ကပင် အနာထဲမှ အဆိပ်များ ကုန်သွားသည်အထိ စုပ်ယူခံလိုက်ရ သလို မျိုး ဖြစ်နေသည်။
သူမအားလည်း ထားမသွားဖို့ တတွတ်တွတ် ပြောရင်း နောက်ဆုံးတွင် မောမောနှင့် အိပ်ပျော်သွားပြန်သည်။ ဟာရီ အဖို့လည်း သူမ ယောက်ျား စစ်ကြီးပြီးက ပြန်မရောက်လာပါစေနှင့် ဟူ သော မကောင်းသည့် အတွေးများ ဝင်ရောက်လာ၍ အကြီးအကျယ် တုန်လှုပ်လာမိပြန်သည်။
***********************
အခန်း (၃၄)
LONDON
ထိုသို့ ဖြစ်ခဲ့ပြီး နောက်တနေ့ နေ့လည်ခင်းတွင် ပိုးစာသီး စီမံကိန်း အတွက် ပုံစံတူ ပြုလုပ်ထားသည့် နမူနာ ရုပ်ထု အနီးတွင် အားလုံးစုဝေးလာကြသည်။ နေရာကား အမှတ် (၄၇) ဂရိုဗီနာ စကွဲယား ရှိ ရုံးချုပ်
အတွင်းဖြစ်ပြီး ထိုစီမံကိန်းအတွက် အဓိက တာဝန် ယူထားရသည့် ဗြိတိသျှ နှင့် အမေရိကန် အထက်တန်း စစ်ဖက် အရာရှိကြီးများ စုံညီစွာ ရှိနေကြသည်။ ချာချီ၏ ကိုယ်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဆာ ဟေးစတင် အစ်စ်မေး နှင့် အိုင်စင်ဟောင်ဝါ၏ ရုံးအဖွဲ့မှ ဗိုလ်ချုပ်ကြီး နှစ်ဦး တို့လည်း ကျောက်ရုပ်ကြီးများ အလား မလှုပ်မယှက် ရပ်နေကြသည်။
အစည်းအဝေး အစတွင်တော့ ထုံးစံ အတိုင်း ရယ်ရယ်မောမော နှင့် ဖြစ်သော်လည်း နောက်ပိုင်းတွင် ဒေါသသံများ ပါလာခဲ့ပြီ ဖြစ်သည်။ တဖက် နှင့် တဖက် အပြန်အလှန် လက်ညိုးထိုးလာရာမှ ပုဂ္ဂိုလ်ရေးကိုပါ ထိခိုက် ပြောဆိုလာသည့် အဆင့်အထိ ဖြစ်လာသည်။
"ဗြိတိသျှတွေ ဖက်က အရာရာကို အကောင်းမြင်လွန်းတယ်"
"အမေရိကန်တွေ စိတ်မရှည် နိုင် ဖြစ်နေပါလား"
အစရှိသည့် စကားများ ပြောလာကြသည်။
ထိုသို့ဖြစ်ရသည်မှာလည်း လုပ်ငန်းစကတည်းက
အချိန်မီ ပြီးစီးရန် အမြဲလို ဖိအားပေးခြင်း ခံနေရသောကြောင့်လည်း ဖြစ်ပေသည်။
အချိန်ကား D-Day သတ်မှတ်ထားသည့် ရက် ရောက်ဖို့ သုံးလကျော်ကျော်လေးသာ ကျန်တော့သည်၊ သို့သော် ပိုးစာပင် စီမံကိန်း ကတော့ မျှော်လင့်ချက်များ ပျက်သုံးရလုမတတ် အချိန်နောက်ကျလာနေပြီ ဖြစ်သည်။ ဤသည်ကလည်း ဖီးနစ်ကြောင့် ဖြစ်လာရသည်ဟု ပိုးစာပင် စီမံကိန်း၏ အအောင်မြင်ဆုံး
အပိုင်းများကို တာဝန်ယူ လုပ်ဆောင်ပေးခဲ့သည့် အင်္ဂလိပ် အရာရှိကြီး တဦးက ညည်းတွားလာခဲ့သည်။
သူပြောသည်ကလည်း အမှန်ပင် ဖြစ်သည်၊ စီမံကိန်း
တခုလုံး၏ ကျောရိုး ဖြစ်သည့် ဖီးနစ်ဟု အမည်ပေးထားသော အောက်ခံ ကွန်ကရိ ရေလုံတိုင်ကြီးများ တည်ဆောက်ရေးသည် မည်သို့မျှ အလျင်မမီနိုင် ဖြစ်နေရသည်။ ပုံမှန် အနေအထား ဆိုလျှင် အေးအေးလူလူ ဖြေရှင်း၍ ရနိုင်သည့် ပြဿနာမျိုး ဖြစ်သည်၊ ယခုအခါ အဆိုပါ တိုင်ကြီးများ အတွက် ကွန်ကရိ နှင့် အားဖြည့် သံမဏိ ချောင်းကြီးများ က အကြီးအကျယ် ပြတ်လတ်နေသောကြောင့်ပင် ဖြစ်သည်။ တည်ဆောက်ရေး အတွက် သတ်မှတ်ပေးထားသော နေရာများက နည်းပါးလွန်းနေပြီး ပြီးသမျှ ကို သယ်ယူ သိမ်းဆည်းထားနိုင်မည့် နေရာများကလည်း ဗြိတိန် တောင်ဖက် ကမ်းရိုးတန်း တလျောက် တွင် အလုံအလောက် မရှိပြန်ပေ။
ကျွမ်းကျင် လုပ်သားများလည်း အလုံအလောက် မရှိ၊ လုပ်နေသည့် လူများအားလည်း လောက်ငှအောင် ကျွေးနိုင်ဖို့ အစားအသောက်များ ပြတ်လတ်လာနေပြန်၍ အလုပ်သမားများ အားအင် ချို့တဲ့လာပြီး အလုပ် မတွင်မကျယ် ဖြစ်လာရသည်။
အကယ်၍သာ ရေအောက်တွင် တည်ဆောက်ရမည့် ရေလုံတိုင်ကြီးများ အချိန်မီ မပြီးစီးဟု ဆိုက စီမံကိန်းတခုလုံး ရေစုန်မျောသွားပေတော့မည်။
နောက်ဆုံးတွင်တော့ မနက်ဖန် မနက်တွင် ရေလုံ ကွန်ကရိ တိုင်လုံးကြီးများ တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ တယောက်ယောက်ကို စေလွှတ်ပြီး
အချိန်မီ ပြီးနိုင် မပြီးနိုင်ဆိုသည်ကို တိတိကျကျ သိရှိအောင် သုံးသပ်ခိုင်းမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ထိုကဲ့သို့ စေလွှတ်မည့်လူသည် ပရောဂျက်ကြီးများကို ကြီးကြပ်ဖူးသူ ဖြစ်ရမည့် အပြင် အချိန်မီ ပြီးစီးဖို့ ဒီဇိုင်းကို လိုအပ်သလို ပြုပြင် ပြောင်းလဲ နိုင်စွမ်း ရှိသူလည်း ဖြစ်ရပေမည်။
ထို့အတွက် သူတို့အားလုံး သဘောတူ ရွေးချယ်လိုက်သူသည် ကား အရှေ့မြောက် တံတား ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးမှ ကွန်မင်ဒါ ပီတာ ဂျော်ဒန် ဆိုသူပင် ဖြစ်ပေတော့သည်။
*********************************