အိုင်စီဂျီအစီရင်ခံစာ … (၄)

by Hla Soewai - Jan 17 2022

(၂) (ဂ) ယာယီ ငြိမ်သက်နေသော ရခိုင်တပ်တော်

 

၂၀၂၀ နိုဝင်ဘာလ တွင် စစ်တပ် နှင့် ရခိုင်လူမျိုးစုတို့၏ လက်နက်ကိုင် အဖွဲ့ ဖြစ်သော ရခိုင် တပ်တော်တို့အကြား နှစ်နှစ်နီးပါးမျှ တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီး လူအသက်ပေါင်း ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရပြီး နောက် တွင် မမျှော်လင့်ပဲ အပစ်အခတ် ရပ်စဲရေး ပုံစံမျိုး သဘောတူညီချက် ရရှိသွားခဲ့သည်။

 

၂၀၂၀ နှစ်ကုန်အထိ အဆိုပါ အုပ်စု နှင့် စစ်တပ် အကြား လူလားခေါက်ပြန် တွေ့ဆုံခဲ့ကြမှုများ ရှိခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင်မူ ငြိမ်းချမ်းရေး အတွက် အလေးအနက် ဆွေးနွေးခဲ့ကြမှု မျိုး မတွေ့ကြရတော့ပေ။ အပစ်အခတ် ရပ်စဲရေး သည်လည်း တရားဝင် ပုံစံမျိုး အထိ တက်လှမ်းလာခဲ့ခြင်း မရှိပေ။

 

သို့သော်ငြားလည်း စစ်တပ်သည် မျက်နှာစာ အသီးသီး တွင် ပဋိပက္ခများ နှင့် ရင်ဆိုင်လာနေရပြီ ဖြစ်၍ ရခိုင်တပ်တော် ကို ထိုပုံစံမျိုး ဖြင့် ထားရှိနိုင်ခဲ့မှုကို ကျေနပ်ရောင့်ရဲခဲ့ကြသည်။ စစ်တပ်ဖက်ကလည်း ရခိုင်တပ်တော်အား အမျိုးမျိုး လိုက်လျောပေးခဲ့သည်၊ အင်တာနက် ဖြတ်တောက်ထားမှု အား ဖယ်ရှားပေးခြင်း၊ ခေါင်းဆောင် ဖြစ်သူ ထွန်းမြတ်နိုင်၏ ဆွေမျိုးသားချင်းများကို ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့ခြင်း၊ ၎င်းတို့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲထားသူများကိုလည်း ပြန်လွှတ်ပေးခြင်းနှင့် ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ကာကွယ်ဆေးများ ဖြန့်ဖြူးပေးရန် ကမ်းလှမ်းလာခြင်း အစရှိသည် တို့ ဖြစ်သည်။

 

ရခိုင်တပ်တော်သည် အာဏာသိမ်းခဲ့မှု အပေါ် မဆိုသလောက်သာ ပြောဆိုခဲ့ပေသည်။ ထို့အပြင် စစ်အာဏာသိမ်း အဖွဲ့အား ဆန့်ကျင်တွန်းလှန်မှု နှင့် လက်တွဲပါရန် NUG ၏ မေတ္တာရပ်ခံချက်ကိုလည်း ငြင်းဆန်ခဲ့သည်။ ထွန်းမြတ်နိုင်က သူ့အနေဖြင့် ရန်ကုန် နှင့် အခြား မြို့ကြီးများတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကို ရခိုင်ပြည်နယ်အတွင်း မြင်တွေ့လိုခြင်း မရှိဟုပင် ပြောဆိုလာခဲ့သည်။ ထိုသို့ သော ဆန္ဒပြမှုများသည် ရခိုင်တပ်တော်၏ “နိုင်ငံရေး ဦးတည်ချက်များ” တိုးတက်မှု ရှိလာအောင် အကောင်အထည် ဖေါ်ရေးအတွက် အနှောက်အယှက် အဟန့်အတားများ ဖြစ်လာနိုင်သည်ဟု ခုခံ ပြောဆိုခဲ့သည်။

 

နိုင်ငံ အနှံ့အပြား တွင် ဆန့်ကျင် တွန်းလှန်မှုများ မြင့်မားလာချိန်တွင် ရခိုင်တပ်တော်၏ သဘောထား အပေါ် ပြည်နယ်အတွင်း သို့လော သို့လော ဖြစ်လာခဲ့ကြသည်။ သို့သော် ၎င်းတို့ အနေဖြင့် ထိုသို့ ဝေဖန် ပြောဆိုမှုများကို လိုသည်ထက် မပိုအောင် ထိန်းချုပ်နိုင်စွမ်း ရှိခဲ့သည်။

 

ထိုသို့ ၎င်းတို့ စစ်မျက်နှာတွင် သိသိသာသာ ငြိမ်သက်သွားမှုကို အခွင့်အရေး တရပ်အဖြစ် ကောင်းစွာ အသုံးချကာ ပြီးခဲ့သည် ့နှစ်နှစ် အတွင်း ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော တိုက်ပွဲများ မှ ပြန်လည် နာလံ ထူလာနိုင်ရေး နှင့် ရှေ့အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်မှုများ ပြုလုပ်လာခဲ့ကြသည်။ ထိုထက် ပို၍ အရေးပါသည့် ဖြစ်ထွန်းလာမှုသည်က ရခိုင်ပြည်နယ် ဒေသအတော်များများနှင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝ တဝိုက်ရှိ ဒေသများကို အခိုင်အမာ ထိန်းချုပ်လာနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

အာဏာမသိမ်းမီ နှစ်နှစ် အတွင်း တည်ရှိခဲ့သော အစိုးရ ဗျုရိုကရေစီ ယန္တရား၏ အောက်ခြေ ပိုင်းကို ဖျက်သိမ်းခဲ့ကြပြီး ၎င်းတို့ ကိုယ်ပိုင် အုပ်ချုပ်ရေး ပုံစံတရပ် သွတ်သွင်းနိုင်ခဲ့ကြသည်။ အငြင်းပွားမှုမျိုး ကို ဖြေရှင်းပေးနိုင်မည့် တရားစီရင်ရေး အသွင် ခုံရုံးများ တည်‌ထောင်ပြီး လူထု ဝန်ဆောင်မှု လုပ်ငန်းအသွင် ပံ့ပိုးပေးလာနိုင်ခဲ့သည်။

 

ရခိုင်ပြည်နယ် အတွင်း ကိုဗစ် ပျံ့နှံ့ကူးစက်လာချိန် ၂၀၂၁ ဇွန်လတွင် ပြည်နယ်တခုလုံး အိမ်တွင်း နေကြရန် အမိန့်ကို ထုတ်ပြန်ခဲ့ကြသည်၊ ထိုအမိန့်ကို လူအများစုက လိုက်နာခဲ့ကြသည်ဟု နောက်ပိုင်းတွင် ပြောဆိုလာခဲ့ကြသည်။ ရခိုင်တပ်တော်သည် အုပ်ချုပ်ရေး နယ်ပယ်ထဲသို့ ထိုးဖောက် ဝင်ရောက်လာမှု ထင်သာ မြင်သာ ရှိလာသည်နှင့် အမျှ စစ်တပ်ကလည်း ရခိုင်လူထုအား ထိုကဲ့သို့ ပေါ်ပေါက်လာသော အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများ နှင့် မပတ်သက်ရန် သတိပေးလာခဲ့သည်။

 

လက်ရှိ နှစ်ဖက် အပစ်ရပ်ထားမှုသည် မည်မျှအထိ ခံမည်လည်း ဆိုသည်က ရှင်းရှင်းလင်းလင်း မသိနိုင်သေးပေ။ ၂၀၂၁ နိုဝင်ဘာ ၉ ရက်နေ့တွင်တော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ကပ်နေသော မောင်းတော မြို့နယ် မြောက်ပိုင်းတွင် ရခိုင်တပ်တော် နှင့် စစ်တပ်အကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာခဲ့သည်။ ဤသည်က ပြီးခဲ့သည့် နှစ်အတွင်း အပစ်အခတ် ရပ်စဲရေး အသွင် ဖေါ်ဆောင်နိုင်ခဲ့ပြီး တနှစ်အကြာတွင် ပထမဆုံး ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ စစ်အာဏာသိမ်း အဖွဲ့မှ အဆိုပါ သတင်းကို လျော့ပေါ့ ပြောဆိုခဲ့ကြပြီး တိုက်ပွဲတခုသည် ARSA အဖွဲ့နှင့် ဖြစ်ပွားခဲ့ခြင်းဟုပင် ဆိုလာခဲ့ကြသည်။

 

၂၀၂၀ နိုဝင်ဘာလ အတွင်း တိုက်ခိုက်မှုများ ရပ်စဲသွားအေပါင် ကြားဝင်ပေးခဲ့သည့် မြန်မာနိုင်ငံအတွက် ဂျပန်၏ ငြိမ်းချမ်းရေး သံတမန် ယိုဟီ ဆာဆာကာဝါ သည် တင်းမာမှုများ ပြေလျော့သွားအောင် အဆိုပါ ဒေသသို့ ရောက်ရှိသွားခဲ့ပြီး နောက်တွင်တော့ တိုက်ပွဲသတင်းများ ထပ်မံ ထွက်ပေါ်လာခဲ့ခြင်း မရှိတော့ပေ။

 

စစ်တပ်သည် ရခိုင်တပ်တော်၏ ပြည်နယ် တည်ဆောက်ရေး လုပ်ရပ်များကို အတားအဆီးမရှိ ရေရှည် ခွင့်ပြုသွားမည် မဟုတ်ပေ၊ ထိုသို့ ဆိုက ပြန်လည် ပြောင်းလဲ၍ ရမည် မဟုတ်တော့သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသပုံစံမျိုး နယ်ခြားရှိ လက်နက်ကိုင် အဖွဲ့တခုမှ ရရှိသွားတော့မည် အရေးကြောင့်ပင် ဖြစ်သည်။