D-Day နောက်ကွယ်မှ သူလျို မဟုတ်သော သူလျို (၉၈)

by Hla Soewai - Jan 14 2022

လန်ဒန်၏ အမှောင်ချထားမှု အောက်တွင် ဟိုက်ပတ်သည်လည်း ပိန်းပိတ်အောင် မှောင်လာနေပြီ ဖြစ်သည်။  ဘေးစ်ဝါတား လမ်းပေါ်ရှိ သွားလာနေသော ယာဉ်တန်းများ၏ မီးရောင်သဲ့သဲ့ များကိုသာ မမြင်ရပါက ရှားဝုဒ် တောအုပ်ကြီးထဲ ရောက်နေသလားဟု ထင်မှတ်နိုင်လောက်သည်။ သူတို့လည်း  ပါလာသော ဓါတ်မီးများကို အသီးသီး ဖွင့်လိုက်ကြ၍ သေးသွယ်သော အဝါရောင် အလင်းတန်းလေးနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ရို့စ်က လက်တဖက်တွင် သူမဝယ်လာသော စားကုန်သောက်ကုန် များ ပါသည့် အိတ်ကို ကိုင်ထားသည်။

 

“ဘုရားရေ.. ကလေး တွေကို တပတ် အသား လေးအောင်စ ပဲ ကျွေးတော့မှာပါလားကလေးတွေ ခန္ဓာကိုယ် ဖွံ့ဖြိုးကြပါတော့မလား”

 

သူတို့ ရှေ့တွင် သစ်ပင် အုပ်ကြီး ကို လှမ်းတွေ့နေရသည်။ အနောက်ဖက် ‌ကောင်းကင်က ထွက်ပေါ်လာသော နောက်ဆုံး အလင်းတန်း ကို ဆေးအမည်းခြယ် စပ်ထားသလိုပင်။

 

“အန်တီ ပြန်မှ ဖြစ်တော့မယ် အင်နာ၊ တွေ့ရတာ အရမ်းဝမ်းသာတာပဲ”

 

သူတို့ နှစ်ဦးလည်း ရှေ့ကို အနည်းငယ် ဆက်လျှောက်လာခဲ့ကြသည်။ တောတန်းနား ရောက်လာပြီ ဖြစ်၍ ဘယ်သူမှ မမြင်နိုင်မီ လုပ်စရာ ရှိတာ လုပ်မှ ဖြစ်ပေတော့မည်။ ရဲများက လူဆိုးလူပေများ သို့မဟုတ် ဒုက္ခသည် အဖြစ် ရောက်လာကြသူများ၏ လက်ချက်ဟု အပြစ်ဖို့ကြမည်သာ ဖြစ်သည်။ လန်ဒန် အနောက်ဖက်ခြမ်းတွင် လမ်းပေါ် ရာဇဝတ်မှုများ က ကြောက်ခမန်းလိလိ တိုးပွားလာနေသည့် အဖြစ်ကို အားလုံး သိထားကြပြီးလည်း ဖြစ်သည်။ ရို့စ်လက်ထဲက အစားအသောက်များ နှင့် ငွေကို ပါ ယူသွားပြီး လုယက်ရာမှ လက်လွန်သွားသည့် ပုံစံမျိုး ဖန်တီးရမည်။

 

“အန်တီ ရို့စ်ရေ နှစ်တွေ အကြာကြီး နေပြီးကာမှ အခုလို ပြန်တွေ့ရတာ ကျမလည်း ဝမ်းသာမိတယ်”

 

သစ်ပင်များ အကြားတွင် သူတို့ လမ်းခွဲလိုက်ကြသည်။ ရို့စ်က မြောက်ဖက်သို့ လျှောက်သွားပြီး သူမက တောင်ဖက်သို့ ထွက်လာခဲ့သည်။ ထို့နောက် ကက်သရင်း သည် ချက်ချင်းလို နောက်ပြန်လှည့်လိုက်ပြီး ရို့စ် နောက်သို့ ခပ်သွက်သွက် လိုက်လာခဲ့ရင်း အိတ်ထဲက မော်ဆာ ပစ္စတိုကို ဆွဲထုတ်လိုက်သည်။ ဒီနေရာတွင် မြန်မြန် ကိစ္စပြီး မှ ဖြစ်ပေမည်။

 

“ရို့စ် ရေ ခဏလေး၊ ပြောဖို့ တခု ကျန်သွားလို့”

 

ရို့စ်က သွားနေရာမှ ရပ်လိုက်ပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်သည်။ ကက်သရင်းသည် မော်ဆာ ကို ရို့စ် မျက်နှာ တည့်တည့်သို့ ချိန်ရွယ်လိုက်ပြီး ရို့စ်ထံမှ စကားသံ ထွက်မလာခင်မှာပင် ကျည်ဆံသည် ရို့စ် မျက်လုံး ကို ဖေါက်ထွက်သွားတော့သည်။

 

လက်မှ မှင်များက ဖျက်မရ ဖြစ်နေ၍ နောက်တကြိမ် ဆပ်ပြာနှင့် အသေအချာ တိုက်ချွတ်နေရပြန်သည်။ ဘရပ်ရှ်ကိုပါ လှမ်းယူပြီး အထပ်ထပ် ပွတ်လိုက်မှ အသားရောင် ပေါ်လာတော့သည်။ ဒီတကြိမ် တွင် သူမ ဘာလို့ ကိုယ့်ကိုကိုယ် မသတီသည့် စိတ် ပေါ်မလာခဲ့သည့် အဖြစ်ကို အံ့ဩနေမိပြန်သည်။ ဗိုဂဲလ် က ဒီလို မျိုး ပထမ တကြိမ် တွင်သာ ဖြစ်တတ်ပြီး နောက်ပိုင်း သက်တောင့်သက်သာ ဖြစ်သွားသည်ဟု တော့ ပြောခဲ့ဖူးသည်။ ဘရပ်ရှ် ပါမှ လက်က မှင်များ ပျောက်သွားသည်။

 

နောက်တကြိမ် မှန်ကို ထပ်ကြည့်လိုက်မိပြန်သည်။ ဒီတကြိမ် တွင်တော့ မျက်နှာ မလွှဲတော့ဘဲ စိုက်ကြည့် နေမိသည်။

 

ကက်သရင်း ဘလိတ် -- လက်မရွံ့ လူသတ်သမား

 

                                                **********************

 

အခန်း (၃၃)

 

LONDON

 

အိမ်သို့ ညပြန်အိပ်လျှင် သူ့အတွက် အကျိုး ရှိလာနိုင်သည်ဟု အယ်ဖရက် ဗီကာရီ တယောက် တွေးနေမိသည်။ လမ်းလည်း လျှောက်ချင်လာ၍ ရုံးမှ နေမဝင်မီ တနာရီခန့် စောထွက်လာခဲ့သည်။ လန်ဒန် အမှောင်ထဲတွင် စမ်းတဝါးဝါး မဖြစ်မီ သူ့အိမ် ရှိရာ ချဲလ်ဆီးသို့ ရောက်ရန် လုံလောက်သည့် အချိန် အတိုင်းအတာလည်း ဖြစ်၏။

 

မိုးလည်း မရွာ သာသာယာယာ ရှိသော ညနေခင်း တခုလည်း ဖြစ်သည်။ အေးနေသော်လည်း လေမတိုက်၍ ခံသာနေသည်။ မီးခိုး ရောင် တိမ်တိုက်များသည် ဝင်တော့မည်ဆဲဆဲ နေလုံးကြီး မှ ထွက်ပေါ်လာသော ပန်းရောင် အလင်းတန်းများကြားမှ ထိုးထွက်ကာ လန်ဒန် အနောက်ခြမ်း အရပ်သို့ ဦးတည် ရွေ့လျားနေပေသည်။

 

လန်ဒန်က တော့ စည်ကားနေဆဲပင် ဖြစ်သည်။ ပါလီမန်ရင်ပြင်တွင် ပျားပန်းခပ်မျှ သွားလာနေသော လူအုပ် ကြီးကို ကြည့်နေမိပြန်သည်။ ဘတ်ကိတ်ချ် လမ်းရှိ လေယာဉ်ပစ် အမြှောက်များကိုလည်း တအံ့တဩ ရပ် ကြည့်ခဲ့သည်။ ဆောင်းလေအေး ကို ရှုရှိုက်နိုင်ခဲ့၍ သူ၏ အဆုတ်တွင် အားအင် ပြန်ပြည့်ဖြိုးလာသလို ခံစား နေမိသည်။ ချောင်းခြောက်များ ဆိုးလာ၍ ဆေးလိပ် မသောက်မိအောင် သတိထားနေခဲ့သည်။ ထိုသို့သော အဖြစ်မျိုး ကို ကင်းဘရစ်ချ် တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေနေစဉ်က တကြိမ် ကြုံခဲ့ဖူးပြီး လည်း ဖြစ်သည်။ စစ်ကြီး ပြီးသွားလျှင်တော့ ဆေးလိပ်ကို ဖြတ်ဖြစ်အောင် ဖြတ်မည်ဟု စိတ်ထဲက ကြုံးဝါးလိုက် ပြန်သည်။

 

ဘဲလ်ဂရေဖ် စကွဲယား ကို ဖြတ်လာပြီး စလုံး စကွဲယား ဖက် ဦးတည် လျှောက်လာခဲ့သည်။ ပတ်ဝန်းကျင် ကို ခံစားသက်ဝင်နေမှုက ပြိုကွဲသွားပြီး အမှု အတွက် အတွေးများ ခေါင်းထဲ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ ပြန်ရောက်လာသည် ဆိုသည်ထက် တခါမှ သူ့ထံမှ ခွာသွားခြင်း မရှိခဲ့ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ တခါတရံ တွင် ထိုအတွေးများကို ခပ်ဝေးဝေး ရောက်အောင် တွန်းထုတ်နိုင်ခဲ့ခြင်းမျိုးသာ ဖြစ်သည်။

 

ယခု ဇန်နဝါရီ လမှ ဖေဖေါ်ဝါရီ လ ထဲ ရောက်လာခဲ့ပြီ ဖြစ်သည်။ မကြာမီတွင် နွေဦး ပေါက် ရာသီ ဝင်တော့ မည်လည်း ဖြစ်သည်။ ယင်းနှင့် အတူ ဥရောပ ကို ဝင်တိုက်မည့် စစ်ဆင်ရေးကြီးလည်း စတင်လာပေတော့မည်။ အောင်မြင်မည်လား သို့မဟုတ် ပျက်သုဥ်းသွားမည်လား ဆိုသည်က တရားမျှတမှု ကင်းမဲ့စွာ ဖြင့် ဗီကာရီ ၏ ပုခုံးထက်သို့ ကျရောက်လာနေရပြီ ဖြစ်သည်။

 

ဘက်ချ်လီ ပတ်ရှိ သင်္ကေတ အဓိပ္ပါယ် ဖေါ်နေသည့် အဖွဲ့မှ နောက်ဆုံး ပေးပို့လာသော ဂျာမန်တို့၏ အသံ လွှင့်ချက် များကို စဉ်းစားနေမိသည်။ မက်ဆေ့ချ်သည် မနေ့ညက ဗြိတိန် အတွင်း လှုပ်ရှားနေသော အေးဂျင့် တဦးထံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုမက်ဆေ့ချ် ထဲတွင် လျှို့ဝှက် သင်္ကေတဖြင့် ဖေါ်ပြထားသော နာမည်ဟူ၍ တခုတလေမျှ မပါရှိခဲ့သော်လည်း သူ ဖမ်းမိဖို့ ကြိုးစားနေသည့် စပိုင်များထဲက တဦး ဖြစ်မည်ဟု ဗီကာရီက မှတ်ယူထားပြီး ဖြစ်သည်။

 

မက်ဆေ့ချ်ထဲတွင် ယခုထိ ရရှိသော သတင်းများသည် ကောင်းမွန်နေသော်လည်း ဒီထက် ပို၍ သိရန် လိုအပ် သည်ဟု ပါရှိလာသည်။ ထို့အပြင် အေးဂျင့် အနေဖြင့် သတင်းအရင်းအမြစ် ကို မည်သို့မည်ပုံ ချဥ်းကပ်ခဲ့သည် ဆိုသည့် အစီရင်ခံစာ ပေးပို့ရန်လည်း တောင်းဆိုထားပြန်သည်။ ဗီကာရီသည် ထိုမက်ဆေ့ချ်ထဲမှ မျှော်လင့်စရာ ငွေရောင် အနားကွပ်ကလေးကို ရှာဖွေ နေမိသည်။

 

ဘာလင် မှ နောက်ထပ် ထောက်လှန်းပေးဖို့ လိုအပ်လာသည် ဆိုကတည်းက ယခုထိ ၎င်းတို့ဖက်မှ ပြည့်ပြည့်စုံစုံ မသိရသေး ဆိုသည်ကို ပြဆိုနေသည်။ ထို့အတွက် ဗီကာရီ ဖို့ သတင်းပေါက်ကြားနေမှု ကို ပိတ်ဆို့ရန် အချိန်ရနေ သေးသည်။ သူ့အဖို့က ထိုသို့ အကျိုးသင့် အကြောင်းသင့် တွေးပြီး အဆိုးထဲမှ အကောင်းရှာပြီး စိတ်ဖြေနေ ရသည့် ဘဝမျိုး ရောက်နေသည်။

 

တွေးရင်း က စလုံး စကွဲယားကို ကျော်လာပြီး ချဲလ်ဆီး ရပ်ကွက်တွင်းသို့ ရောက်လာခဲ့သည်။ စစ်မဖြစ်မီ အ မှောင်ချခြင်း မခံရသည့် ထိုသို့သော ညနေခင်းမျိုးကို စိတ်ကူးယဉ်နေမိသည်မှာ ကာလကြာမြင့်စွာ ကတည်းက ပင် ဖြစ်သည်။ ထိုအချိန်က ဘရိဖ်ကေ့စ်ထဲတွင် စာအုပ်များ၊ စာရွက်စာတမ်းများ အပြည့်အသိပ် ထည့်ကာ တက္ကသိုလ် မှ အိမ်သို့ လမ်းလျှောက် ပြန်လာတတ်သည်။ ထိုစဉ်က သူ၏ စိုးရိမ်ကြောင့်ကြခဲ့မှု များသည် ရိုးစင်း လှသည်။ ဒီနေ့ ပို့ချခဲ့သော လက်ချာ ကြောင့် တပည့်များ ငိုက်မြည်းကုန်ကြပြီလား၊ ထုတ်ဝေသူ ပြောသည့် ရက်တွင် စာအုပ်ကို အချိန်မီ ရေးပြီးပါ့မလား အစရှိသည့် အကြောင်းအရာများသာ ဖြစ်သည်။

 

သူ လျှောက်လာစဉ်မှာပင် တစုံတခု လည်း ခေါင်းထဲ ရောက်လာပြန်သည်။ သူအား ဘုသီက ဘယ်လိုပင် ပြောဆို နေစေကာမူ သူသည် ထောက်လှန်းရေး အရာရှိတကောင်း တယောက်ဖြစ်သည်။ သူ၏ ပင်ကိုယ် သဘာဝ နှင့်လည်း ကိုက်ညီသော အလုပ်မျိုး လည်း ဖြစ်သည်။ သူ့ကို လူသိရှင်ကြား ချီးမွမ်းခန်း ဖွင့်နေဖို့လည်း မလိုပေ၊ သိုသိုသိပ်သိပ် နှင့် အလုပ်ကို မနားတမ်း လုပ်နေရလျှင် ကျေနပ်နေတတ်ပြီး အောင်မြင်သည့် အခါမျိုးတွင်လည်း ဂုဏ်ယူကာ ထုတ်ဖေါ်ပြောလေ့ မရှိပဲ ရင်ထဲမှာ မြိုသိပ်ထားတတ်သူ ဖြစ်သည်။

 

သူ တကယ်တမ်း ဘာလုပ် နေသည်ကို မည်သူမျှ မသိသည်ကိုလည်း သဘောကျနေတတ်သည်။ သူ၏ ပင်ကိုယ် သဘာဝ ကိုက လျို့ဝှက်တတ်ပြီး တသီးတသန့် နေထိုင်တတ်သူ ဖြစ်၍ ထောက်လှန်းရေး အရာရှိ တယောက် ဖြစ်လာခြင်းကပင် ထိုသဘာဝကို အင်္ဂတေ လောင်းပေးလိုက်သလို ဖြစ်ခဲ့ရသည်။

 

အတွေးများက ဘုသီ ထံ ရောက်သွားပြန်သည်။ ဘုသီသည် အဘယ်ကြောင့် ဗိုဂဲလ် ဖိုင်ကို ဆွဲယူကြည့်ပြီး မကြည့်ပါဟု လိမ်လည် ပြောဆိုခဲ့ရပေသနည်း။ ဗီကာရီ ၏ သတိပေးလာသည်များကို အဘယ်ကြောင့် အိုင်စင်ဟောင်ဝါ နှင့် ချာချီထံ တင်ပြရန် ငြင်းဆိုခဲ့ရသနည်း၊ ကားလ် ဘက်ကာ ကို သွားရောက် စစ်ဆေး မေးမြန်းပြီး သူထံမှ သိလာရသော ဂျာမန် စပိုင် ကွန်ယက်တခု သီးခြားရှိနေသည် ဆိုသည်ကို သူ့အား အဘယ်ကြောင့် ထုတ်မပြောပဲ ထားခဲ့ရသနည်း၊ ထိုမေးခွန်းအားလုံး အတွက် အဘယ်ကြောင့် ဖြစ်နိုင်သည် ဆိုသည်ကို ဗီကာရီ အဖို့ အကျိုးသင့် အကြောင်းသင့် ကောက်ချက် ချလို့ မရ ဖြစ်နေသည်။ နားဝင်ချို ဖွယ် တေးသွား တခု ဖြစ်အောင် ပုံမဖေါ်နိုင်သေးသည့် ဂီတသင်္ကေတများ သာ ဖြစ်နေရဆဲပင်။


Quote of The Day

There comes a time when one must take a position that is neither safe, nor politic, nor popular, but he must take it because conscience tell him it is right.


Martin Luther King Jr

Subscribe