တော်လှန်ရေးကြီး အောင်မြင်ရန် စစ်ကောင်စီ မှ ပံ့ပိုး ကူညီနေ

by Hla Soewai - Jan 13 2022

စစ်ကောင်စီသည် ဖေဖေါ်ဝါရီ ၁ ရက် နေ့တွင် နိုင်ငံတော် အာဏာကို အတင်းအကြပ် လုယူကြကာ ပြည်သူတရပ်လုံး အပေါ် စစ်ပွဲကြီး ဆင်နွှဲ လာပြီး နောက်တွင် အကျအဆုံး များလာမှု နှင့် တပ်မှ ထွက်ပြေး တိမ်းရှောင်နေကြသည့် အတွက် လူအင်အား ပြန်လည် ဖြည့်တင်းနိုင်စွမ်း မရှိတော့သည့်အတွက် ကြံရာမရသည့် အဆုံး တပ်တွင်းရှိ ဗိုလ်ကြီး နှင့် ဗိုလ်မှူး အဆင့် ရှိသူများ၏ ဇနီးများကို ပြင်ဦးလွင်၊ တောင်ကြီး နှင့် အောင်ပန်း ရှိ စစ်တပ်ရင်းများ ထဲတွင် လက်နက်ငယ် နှင့် လက်နက်ကြီး ကိုင်တွယ် ပုံများကို နှစ်ပတ် သင်တန်း စတင် တက်ရောက်နေရပြီ ဖြစ်သည်ဟု ဧရာဝတီ က ဆိုသည်။

 

အောက်ခြေ စစ်သားများ ၏ ဇနီး များ သည် ထိုသို့သော သင်တန်းမျိုး တက်ရောက်ခဲ့ပြီး ဖြစ်သော်လည်း ယခု ကဲ့သို့ အလယ်အလတ် အဆင့် အရာရှိများ၏ အိမ်ထောင်သည် အမျိုးသမီးများ တက်ရောက်စေခြင်းသည် ပထမဆုံး ဖြစ်သည်။

 

စစ်ခေါင်းဆောင်များသည် ၎င်းတို့ သက်ဆိုး ရှည်ရေး အတွက် သာမန် စစ်သည် ပေါင်း များစွာ၏ အသက်ကို ချကြွေးခဲ့ရုံ နှင့် အားမရ‌သေးဘဲ ယခုအခါ စစ်တန်းလျားနေ အိမ်ထောင်သည် မိသားစုများ၏ အသက်များကိုပင် စတေးပြစ်ရန် မိုက်မဲစွာ ကြံစည်လာကြပြီ ဖြစ်သည်။

 

ထိုသို့ မိမိတို့ သားမယားများ အား သေတွင်းပို့မည့် အရေးကို စစ်တပ်အတွင်း နာကျည်းမှုများ၊ မကျေနပ်မှုများ ထွက်ပေါ်လာတော့မည်က အသေအချာပင် ဖြစ်သည်။ စစ်တပ်သည် ယခုအခါ အရည်အသွေး များ ကျဆင်းလာနေသည်နှင့် အမျှ လက်နက် အင်အား အပေါ်သာ မှီခို နေရသဖြင့် ပြန်လည် ဖြည့်တင်းနိုင်ရန် ငွေအမြောက်အမြား လိုအပ်လာနေသည်။

 

ထိုအရေးကိုထိထိရောက်ရောက် အကာအကွယ် ပေးနိုင်မည့် တခုတည်းသော နည်းလမ်းသည် စစ်တပ်အနေနှင့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့မှ ရရှိနေသော အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ခန့်ရှိ ဝင်ငွေများကို ပိတ်ဆို့တားဆီး နိုင်ရေး ဖြစ်သည်ကို သိနားလည် ထားကြပြီး ဖြစ်သော ပြည်ပရှိ မြို့ပြ အဖွဲ့အစည်းများ၊ အလုပ်သမား နှင့် ကျောင်းသား သမဂ္ဂ အဖွဲ့အစည်း ပေါင်း ၇၈၉ ဖွဲ့မှ စုပေါင်း လက်မှတ်ရေးထိုးပြီး ပြင်သစ် ရှိ တိုတယ် ရေနံ ကုမ္ပဏီကြီးထံ စာရေးသား ပေးပို့ တောင်းဆိုလာခဲ့ကြသည်။

 

ကော့ကရိတ် မြို့နယ် အတွင်းရှိ KNLA တပ်မဟာ (၆) ၏ ထိန်းချုပ်နယ်မြေရှိ ကျေးရွာများကို စစ်တပ်မှ ရဟတ် ယာဉ်များ ဖြင့် ၎င်း၊ လက်နက်ကြီးများ နှင့် ၎င်း ပစ်ခတ်တိုက်ခိုက်လာသည်ဟု လည်း သိရသည်။

 

ကယား ပြည်နယ် မြို့တော် လွိုင်ကော်ကိုပင် တိုက်ခိုက်လာရသော စစ်ကောင်စီ ၏ အကြမ်းဖက်မှုများ အပေါ် ကုလ လူ့အခွင့်အရေး ဖြန်ဖြေရေး တာဝန်ခံ တွန် အင်ဒရူးက ပြစ်တင် ရှုတ်ချလိုက်သည်။ ကရင်နီ အမျိုးသား တိုးတက်ရေး အဖွဲ့ မှ ကြေညာချက် ထုတ်ပြန်ရာတွင် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေး ခိုလှုံသွားသူပေါင်း ၁,၂၀၀ ခန့် ရှိနေပြီး ရာပေါင်းများစွာ သည် လွိုင်ကော် မြို့ ရှိ မိုင်းလုံရပ်ကွက် တွင် ပိတ်မိနေ၍ နိုင်ငံတကာ မှ စစ်အာဏာ သိမ်း အဖွဲ့ကို အလျှင်အမြန် အရေးယူပေးပါရန် တောင်းဆိုခဲ့သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် ထောင်ဒဏ် ၄ နှစ် စီရင်ခဲ့ခြင်းသည် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေး ကို ဖြိုဖျက်ပြီး လူ့အခွင့်အရေးများ ရှေ့လျောက် ပြောင်ပြောင်တင်းတင်း ချိုးဖောက်တော့ မည့် ခြေလှမ်းတရပ် ပင် ဖြစ်သည်ဟု အီးယူ ၏ နိုင်ငံခြားရေး နှင့် လုံခြုံရေး ဆိုင်ရာ ပြောခွင့်ရ နာဘီလာ မတ်စ် ရာလီ က ကြေညာချက် ထုတ်ပြန် ရှုတ်ချလိုက်သည်။

 

သို့သော် ကမ္ဘောဒီယား နှင့် မြန်မာ မှ ဆန်များ အပေါ် သွင်းကုန် စည်းကြပ်မှု ကို ဖယ်ရှားပေးမည်ဟု အီးယူ၏ ကုန်သွယ်ရေး ကော်မရှင် အကြီးအကဲက အတည်ပြု ပြောကြားခဲ့သည်။

 

အမေရိကန် ကုမ္ပဏီများသည် မြန်မာ မှ ကျွန်းသစ်များ ကို ဆက်လက်ဝယ်ယူနေဆဲ ဖြစ်ကြောင်း ကမ္ဘာကုန်သွယ် ရေး အချက်အလက်များ စုဆောင်းထားသည့် စာရင်းများ က ထုတ်ဖေါ်လိုက်သည်။ ၂၀၂၁ ဧပြီလမှစ၍ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် မြန်မာ သစ်လုပ်ငန်း အား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခဲ့သော်လည်း ဖေဖေါ်ဝါရီ မှ နိုဝင်ဘာ အတွင်း အကြိမ်ပေါင်း ၈၂ ကြိမ် မှာယူတင်သွင်းခဲ့သည်ဟု စာရင်းများက ဆိုသည်။

 

ပြင်သစ် နှင့် နော်ဝေး အစိုးရများ မှလည်း နိုင်ငံတော် အတိုင်ပင်ခံ အပေါ် ထောင်ဒဏ်စီရင်ခဲ့မှုကို ပြစ်တင် ရှုတ်ချ လိုက်ပြန်သည်။

 

လက်ရှိတွင် ပြည်ပမှ မည်သို့မျှ ဝင်ရောက် အကူအညီ ပေးနိုင်ခြင်း မရှိသေး၍ အားလုံးက အာဆီယံ မူ ငါးချက် ကို ထောက်ခံသည် ဆိုသော စကား အား politically correct language အဖြစ် ပြောဆိုနေဆဲ ဖြစ်သော်လည်း ဟွန်ဆန်က ပြောင်ပြောင်တင်းတင်းပင် ထို မူငါးချက်သည် မင်းအောင်လှိုင် လက်ခံနိုင်မည့် မူငါးချက် အဖြစ် ပြောင်းလဲ ပြစ်နိုင်ရန် ကြိုးပမ်းလာနေပြီ ဖြစ်သည်။

 

စစ်တပ်မှ အာဏာသိမ်းပြီး နောက် မြန်မာ ပြည်သူများ အဖို့ အကြပ်အတည်းကြီး သုံးခု နှင့် တပြိုင်တည်း ရင်ဆိုင်လာခဲ့ရသည်။ ဤသည်မှာ တည်ငြိမ်သော နိုင်ငံရေး စနစ် ပြိုလဲသွားခြင်း၊ ပညာ‌ရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပျက်ပြားလာခြင်း နှင့် စီးပွားရေး ကျဆင်းလာခြင်း တို့ ဖြစ်သည်ဟု မဇ္ဇျိမ သတင်းတွင် ဖေါ် ပြထားသည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!