D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၉၇)

by Hla Soewai - Jan 13 2022

ကက်သရင်း ဘလိတ်သည် တက္ကစီ စီးပြီး မာဘဲလ် အပ်ချ် သို့ ပြန်လာခဲ့သည်။ ဘတ်စ်ကား ပေါ်တွင် တွေ့ကြုံခဲ့ ရမှုကြောင့် သူမအဖို့ ယခုထိ တုန်လှုပ်ချောက်ချား နေရဆဲ ဖြစ်သည်။ ထိုအဖြစ်ကို ကောင်းစွာ မကိုင်တွယ် နိုင်ရ ကောင်းလားဟု သူမကိုယ် သူမလည်း အပြစ်တင် မဆုံး ဖြစ်နေရသည်။ ဘတ်စ်ကားပေါ်ရှိ အမျိုးသမီးက သူမ ၏ အမည်ရင်းကို ခေါ်ပြီး နှုတ်ဆက်လာသည့် အခါ သူမ သည် ဘာမျှ မစဉ်းစားနိုင်တော့ဘဲ ဘတ်စ်ကား ပေါ်မှ ကသော ကမျော ပြေးဆင်းလာခဲ့သည်။

 

သူမအဖို့ ထိုင်ခုံတွင် ဆက်ထိုင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် လူမှားနေကြောင်း ပြောဆို ရှင်းပြသင့်သည်။ သူမ ဖက်မှ အကြီးအကျယ် ချွတ်ချော်သွားခဲ့ရခြင်းပင် ဖြစ်သည်။ ဘတ်စ်ကားပေါ်ရှိ လူအများ အပြားလည်း သူမ မျက်နှာကို မြင်သွားကြပြီဖြစ်သည်။ ဤသည်ကပင် သူမအတွက် အိမ်မက်ဆိုးကြီး ဖြစ်လာခဲ့ရပေပြီ။

 

ထို့အတွက် စိတ်တည်ငြိမ်မှု ပြန်ရလိုရငြား တက္ကစီ စီးပြီး ပြန်လာခဲ့ရခြင်း ဖြစ်သည်။ သူမကို အခုလို မှတ်မိ နိုင်သည့် လူတဦး နှင့် ဆုံရဖို့ ဆိုသည်မှာ အတော်ကို ဖြစ်နိုင်ခဲသည်ဟု အမြဲလို ယူဆထားခဲ့မိသည်။ သူမ မိခင် ကွယ်လွန်ပြီး နှစ်နှစ် ကြာသည်အထိ လန်ဒန်တွင် ဆက်နေခဲ့သည်။ ထိုအချိန်က အဖေသည် လန်ဒန်ရှိ ဂျာမန် သံရုံးတွင် အမှုထမ်းနေသောကြောင့် ဖြစ်သည်။ လန်ဒန်ရှိ မိန်းကလေး ကျောင်းတွင် တက်ရောက် ပညာသင် ကြားခဲ့သော်လည်း ရင်းနှီးသော သူငယ်ချင်း အပေါင်းအသင်း မရှိခဲ့။

 

နောက်တကြိမ် အင်္ဂလန်သို့ ပြန်ရောက်ခဲ့သည့် အချိန်က ၁၉၃၅ ခုနှစ် ဖြစ်ပြီး မာရီယာ ရိုမီယို နှင့် အတူ ကျောင်း ပိတ်ရက် အလည် ထွက်လာခဲ့စဉ်က ဖြစ်သည်။ ထိုစဉ် လန်ဒန်ရှိ မာရီယာ၏ သူငယ်ချင်းများ နှင့် အတူ နေပြီး လည်ပတ်ခဲ့ကြသည်။ ပါတီပွဲများ၊ စားသောက်ဆိုင်ကြီးများ နှင့် ပြဇာတ်ရုံ ပေါင်းစုံလည်း ရောက်ခွင့်ကြုံခဲ့၍ လူချမ်းသာ သားသမီးများ နှင့် တွေ့ဆုံ သိကျွမ်းခွင့် ရခဲ့သည်။ ထိုစဉ်က အင်္ဂလိပ် ကောင်လေး တယောက် နှင့်ပင် ရည်းစားသနာ အဆင့် ရောက်ခဲ့ဖူးပြန်သည်။ ယခုအခါ ထိုကောင်လေး ၏ အမည်ကိုပင် မမှတ်မိတော့။

 

ထိုအကြောင်းများကို ဗိုဂဲလ်အား ပြောပြသည့်အခါ ထိုကဲ့သို့သော အန္တရာယ်မျိုးက လက်ခံ၍ ရသည့် အနေ အထား ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော် သူမအား တကယ်တမ်း အကျွမ်းတဝင် သိခဲ့ဖူးသည့် လူတဦး နှင့် ဆုံဖို့က မဖြစ်နိုင် သလောက် နီးပါးဟု သူမက ယူဆခဲ့ခြင်း ဖြစ်သည်။ တွေ့ခဲ့ပါကလည်း သူမတွင် အဖြေက အဆင်သင့် ရှိပြီး ဖြစ်သည်။ “ဝမ်းနည်းပါတယ် ရှင်၊ ကျမကို တယောက်ယောက် နဲ့ မှားနေပြီ ထင်တယ်”

 

ခြောက်နှစ်ကျော် ကြာလာသည့် အထိ ထိုအဖြစ်မျိုး နှင့် မကြုံခဲ့ရ။ ထို့အတွက်လည်း ပေါ့ပေါ့ လျော့လျော့ ဖြစ်သွားခဲ့ရခြင်းပင်။ တကယ်တမ်း ကြုံလာရသည့် အခါ သူမအဖို့ ဘာဆိုဘာမှ မတွေးနိုင်လောက်အောင် ထိတ်လန့်သွားခဲ့ရသည်။

 

သူမကို နှုတ်ဆက်လာသည့် အမျိုးသမီးကိုလည်း တဖြေးဖြေး နှင့် ပြန်မှတ်မိလာသည်။ သူ့အမည်သည် ရို့စ် မော်လီ ဖြစ်ပြီး လန်ဒန်အိမ်တွင် အဖေက ထမင်းချက် အဖြစ် ငှားထားသူ ဖြစ်သည်။ ကက်သရင်းသည် သူမအား ရေးတေးတေးသာ မှတ်မိတော့သည်။ ဤသည်ကလည်း အချက်အပြုတ် ညံ့ဖျင်းလှသောကြောင့် မှတ်မိနေ ခြင်းပင်၊ အသားဆိုလည်း လိုတာထက် ပို၍ ကြာကြာချက်ထားပြန်သဖြင့် မာတောင့်နေတတ်ပြန်သည်။ ကက်သရင်း သည် သူမနှင့်လည်း လက်ပွန်းတတီး နေခဲ့ခြင်းမျိုး မရှိပါဘဲလျှက် အခုလို မှတ်မိနေခြင်းကပင် အံ့ဩစရာ ဖြစ်နေရသည်။

 

သူမအဖို့ ရွေးချယ်စရာ နှစ်ခုပဲ ရှိသည်။ ထိုအဖြစ်ကို မသိကျိုးကျွံ ပြုမည်လော၊ သို့မဟုတ် သူမအပေါ် မည်မျှ အထိ ထိခိုက်လာနိုင်မှု ရှိမရှိ ကို သိရန် စုံစမ်း စစ်ဆေးသွားမည်လောဟူ၍ပင် ဖြစ်သည်။

 

ကက်သရင်း သည် ဒုတိယ အချက်ကို ရွေးရန် ဆုံးဖြတ်လိုက်သည်။

 

တက္ကစီ ဒရိုင်ဘာ အား ကျသင့်ငွေ ပေးပြီး ကားပေါ်မှ ဆင်းလိုက်သည်။ မှောင်ရီပြိုးစ ဖြစ်လာ၍ အလင်းရောင် ပျောက်ကွယ်သွားပြီး အမှောင်ထုက တဖြေးဖြေး ကြီးစိုးလာနေသည်။  မာဘဲလ်အပ်ချ် တွင် ဘတ်စ်ကားလိုင်း နှစ်လိုင်း လာဆုံစည်းသည်။ တလိုင်းက သူမစီးလာပြီး ဆင်းပြေးလာခဲ့သည့် ဘတ်စ်ကားလိုင်း ဖြစ်သည်။ ကံကောင်းလျှင် ရို့စ် မော်လီလည်း ယခုနေရာမှာပင် ဆင်းကာ တခြား ဘတ်စ်ကားလိုင်းကို ပြောင်းစီးသည်နှင့် ကြုံရနိုင်သည်။ သူမ အရင်က စီးလာခဲ့သည့် ဘတ်စ်ကားသည် ပတ်ခ်လိန်းထဲသို့ ချိုးကွေ့ကာ ဟိုက်ပတ်သို့ ဦးတည်သွားမည် ဖြစ်သည်။ အကယ်၍ ရို့စ်သည် ဘတ်စ်ကားပေါ်မှ မဆင်းခဲ့လျှင် သူမလည်း ထိုဘတ်စ်ကား ပေါ်သို့ ဘယ်သူမှ သတိမထားမိအောင် လှစ်ကနဲ ပြန်တက် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

 

ဘတ်စ်ကားသည် တဖြေးဖြေး မှတ်တိုင်နား ရောက်လာပြီ ဖြစ်သည်။ ရို့စ် မော်လီအား အရင် ခုံတွင်ပင် ဆက် လက်ထိုင်နေဆဲ ဖြစ်သည်။ ဘတ်စ်ကား မှတ်တိုင်တွင် ရပ်ရန် အရှိန်လျော့လာသည့် အခါ သူမ ထရပ်လိုက် သည်ကို တွေ့လိုက်ရ၍ ကက်သရင်းသည် သူမ အထင်မှန်သွားပြီ ဖြစ်သည်ကို သိလိုက်သည်။ ဘတ်စ်ကား ရပ်သွားသည်နှင့် ရို့စ်သည် နောက်ပေါက်မှ ဆင်းလာသည်။

 

ကက်သရင်းက အနားသို့ ကပ်သွားပြီး “ရို့စ် မော်လီ မဟုတ်လားဟင်” ဟု မေးလိုက်သည်။

 

အမျိုးသမီးသည် သူမစကားကြောင့် အံအားအသင့်ကြီး သင့်ကာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားပြီး “ဟုတ်တယ်..ဟုတ်တယ်၊ သမီးက  အင်နာ မဟုတ်လား၊ ငါ မြင်တာနဲ့ကို အင်နာပဲ ဖြစ်ရမယ် လို့ တန်းသိတယ်၊ သမီးက ငယ်ငယ်ကအတိုင်းပဲ ဘာမှ မပြောင်းလဲပါလားကွယ်၊ ဒါနဲ့.. ဒီကို ဘယ်လို ရောက်....”

 

“အန်တီမှန်း သိသွားလို့ ကျမ တက္ကစီ နဲ့ နောက်ကလိုက်လာတာ” ဟု ပြောရင်း စကားကို ဖြတ်ပြစ်လိုက်သည်။ သူမ၏ အမည်ရင်းအား လူအုပ်ကြီးထဲ အခေါ်ခံရသည့် အဖြစ်ကို တွေးမိပြန်၍ ကျောထဲကပင် စိမ့်တက်လာ မိသည်။ ရို့စ် မော်လီ၏ လက်ကို တွဲကာ ဟိုက်ပတ် ပန်းခြံရှိရာဖက် ခေါ်လာခဲ့သည်။

 

“လာ..လမ်းလျှောက်ရင်း စကားပြောကြရအောင်၊ မတွေ့တာ ကြာလှပြီနော် ရို့စ်”

 

ထို ည တွင်ပင် ကက်သရင်းသည် ဗိုဂဲလ်ထံ ပေးရမည့် သူမ၏ အစီရင်ခံစာကို လက်နှိပ်စက်ဖြင့် ရိုက်နေသည်။ ပြီးသည်နှင့် စာကို ဓါတ်ပုံရိုက်ယူလိုက်သည်။ ထို့နောက် ဗိုဂဲလ် သင်ပေးထားသည့် အတိုင်း စာ နှင့် အောက်ခံ ရစ်ဘွန်ပါ လက်နှိပ်စက်မှ ထုတ်ယူပြီး မီးရှို့ကာ ပြာများကို ရေချိုးခန်းရှိ လက်ဆေးကန်ထဲ သွန်ချလိုက်သည်။ မှန်ကို ကြည့်မိသွား၍ သူမ ပုံ ကို မြင်လိုက်ရချိန်တွင်တော့ တဖက်သို့ မျက်နှာ လွှဲလိုက်မိသည်။ လက်ဆေးကန် တခုလုံးလည်း မှင်များ ပြာများ နှင့် မဲညစ်သွားသည်။ သူမ၏ လက်များ၊ လက်သည်းများလည်း မဲကုန်သည်။

 

ကက်သရင်း ဘလိတ် -- သူလျှိုမ

 

ဆပ်ပြာကို လှမ်းယူကာ မဲညစ်နေသည့် နေရာများကို ပြောင်စင်အောင် ဆေးကြောနေမိသည်။

 

ယခု ဖြစ်ပျက်ခဲ့သည်များမှာ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသည် မျိုး မဟုတ်၊ သို့သော် သူမ တွေးထင်ထား ခဲ့သည် ထက် အပုံကြီး ဆိုးဝါးသွားခဲ့သည်။ “ကျမ စစ်ကြီး မဖြစ်ခင်ကတည်းက အင်္ဂလန်ကို ပြောင်းလာခဲ့တာ” ဟု ပန်းခြံထဲ လမ်းလျှောက်ရင်းက ရှင်းပြခဲ့သည်။ “အဲ့တာကလည်း ဟစ်တလာ လက်အောက်မှာ ဘယ်လိုမှကို ဆက်နေချင်စိတ် မရှိတော့လို့၊ ဂျူး တွေကို ရက်ရက်စက်စက် လုပ်နေတာ တွေ မြင်ရတော့ ကျမ အတော်ကို တုန်လှုပ်လာမိတယ်”

 

ကက်သရင်း ဘလိတ် - လူလိမ်မ ။

 

“ဒီမှာလည်း သမီးကို  ဒုက္ခ ပေးတာ ခံရမှာပဲနော်”

 

အန်တီ ဘာဆိုလိုတာလဲ”

 

“ဟိုလေ.. ဒီက အစိုးရတို့၊ ရဲတို့ ..ပြီးတော့ စစ်ထောက်လှန်းရေး တို့ကပေါ့” ဟု လေသံတိုးတိုးဖြင့် ပြောလိုက်ပြန်သည်။

 

“နိုး..နိုး၊ အဲ့လောက်ကြီး မဟုတ်ဘူး၊ အေးအေးဆေးဆေးပဲ”

 

“အန်တီက အခု တပ်မှူးကြီး ဟစ်ဂင် ဆိုတဲ့ လူဆီမှာ လုပ်နေတယ်၊ သူ့ကလေးတွေ ထိန်းပေးရတဲ့ အလုပ် မျိုးလေ၊ သူ့ဇနီးက ဂျာမန်တွေ ဗုံးကြဲတုန်းက သေသွားတယ်၊ သနားစရာ ပါကွယ်၊ တပ်မှူးကြီး ဟစ်ဂင်က ရေတပ် မှာ လုပ်နေတာ၊ သူပြောတာတော့ စစ် မဖြစ်မီ နိုင်ငံထဲ ဝင်လာတဲ့ ဘယ်သူကိုမဆို ဂျာမန် စပိုင် လို့ ယူဆမယ်တဲ့”

 

“အဲ့တာ တကယ်”

 

“သမီးကို ဘယ်သူမှ စစ်လား ဆေးလား နဲ့ အနှောက်အယှက် မပေးဘူး ဆိုတာ သိသွားရင် တပ်မှူးကြီးက အတော်ကို စိတ်ဝင်တစား ဖြစ်သွားမှာပဲ”

 

“ဒါတွေ ကို တပ်မှူးကြီး ဟစ်ဂင် ကို ပြန်ပြောဖို့ မလိုဖူး မဟုတ်လား ရို့စ်”

 

ထိုသို့ ပြောသာ ပြောလိုက်ရသော်လည်း ရို့စ် အနေဖြင့် ပြန်မပြောပါဟု မည်သို့မျှ စိတ်ချရ၍ မဖြစ်တော့၊ စပိုင် များက ပေးလာနိုင်သည့် အန္တရာယ်များကို ဗြိတိသျှ လူထုကြီးက ကောင်းစွာ ရိပ်စားမိနေကြပြီ ဖြစ်သည်။ ထိုသို့ သိလာအောင်လည်း ရေဒီယို၊ သတင်းစာများ နှင့် ရုပ်ရှင်များထဲ တွင် ထပ်တလဲလဲ ထည့်သွင်း ဖေါ်ပြနေ ကြသည်။

 

ရို့စ်သည် နုံနုံအအ မိန်းမတယောက်တော့ မဟုတ်၊ သူမနှင့် ဆုံခဲ့ရသည်ကို တပ်မှူး ဟစ်ဂင်အား ပြန်ပြောပြ မည် သာ ဖြစ်သည်။ ထိုအခါ ဟစ်ဂင်သည် ချက်ခြင်းလို MI5 သို့ ဖုန်းဆက်လိုက်မည် ဆိုက လန်ဒန် တမြို့လုံး ပိုက် စိတ်တိုက်၍ သူမကို ရှာလား ဖွေလား လုပ်လာကြပေတော့မည်။ စပိုင် ဝတ္ထုများ အငမ်းမရ ဖတ်လေ့ရှိသည့် အိမ်အကူ တဦး နှင့် မတော်တဆ ဆုံဖြစ်ခဲ့ခြင်းသည်ကပင် သူမ အဖို့ အပတ်တကုတ် ကြိုးစားပြီး တည်ဆောက် ခဲ့ရသော ဟန်ဆောင်ဘဝသည် ချက်ချင်းလို ကွယ်ပျောက်သွားရတော့မည့် အဖြစ်သို့ ရောက်လာခဲ့ရပြီ ဖြစ်သည်။