သူတည်း တယောက် ကောင်းဖို့ ရောက်မူ....

by Hla Soewai - Jan 12 2022

နိုဘဲလ် ဆုရွေးချယ်ရေး ကော်မတီ မှ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော် အတိုင်ပင်ခံအား ယမန်နေ့က နောက်ထပ် ထောင် လေး နှစ် ချခဲ့မှုအား “နိုင်ငံရေး အရ ရည်ရွယ်ချက်ရှိရှိဖြင့်” လုပ်ဆောင်ခဲ့ခြင်းဟု ဆိုကာ ရှုတ်ချလိုက်သည်။

 

သူမအား ဝေါ်ကီတော်ကီများ တရားမဝင် တင်သွင်းခဲ့ခြင်း နှင့် ကိုဗစ် ၁၉ ကန့်သတ်ချက်များ ကို ဖေါက်ဖျက်သည် ဆိုကာ စစ်ကောင်စီ လက်ဝေခံ တရားရုံးမှ ထောင် ၄ နှစ် စီရင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

သို့သော် ဝေါ်ကီ တော်ကီများ အား သူမ အိမ် လုံခြုံရေး ဂိတ် နှင့် သက်တော်စောင့်များ နေထိုင်ရာ တန်းလျား တွင် အာဏာသိမ်းသည့် ည ဖေဖေါ်ဝါရီ ၁ ရက် တွင် ရှာဖွေခွင့် ဝရမ်း မပါပဲ ဥပဒေမဲ့ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ပြီး ဤသည်က သူမ လုံခြုံရေး အတွက် အသုံးပြုရန် သာ ဖြစ်သည်ဟု အကျိုးဆောင် ရှေ့နေများ၏ လျှောက်လှဲချက်ကို တရားသူကြီး ဆိုသူက ပယ်ချခဲ့သည်။

 

တရားရုံး ဟု သတ်မှတ်ထားသော နေရာသို့ အကျဉ်းထောင် အဝတ်အစား ဖြစ်သော အင်္ကျီ အဖြူ၊ ထမိန် အညို ဖြင့် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

 

သူမအပေါ် စွဲဆိုထားမှု များက များပြားလွန်းလှ၍ ထိုအမှုများ ဖြင့် ပြစ်ဒဏ်စီရင်ခံရမည် ဆိုက နှစ်ပေါင်း ၁၀၀ ခန့် ကျခံရဖွယ် ရှိနေသည်။

 

ထိုသို့ပြုလုပ်မည်ကို အားလုံးက မျှော်လင့်ပြီး ဖြစ်၍ အဆန်းတကြယ် မဟုတ်သော်လည်း လက်ရှိ အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းနိုင်မည့် နည်းလမ်း မရှိတော့ ဆိုသည်ကို စစ်ကောင်စီက ကမ္ဘာ အား သွယ်ဝိုက် အသိပေးနေပြီ ဖြစ်၍ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ရပ်တည်ချက် ကို နိုင်ငံတကာ က အသိအမှတ်ပြု လက်ခံလာကြတော့မည်သာ ဖြစ်သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ နက်ပရိုက်စ် က နိုင်ငံတော် အတိုင်ပင်ခံ အား ထိုသို့ ပြုမူခဲ့ခြင်းသည် တရားဥပဒေ စိုးမိုးရေးကို ဗြောင်ကျကျ စော်ကားလိုက်ခြင်းသာ ဖြစ်၍ သူမအား ချက်ခြင်း ခြွင်းချက် မရှိ လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ ထိုသို့သော အပြုအမူများ ကြောင့် မြန်မာပြည်သူများသည် ၎င်းတို့ လက်အောက်တွင် တရက်မျှပင် ဆက်နေချင် စိတ် မရှိကြတော့၍ တိုင်းပြည်အား ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်တင်နိုင်ရေးသည် လွန်စွာ အရေးတကြီး လိုအပ်နေပြီ ဆိုသည်အား ထပ်မံ ပြဆိုလိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် ယနေ့ထိ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း ဆို၍ တခုတလေမျှ လုပ်ဆောင် ပြသနိုင်ခြင်း မရှိသေးပဲ ၎င်း အာဏာ တည်မြဲရေး အတွက် သာ ရည်ရွယ်ပြီး တဖြေးဖြေး နှင့် အောက်ဆုံးသို့ ရောက်အောင် ဆွဲချနေသည်ကို ပြည်သူ တရပ်လုံး မျက်မြင် ကိုယ်တွေ့ကြုံလာကြရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်၏ စစ်ကောင်စီ သည် ကယား ပြည်နယ်မြို့တော် ဖြစ်သော လွိုင်ကော် အား ဗုံးကြဲတိုက်ခိုက်လာရသည်အထိ ကမူးရှုးထိုး ဖြင့် စစ်ရာဇဝတ်မှုများကို ကျုးလွန်လာနေရပြီ ဖြစ်သည်။ ထိုသို့ ပြည်နယ် မြို့တော် တခု အား အစိုးရမှ ဗုံးကြဲတိုက်ခိုက် လာရသည့်အဖြစ်သည် လွတ်လပ်ရေး ရပြီး နောက် ပထမဆုံးအကြိမ်ဟုပင် ပြော၍ရပေသည်။

 

ပြည်သူတော်လှန်ရေး တပ်ဖွဲ့များအား ချေမှုန်းနိုင်ခြင်း မရှိသည့်အပြင် တနေ့တခြား နိုင်ငံ အနှံ့ အင်အားကြီးထွား လာနေမှုကို တုန်လှုပ်လာနေပြီ ဖြစ်သည်။

 

ထို့ပြင် လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူ မပေးလျှင် မြေပြင် တပ်ရင်းများ ရှေ့သို့ မတက်ရဲတော့သည့် အဖြစ် ရောက်နေသည်ဟု စစ်အာဏာသိမ်း ခေါင်းဆောင်များ၏ အစည်းအဝေး တွင် ဝန်ခံ ပြောဆိုနေရပြီဟု “လျော့မတွက်သော်လည်း အထင်ကြီးစရာ မရှိတော့သော မြန်မာ စစ်တပ်” ဟု အမည်ပေးထားသော ဧရာဝတီ သတင်းဆောင်းပါးရှည်ကြီးတွင် ရေးသားထားပြန်သည်။

 

ထို့အတွက် မင်းအောင်လှိုင်သည် မိုးကြိုးပစ်သည်ကို ထန်းရွက် နှင့် ကာသည့် အနေဖြင့် ၎င်း ကျုးလွန်နေသော စစ်ရာဇဝတ်မှုများကို ဥပဒေနှင့် အကျုံးဝင်ကြောင်း ပြန်လည် ပြင်ဆင်နိုင်ရန် ရည်ရွယ်ထားပုံရှိပြီး လက်ရှိ စစ်ဥပဒေချုပ် အောင်လင်းဒွေးအား အရံအင်အား ထဲ ထည့်သွင်းကာ ရာထူး ချလိုက်ပြီ ဖြစ်သည်၊ သို့သော် စစ်ကောင်စီ အတွင်းရေးမှူး အဖြစ် ၎င်း ပြောသမျှ ကို လက်မှတ်ရေးထိုးပေးရန်အတွက် ဆက်လက် တည်မြဲနေသည်။

 

နောက်ထပ်ရရှိသော သတင်းတပုဒ်အရ ဟွန်ဆန်သည် အာဆီယံ အထူး သံတမန် အဖြစ် ၎င်း တဖက်သတ် ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီးအား အကြံပေး အဖြစ် စစ်ကောင်စီအား အသိအမှတ်ပြုရန် တိုက်တွန်းနေသည့် ဂျပန် သံတမန် တဦး ဆာဆာ ကာဝါအား ဖိတ်ကြားနေပြန်သည်။ ထို့အပြင် ဂျပန်မှလည်း မြန်မာ အား အကူအညီပေးပါရန်လည်း တောင်းဆိုခဲ့သည်ဟု ဗီယက်နမ် သတင်းစဉ်တွင် ဖေါ်ပြထားသည်။

 

ထိုမျှသာမက မင်းအောင်လှိုင်သည် ကိုမင်းကိုနိုင် ပြောသကဲ့သို့ပင် ဟွန်ဆန် အား မိမိ၏ Godbrother အဖြစ် ရပ်တည်ပေးပါရန် အရှက်မရှိ တောင်းဆိုခဲ့ပြန်သည်။

 

လက်ရှိ ဟွန်ဆန် သည် အာဆီယံ ဥက္ကဌ ရာထူးကို အလွဲသုံးစား လုပ်ကာ ဒေသတွင်း အာဏာရှင် စနစ် အမြစ်တွယ်‌ရေး အတွက် မင်းအောင်လှိုင်ဖက်မှ ဗြောင်ကျကျ ရပ်တည် ပေးခဲ့မှူကြောင့် မြန်မာ အကျပ်အတည်း ကို ဖြေရှင်းရန် အာဆီယံ ၏ အခန်းကဏ္ဍသည် မြန်မာ ပြည်သူများ ၏ အမြင်တွင် အပြီးအပိုင် ပြည်ဖုံးကား ကျသွားခဲ့ပြီ ဖြစ်သည်။

 

တော်လှန်ရေးကြီး မုချ အောင်ရမည်!!!