ပြီးခဲ့သည့် တနှစ် ပတ်လုံး ကွန်ဂရက်ရှိ ဒီမိုကရက်များက မဲပေးပိုင်ခွင့် နှင့် ပတ်သက်သော အခွင့်အရေးများ ဆိုင်ရာ ဥပဒေအား ဟိုတစ ဒီတစ ပြင်ဆင်နိုင် ရေး အတွက် တစိုက်မတ်မတ် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု ရရှိမလာခဲ့ပေ။
The For The People Act ဟု အမည်ပေးထားသော ဥပဒေကြမ်းတွင် မဲပေးရန် အလွယ်တကူ မှတ်ပုံတင်နိုင်ရေး၊ ရွေးကောက်ပွဲ နှင့် ပတ်သက်သော သတင်းအချက်အလက်များ အား လိမ်ညာထုတ်ပြန်ခြင်းအား ရာဇဝတ်မှု အဖြစ် သတ်မှတ်ရေး၊ မဲဆန္ဒပေးရာတွင် စာရွက် အသုံးပြုရေး၊ ရွေးကောက်ပွဲ ရံပုံငွေ များ အပေါ် တင်းကျပ်ရေး နှင့် သမ္မတ နှင့် ဒုသမ္မတ လောင်းများ အား ၎င်းတို့၏ ဝင်ငွေခွန်များ ထုတ်ပြန်ရေး အစရှိသည်တို့ ပါဝင်သည်။
နောက်ထပ် ဥပဒေကြမ်းတခု အဖြစ် ဂျွန်လူးဝစ် မဲပေးခွင့် ခေတ်မီတိုးတက်ရေး အက်ဥပဒေသည် တကယ်တမ်းတွင် ၁၉၆၅ ခုနှစ်ထဲက ပြဠာန်းထားခဲ့ပြီး ဖြစ်သော မဲပေးပိုင်ခွင့် ဥပဒေကို အပြည့်အဝ အကာအကွယ် ပေးရန် ပြန်လည် ကြိုးပမ်းလာခဲ့ခြင်းလည်း ဖြစ်သည်။
အထူးသဖြင့် လူမျိုးခွဲခြားစွာ ကျင့်သုံးတတ်သော ခရိုင်များတွင် ရွေးကောက်ပွဲ ကျင်းပရေး ကို အပြောင်းအလဲများ ပြုလုပ်လိုပါက တရားရေး ဝန်ကြီးဌာန နှင့် ကြိုတင်၍ ကင်းလွတ်ခွင့် ရယူရမည်ဆိုသော လိုအပ်ချက် ပါရှိခဲ့သည်၊ ထိုအချက်ကို ၂၀၁၃ ခုနှစ်က အမေရိကန် ဗဟိုတရားလွှတ်တော်က
ပယ်ချခဲ့ပြီး ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်း နှစ်ခုလုံးသည် အထက်လွှတ်တော်တွင် မဲခွဲနိုင်သည့် အဆင့်မရောက်ပဲ နိတ္ထိ တံသွားခဲ့ရသည်။
ဤသည်ကလည်း အထက်လွှတ်တော် အမတ်အချို့က ၎င်းတို့ မနှစ်သက်သည့် ဥပဒေများ ရောက်ရှိလာပါက မဲခွဲ ဆုံးဖြတ်ခွင့်မရအောင် အချိန် အကြာကြီး ဆွဲကာ မိန့်ခွန်းများ ပြောတတ်သည့် filibuster ဟု ခေါ်သည့် နည်းလမ်းကို အသုံးပြုတတ်ကြသောကြောင့် ဖြစ်သည်။
သို့သော် အဆိုပါ ဥပဒေကြမ်းများသည် ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော ကွန်ဂရက်အား ဝင်ရောက်စီးနင်းမှုကြီးမျိုး နောက်ထပ် မဖြစ်ပေါ်အောင် ပြည့်စုံလုံလောက်စွာ ကာကွယ်ပေးနိုင်စွမ်း မရှိသေးသည်ကို တွေ့ရသည်။
၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ တွင် ကော်ရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကြီး နှင့် အကြီးအကျယ် နပန်းလုံးနေရချိန်တွင်ပင် အမေရိကန် မဲဆန္ဒရှင်များ အုံနှင့် ကျင်းနှင့် လာရောက် မဲပေးခဲ့ကြသည်။ ပြဿနာဖြစ်ခဲ့ရသည်ကား ၎င်းတို့၏ မဲပေးပိုင်ခွင့် ကို ထိခိုက်ခဲ့ရခြင်းကြောင့် မဟုတ်ပဲ မဲရေတွက်မှု ကို အကျုံးမဝင်အောင် ကြိုးပမ်းလာမှု ကြောင့် ပင် ဖြစ်သည်။
အငြင်းပွားလာသော သမ္မတ ရွေးကောက်ပွဲ ရလဒ်များကို ကွန်ဂရက်က မည်သို့ မည်ပုံ ဖြေရှင်းရမည်ဆိုသည် အပေါ် လမ်းညွှန်ချက်များ ပါရှိသည် ရွေးကောက်ပွဲ မဲရေတွက်မှု ဆိုင်ရာ အက်ဥပဒေ Electoral Count Act (ECA) ကို ၁၈၈၇ ခုနှစ်က ပြဠာန်းပေးထားပြီး ဖြစ်သည်။ ယခု ထိုဥပဒေ ကို ပြင်ဆင်ရန် လိုအပ်လာသည်များကို ဟန့်တားရန် ကြိုးပမ်းနေကြခြင်းပင် ဖြစ်သည်။
အဘယ်ကြောင့် ECA အား ထိုအချိန်က ပြဠာန်းဖို့ ဖြစ်လာရသနည်း ဆိုသည် နှင့် ထိုဥပဒေကို ပြုပြင်
ပြောင်းလဲနိုင်ရန် အခွင့် အရေး များက မည်သို့ ရှိပေသနည်း။
ECA သည် ၁၈၇၆ တွင် ပြုလုပ်ခဲ့သော သမ္မတ ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ထိုအချိန်က ဒီမိုကရက် သမ္မတလောင်း ဆင်မြူရယ် တီလ်ဒင်သည် လူထုမဲတွင် အသာရရှိခဲ့သော်လည်း အီလက်တိုရယ် ကိုယ်စားလှယ် မဲ တွင် အောင်ပွဲခံရန် တစ်မဲ ကပ်လိုနေခဲ့သည်။ ထို့အတွက် ဖလော်ရီဒါ၊ လူဝစ်စီယာနား နှင့် တောင် ကာရိုလိုင်နား ပြည်နယ်များတွင် အကြမ်းဖက်မှု များ နှင့် မဲမသမာမှု စွပ်စွဲချက်များထွက်ပေါ်လာပြီး ရွေးကောက်ပွဲ ရလဒ်သည် အငြင်းပွားစရာ ဖြစ်လာခဲ့ရသည်။
ထိုအချိန်က အမေရိကန် ပြည်တွင်းစစ်ကြီး ဖြစ်ပွားပြီးသည်မှာ ဆယ်နှစ်ကျော်ခန့်သာ ရှိပေသေးသည်။
ပြန်လည် တည်ဆောက်ရေးသည် လူမျိုးရေး အကြမ်းဖက်မှု များ ကြောင့် ရှေ့မတိုးနိုင် ဖြစ်နေရသည်။
အထက်တွင် ဖေါ်ပြခဲ့သော တောင်ပိုင်း ပြည်နယ် သုံး ပြည်နယ် နှင့် အိုရီဂွန် ပြည်နယ်များသည် ၎င်းတို့
သဘောဖြင့် ရွေးချယ်ထားသော သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် အမည်စာရင်းကို ကွန်ဂရက်သို့ပေးပို့လာခဲ့ကြသဖြင့် ရီပတ်ဘလီကင် သမ္မတလောင်း ရူသာဖို့ဒ် ဟေး အတွက် အနိုင်ရဖို့ ဖြစ်လာခဲ့ရသည်။
ထို့အတွက် ရက်သတ္တပတ်များစွာ ကြာအောင် အခြေအတင် ငြင်းခုံခဲ့ကြပြီးနောက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်လောက်သည့် အပေးအယူ တခု ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်က တောင်ပိုင်း ဒီမိုကရက် များသည် ကျွန်စနစ်ကို အကာအကွယ် ပေးလိုကြပြီး ပြန်လည် တည်ဆောက်ရေး ကို ဆန့်ကျင်ကြသည့် လူဖြူများ ဖြစ်သဖြင့် ဟေး အား အနိုင်ပေးလိုကြသည်။ အပြန်အလှန် အနေဖြင့် ဟေး မှ တောင်ပိုင်းမှ
ဖက်ဒရယ် တပ် အတော်များများကို ရုတ်သိမ်းပေးရမည် ဖြစ်ပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အလျင်အမြန် ရပ်တန့်ပေးရမည်၊ ထိုသဘော တူညီချက် ဖြင့် တောင်ပိုင်းနေ လူမည်များသည် ရာစုနှစ် တခု နီးပါးမျှ မဲပေးပိုင်ခွင့် အပါအဝင် အခြား လူမှု အခွင့်အရေးများ ဆုံးရှုံးခဲ့ကြရပြီး ဒုတိယတန်းစား နိုင်ငံသား ဘဝ ဖြင့် နေထိုင်ခဲ့ကြရသည်။
ဆယ်နှစ် အကြာတွင်တော့ ကွန်ဂရက်မှ ECA ကို ပြဠာန်းလာခဲ့သည်။
ECA ကို နားလည်မှသာ အမေရိကန်၏ ရှုပ်ထွေးလှသော သမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်များကို သဘော ပေါက်နိုင်မည် ဖြစ်သည်။
အမေရိကန် နိုင်ငံသား တယောက် သည် ၎င်းသဘောကျရာ သမ္မတ အတွက် မဲထည့်ခဲ့သည် ဆိုပါစို့၊ တကယ်တမ်းတွင် ၎င်းကိုယ်စား သမ္မတ ကို ရွေးချယ်ပေးမည့် elector ခေါ် ကိုယ်စားလှယ်လောင်းကို မဲပေးခဲ့ခြင်းသာ ဖြစ်သည်။ ယင်း ကိုယ်စားလှယ်လောင်းသည် electoral college သို့သွားရောက်ပြီး မဲဆန္ဒပေးကာ ရွေးချယ်ပေးရမည် ဖြစ်သည်။
အမေရိကန် ဖွဲ့စည်းပုံ၏ အပိုဒ် (၂) တွင် ပြည်နယ်တခုစီသည် ပြည်နယ် ကွန်ဂရက် နှင့် ဆီးနိတ်တွင် ရှိ အမတ် အရည်အတွက် အတိုင်း ကိုယ်စားလှယ်လောင်း များ ရရှိရမည် ဟု ဖွင့်ဆိုထားသည်။
ထို့နောက် ပြည်နယ်တခုစီက ၎င်းတို့ ထည့်သော မဲ အရည်အတွက် ကို စစ်မှန်ကြောင်း အတည်ပြုပြီး ကွန်ဂရက်သို့ ပေးပို့ရမည် ဖြစ်သည်။ ထို့နောက် ပြည်နယ်တခုစီက ပေးပို့လာသော မဲ အရည်အတွက်ကို ကွန်ဂရက် နှင့် ဆီးနိတ် တို့ ပူးတွဲ ကျင်းပသော အစည်းအဝေး တွင် ဆီးနိတ် ဥက္ကဌ (အမေရိကန် ဒုသမ္မတ) က ဖွင့်ဖေါက်ပြီး ရေတွက်၍ ကြေငြာပေးရမည် ဖြစ်သည်။
အကယ်၍ မည်သည့် ကိုယ်စားလှယ်မျှ electoral college မဲအများစု ကို မရသည့် အခြေအနေမျိုး ဖြစ်လာက ကွန်ဂရက် က ပြည်နယ် တခုစီမှ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့စီအား မဲတမဲစီ ထည့်ခိုင်းပြီး ရွေးချယ်ပေးရမည် ဖြစ်သည်။
ထိုလုပ်ငန်းစဉ် အတွင်း ဖြစ်ပေါ်လာသော အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ECA တွင် ပါရှိသော လမ်းညွှန်ချက်များ ကို ကိုးကား ရမည်လည်း ဖြစ်သည်။ ECA သည် ဥပဒေပြု အမတ်တဦးစီအားသမ္မတလောင်းတဦး စီ၏ ရလဒ်များ၊ ပြည်နယ် တခုလုံး၏ ကိုယ်စားလှယ်လောင်းများ စာရင်းတို့ကို တရားဝင် ကန့်ကွက်ခွင့် ရှိနေသည်၊ သို့သော် ထိုသို့ ကန့်ကွက် မှု တခုချင်းစီအား အနည်းဆုံး အထက်လွှတ်တော် အမတ်တဦး နှင့် အောက်လွှတ်တော် အမတ် တဦးစီက လက်မှတ်ထိုး
ထောက်ခံပေးရမည် လည်း ဖြစ်သည်။
ကန့်ကွက်ချက် တခုစီ အား ဆွေးနွေးရန် ကွန်ဂရက်သည် အစည်းအဝေးကို နှစ်နာရီခန့် ရွှေ့ဆိုင်း၍ ရသည်။ လွှတ်တော် နှစ်ရပ်စလုံးက ကန့်ကွက်မှု ကို အတည်ပြုလျှင် ပြဿနာဖြစ်နေသော မဲ အား ထည့်သွင်း ရေတွက်ခြင်း မပြုတော့ပေ။
ပြည်နယ် များ အနေဖြင့် မဲအငြင်းပွားမှုကို electoral college မဲပေးပွဲ မတိုင်မီ ခြောက်ရက် အလိုတွင် ဖြေရှင်းပြီး ဖြစ်မည်ဆိုက ထွက်ပေါ်လာသော ရလဒ်များကို ထည့်သွင်း ရေတွက် ရမည် ဖြစ်သည်။
သို့သော် ECA သည် မရေရာ မသေချာမှုများနှင့် ပြည့်နှက်နေသည်။ မည်သည့် အကြောင်းမျိုး နှင့် ကန့်ကွက်နိုင်ခွင့် ရှိနေသနည်း၊ အငြင်းပွားမှူ ကို ဖြေရှင်းပေးရမည့် တရားရုံး၏ အခန်းကဏ္ဍ၊ မဲရေတွက်သည့် လုပ်ငန်းစဉ် တွင် ဒုသမ္မတ ၏ အာဏာ နှင့် ဆုံးဖြတ်နိုင်ခွင့် အစရှိသည် တို့ ဖြစ်သည်။ ထိုအထဲတွင် အဆိုးဆုံးက ကွန်ဂရက် မှ တရားဝင် မဲများကို ငြင်းပယ်နိုင်ခွင့် ပေးထားခဲ့ခြင်းပင် ဖြစ်သည်။
ပြည်နယ်များက ယှဉ်ပြိုင် ကိုယ်စားလှယ် လောင်း စာရင်းကို တင်သွင်းလာ ပြီး ထို ကိုယ်စားလှယ်လောင်းများကို အထက် နှင့် အောက်လွှတ်တော်တို့မှ ထောက်ခံလာသည့် အခါမျိုးတွင် ဖြစ်သည်။
ဤသည်ကို ကြည့်က အမေရိကန် ပြည်သူများက ရွေးချယ်တင်မြှောက်ခြင်း မဟုတ်တော့ပဲ ကွန်ဂရက်က ရွေးချယ်ပေးရသလို မျိုး ဖြစ်လာသည်။
ဖွဲ့စည်းပုံကို ရေးဆွဲ ပေးခဲ့သူများက ထို အရေးကို အခြေအတင် ဆွေးနွေးပြီး ငြင်းပယ်ခဲ့ကြပြီးလည်း
ဖြစ်သည်။ သို့သော် ၂၀၂၄ တွင် ထရန့် သစ္စာခံသူများ က ကျောထောက်နောက်ခံပေးလာသည့် ရီပတ်ဘလီကင်များ မှ အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးကို လွှမ်းမိုးမှူ ရသွားသည့်အခါ၊ ခန့်မှန်းရခက်ပြီး အရေးကြီးသော ပြည်နယ်များတွင် ရီပတ်ဘလီကင် အုပ်ချုပ်ရေးမှူးများ အနိုင်ရရှိသွားသည့် အခါမျိုးတွင်တော့ ၂၀၂၀ ခုနှစ်က အဖြစ်မျိုး ပြန်ပေါ်လာနိူင်ပေသည်။
ထိုသို့သော အကြမ်းပတမ်း နိုင်ငံရေး ပုံစံမျိူး ဖြစ်ပေါ်လာမည်ကို ဟန့်တားခဲ့သော နိုင်ငံတည်ထောင်ပေးခဲ့သူများ ထက် သမ္မတလောင်း အပေါ် သစ္စာခံသူများ အလိုအတိုင်း မူ ကို အကြောင်းပြကာ မဲများကို ပြန်လည် ရေတွက်ချင်းမျိုးသည် အမျှော်အမြင် နည်းရာ ကျပေလိမ့်မည်။
သို့သော်ငြားလည်း လက်ယာသမားများက ထိုသို့ ECA အပေါ် အလွဲသုံးစား လုပ်လာခြင်း အပေါ် စိုးရိမ်မကင်း ဖြစ်လာပြန်သည်။ ရီပတ်ဘလီကင်များသည် မဲမသမာမှု ရှိသည် ဆိုသော အခြေအမြစ်မရှိသော စွပ်စွဲချက်များ ဖြင့် ၎င်းတို့ မနှစ်သက်သော ရွေးကောက်ပွဲ ရလဒ် ကို ငြင်းပယ်ရန် မဲပေးနိုင်မည် ဆိုက ဒီမိုကရက်များ ဖက်ကလည်း လူမျိုးရေး ဖက်လိုက်သည့် ရွေးကောက်ပွဲ ဆိုကာ အလားတူ ကန့်ကွက်လာနိုင်သည့် အရေးကြောင့်ပင် ဖြစ်သည်။
ECA ဖြင့် မဲဆန္ဒရှင်များ ရွေးချယ်စေလွှတ်လိုက်သော ကိုယ်စားလှယ်လောင်းများကို ကွန်ဂရက်က ပယ်ချ နိုင်ခွင့် ရှိနေသည်ဆိုခြင်းကပင် ဖွဲ့စည်းပုံ ပါ အပိုဒ် (၂) နှင့် ကိုက်ညီမှု မရှိဟု အချို့သော ဥပဒေပညာရှင်များက ထောက်ပြလာခဲ့သည်။
ရီပတ်ဘလီကင်များ အစဉ်အလာအရ အကာအကွယ် ပေးခဲ့သည့် ရွေးကောက်ပွဲအား ပြည်နယ်များက ထိန်းချူပ်ထားနိူင်ခွင့် အလားအလာကို ECA က လမ်းဖွင့်ပေးထားခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၀ တွင် ဖလော်ရီဒါမှ အထက်လွှတ်တော် အမတ် မာကို ရူဘီယို မှ ပြည်နယ်များအား အငြင်းပွား မှု ရှိလာက electoral college မတိုင်မီ ၆ ရက် တွင် အပြီး ဖြေရှင်းရမည် ဆိုသည်ကို ရက်တိုးပေးနိုင်မည့် ဥပဒေတရပ်ကို အဆိုပြုလာခဲ့သည်။
လက်ယာ ယိမ်း နိုင်ငံရေး လေ့လာ သုံးသပ်သူ အချို့က ရီပတ်ဘလီကင် အထက်လွှတ်တော် အမတ်များ အနေဖြင့် ဒီမိုကရက်ဖက်က မဲပေးပိုင်ခွင့် နှင့် filibuster အရေး ကို ပြောင်းလဲရန် တွန်းတွန်းတိုက်တိုက် လုပ်လာမည့် အရေးကို လမ်းလွှဲပေးသည့် အနေဖြင့် ဒီမိုကရက်ဖက်က ECA ကို ပြုပြင်ပြောင်းလဲမည့် ဥပဒေကို ထောက်ခံမှု ပေးသင့်သည်ဟု အကြံပြုလာ ခဲ့ကြသည်။
မည်သို့ပင် ဆိုစေ ဥပဒေတရပ် အဖြစ် အကောင်အထည် ဖေါ်လာမည်လား ဆိုသည်က မရေရာသေးပေ။ ကွန်ဂရက် ၏ ယခင်က လုပ်ပုံကိုင်ပုံများကို ကြည့်မည်ဆိုက မျှော်လင့်ချက် အနည်းငယ်သာ ရှိပေသည်။
အကယ်၍ ကွန်ဂရက်သည် ECA အား ပြန်လည် ပြင်ဆင်သည့် ဥပဒေကို ပြဠာန်းနိုင်သည် ဆိုစေဦး ဇန်နဝါရီ ၆ ရက် နေ့လို အဖြစ်မျိူး ထပ် ဖြစ်မလာနိုင်ဟု အာမ မခံနိုင်ပြန်ပေ။
မည်သည့် ဥပဒေမျိုး ပြဠာန်းသည် ဆိုစေကာမူ လူထုက အလိုရှိမှသာ အလုပ်ဖြစ်စမြဲလည်း ဖြစ်သည်။ ၊၂၀၂၀ တွင် အောက်လွှတ်တော် ရီပတ်ဘလီကင်များက လွတ်လပ်ပြီး တရားမျှတစွာ ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလဒ်ကို မဲမသမာမှု ရှိသည် ဆိုကာ သက်သေ အထောက်အထား မယ်မယ်ရရ မပြနိုင်ပဲပယ်ဖျက်ရန် မဲပေးခဲ့ကြသည်။ ဤသည်ကလည်း သမ္မတ အဖြစ် ဘိုင်ဒင်ထက် ဒေါ်နယ် ထရန့် ဖြစ်ရန်ကို လိုလားနေသည့် အကြောင်းရင်း တခုတည်းကြောင့်ပင် ဖြစ်သည်။
ECA ပြုပြင်ပြောင်းလဲရေး ဥပဒေ အလုပ်ဖြစ်ရန်မှာ ကွန်ဂရက် အမတ်များ အားလုံးသည် အခြားလူများကဲ့သို့ပင် ဥပဒေ ကို လေးစားလိုက်နာလိုစိတ် ရှိမှသာ ဖြစ်ပေမည်။