D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၉၆)

by Hla Soewai - Jan 11 2022

လိုက်ကက်စတာ စကွဲယား ရှိ ကော်ဖီ ဆိုင်တွင် ဝင်ထိုင်လိုက်ရင်းက နျူမန် ပေးသော စာကို ထုတ်ဖတ်လိုက်သည်၊ စာထဲပါ အကြောင်းအရာများကို သေချာ နားလည် သဘောပေါက်အောင် နောက်တခေါက် ထပ်ဖတ်လိုက်ပြန်သည်၊ ထို့နောက် စာကို ခေါက်ပြီး ပိုက်ဆံအိတ်ထဲ ပြန့်ထည့်ထားလိုက်သည်။ သူမ တိုက်ခန်း ရောက်မှ မီးရှို့ပစ်တော့မည်ဟု တွေးပြီး စားပွဲပေါ်တွင် သောက်လက်စ ကော်ဖီ အတွက် ကျသင့်ငွေ ကို ချထားပေးပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။

 

ဗိုဂဲလ်၏ စာတွင် သူမ ယခုထိ အောင်မြင်စွာ လုပ်နိုင်ခဲ့မှု အပေါ် ချီးကြူးစကား နှင့် စထားပြီး ဒီထက်ပို၍ တိတိကျကျ သိချင်သည်ဟု ပါရှိလာသည်၊ ယခုအချိန်အထိ သူမဆောင်ရွက်ခဲ့သမျှ ကို အသေးစိတ် အစီရင်ခံရန်လည်း တောင်းဆိုထားသည်၊ သူမ မည်သို့မည်ပုံ ချည်းကပ်ခဲ့သည်၊ ဂျော်ဒန်၏ စာရွက်စာတမ်းများကို ကြည့်ရှု့ခွင့်ရအောင် မည်သို့ လုပ်ခဲ့သည် အစရှိသည်တို့ ဖြစ်သည်။ ဗိုဂဲလ် ဘာကို ရည်ရွယ်နေသည်ကို ကက်သရင်းက သိပြီး ဖြစ်သည်။

 

သူမပေးသည့် သတင်းများက ထိတ်တန်း အဆင့်မြင့် ထောက်လှန်းရေး သတင်းများ ဖြစ်နေ၍ သူမ ၏ သတင်းအမြစ်ကို ရန်သူဖက်က ဝင်ရောက် မစွက်ဖက်နိုင်ရေး သေချာစေချင်၍ ပင် ဖြစ်သည်။ သို့မဟုတ်က သူမထံမှ ရသော သတင်းများကို ယုံကြည်စိတ်ချ၍ မဖြစ်တော့ပေ။

 

ချာရင်း ကရော့စ် လမ်း အတိုင်း မြောက်ဖက်သို့ လျှောက်လာခဲ့သည်၊ သွားရင်းက လမ်းဘေးရှိ ဆိုင်ပြတင်းပေါက် ရှေ့တွင် ရပ်ရင်း အထဲက ပစ္စည်းများကို ကြည့်သလို နှင့် သူမနောက်က နောက်ယောင်ခံ လိုက်လာခြင်း ရှိမရှိ စစ်ဆေးလိုက်သည်။ ထို့နောက် အောက်စဖို့ လမ်းဖက်သို့ ချိုးဝင်လိုက်ပြီး ဘတ်စ်ကား စောင့်နေသော လူတန်းကြီး နှင့် ဝင်ရောလိုက်သည်။ ဘတ်စ်ကားက ချက်ခြင်းလို ထိုးစိုက်လာ၍ သူမလည်း တန်းစီ တိုးတက်လိုက်ပြီး ကား နောက်ဖက် ခြမ်း က ခုံလွတ်တခုံ တွင် ဝင်ထိုင်လိုက်သည်။

 

သူမစိတ်ထဲတွင် ဂျော်ဒန် အိမ်သို့ ယူလာသော စာရွက်စာတမ်း များ သည် သူ့အလုပ်၏ သဘောသဘာဝ ကို အပြည့်အစုံ ခြုံငုံ မိသည်အထိ ပါမလာသေးဟု သံသယ ဝင်နေမိသည်။ ဤသည်ကလည်း အဓိပ္ပါယ် ရှိနေသည်။ ပုပ်က ပေးထားသည့် ၎င်းတို့ စောင့်ကြည့်ခဲ့သော အစီရင်ခံစာတွင် ဂျော်ဒန်သည် နေ့အချိန်တွင် ရုံးနှစ်ရုံးသို့သာ အကူးအသန်းလုပ်သည်ကို တွေ့ရကြောင်း ပါရှိလာခဲ့သည်၊ တရုံးက ဂရိုဗီနာ စကွဲယား ရှိ SHAEF ဌာနချုပ် နှင့် အနီးရှိ ရုံး ခပ်သေးသေး တခု သာ ဖြစ်သည်။ ထိုရုံးနှစ်ရုံးအကြား အကူးအသန်း လုပ်ရာတွင်လည်း ကိုင်လာသည့် ဘရိဖ်ကေ့စ် ကို သူ၏ လက်ကောက်ဝတ် နှင့် လက်ထိပ်လို ခတ်ပြီး ပူးချည်ထားသည်။

 

ကက်သရင်းသည် ထို ဘရိဖ်ကေ့စ် ထဲက ပါသည်များကို ကြည့်ဖို့ လိုအပ်လာသည်။

 

သို့သော် ဘယ်လိုလုပ်ရမည်ကိုကား မစဉ်းစားတတ်သေးပေ။

 

ဂရိုဗီနာ စကွဲယား တွင် ဒုတိယ အကြိမ် လူချင်း ဝင်တိုက်မိအောင် လုပ်ရကောင်းမလားဟု တွေးလိုက် မိပြန်သည်၊ ထိုသို့ လုပ်ပြီးမှ ထိုရုံးလေး ရှိရာသို့ မသွားဖြစ်အောင် နေ့လည်နေခင်း အချစ်ပွဲ ဆင်နွှဲရအောင်ဟု မြူဆွယ်လျှင် ကောင်းလေမည်လား၊ သို့သော် အန္တရာယ်က ရှိနေသည်။ ဂျော်ဒန်သည် ဒုတိယ အကြိမ် မတော်တဆ ဆုံစည်းမှု အပေါ် သံသယ ဝင်လာနိုင်သည်။ ပြီးလျှင်လည်း သူမနှင့် အတူ အိမ်ပြန်မည်ဟုလည်း ကြိမ်းသေပေါက် မပြောနိုင် ပြန်ပေ။ ပြန်ခဲ့သည် ဆိုစေဦး နေ့လည်ကြီး အိပ်ခန်းထဲမှ ခိုးထွက်ကာ ဘရိဖ်ကေ့စ်ထဲက စာရွက်များကို ဓါတ်ပုံရိုက်ဖို့ဆိုသည်က မဖြစ်နိုင်သလောက် နီးပါးပင်။

 

သင်တန်း ကာလအတွင်း ဗိုဂဲလ်က သူမအား ပြောခဲ့သည့် စကားတခွန်းကို ပြန်အမှတ်ရလာမိသည်၊ “စားပွဲမှာ ထိုင်နေတဲ့ လူတွေ ပေါ့ပေါ့ဆဆ လုပ်လာလျှင် ရန်သူ နယ်မြေထဲ‌ရောက်နေတဲ့ အေးဂျင့် အဖို့ အသက်ဆုံးရဖို့သာ ရှိသည်” ဟူ၍ ဖြစ်သည်။

 

သူမအဖို့ စိတ်ရှည်ရှည် ထားပြီး စောင့်ကြည့်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သူမအနေဖြင့် ပီတာ ဂျော်ဒန် ၏ ယုံကြည်မှု ကို ရနေသရွေ့ ဘရိဖ်ကေ့စ် ထဲပါသည့် စာရွက်များကို နောက်ဆုံး တနည်းမဟုတ် တနည်း ကြည့်ခွင့်ရဖို့ ကြုံလာမည်လည်း ဖြစ်သည်။ ဗိုဂဲလ် ကို သူလိုသည့် အစီရင်ခံစာကို ပို့ပေးမည် ဖြစ်သော်လည်း လောလောဆယ်တွင် သူမ၏ နည်းဗျုဟာကိုတော့ ပြောင်းလဲမည် မဟုတ်။

 

ကက်သရင်းက ဘတ်စ်ကား ပြတင်းပေါက်မှ တဆင့် အပြင့်သို့ လှမ်းကြည့်မိသည်၊ သူမ သည် အောက်စဖို့ လမ်းမပေါ်တွင် ရှိနေသော်လည်း ဘယ်အပိုင်းကို ရောက်နေမှန်း မသိ၊ ဗိုဂဲလ် နှင့် ဂျော်ဒန် အကြောင်း စဉ်းစားနေမိ၍ လောလောဆယ် ဘယ်ရောက်လို့ ရောက်နေမှန်း မသိ ဖြစ်သွားခဲ့ရခြင်းပင်။ ဘတ်စ်ကားသည် အောက်စဖို့ ဆပ်ကပ်စ် ကို ကျော်ဖြတ်လာမှသာ အနည်းငယ် စိတ်သက်သာရ ရသွားမိသည်။

 

ထိုအခါကျမှ သူမကို စူးစူးစိုက်စိုက် ကြည့်နေသော အမျိုးသမီးတယောက် ကို သတိထားမိလိုက်သည်၊ သူမ သည် ကက်သရင်း နှင့် မျက်နှာခြင်းဆိုင် တဖက်ခြမ်းရှိ ထိုင်ခုံ ပေါ်တွင် ထိုင်နေသည်၊ ကက်သရင်းက တဖက်သို့ မျက်နှာလွှဲလိုက်ပြီး အပြင်သို့ ကြည့်ချင်ယောင် ဆောင်နေလိုက်သည်။ သို့သော် အမျိုးသမီး၏ အကြည့်က သူမထံမှ မခွာပဲ ရှိနေသည်ကိုလည်း စိတ်ထဲက အလိုလို သိနေသည်။ “ဒီအမျိုးသမီး ဘာဖြစ်လို့ ငါ့ကို ဒီလောက် သဲကြီးမဲကြီး စိုက်ကြည့်နေပါလိမ့်” ဟု တွေးမိလာသည်။ အမျိုးသမီး မျက်နှာကို မသိမသာ အကဲခတ်လိုက်ရာ သူမစိတ်ထဲတွင် မြင်ဖူးသလို ဖြစ်လာခဲ့သည်။

 

ဘတ်စ်ကားက မှတ်တိုင်တခု တွင် ရပ်တော့မည်မှန်း သတိထားမိလာ၍ ကက်သရင်းက ဆင်းရန် ပြင်လိုက်သည်၊ သူမအနေဖြင့် အခြေအနေ ကို ဖြစ်ချင်တာဖြစ် ဆိုပြီး လွှတ်ပေးထား၍ မဖြစ်၊ ချက်ခြင်းလို ဘတ်စ်ကားပေါ်မှ ဆင်းမှ ဖြစ်ပေတော့မည်၊ ဘတ်စ်ကား က ရပ်ရန် ဟန်ပြင်သည့် အနေဖြင့် အရှိန်ကို သပ်ပြီး မှတ်တိုင်တွင် ထိုးစိုက်လိုက်သည်။ ကက်သရင်းလည်း ဆင်းရန် မတ်တတ် ထရပ်လိုက်သည့် အခါတွင်တော့ အမျိုးသမီးသည် သူမ လက်မောင်းကို လှမ်းကိုင်လိုက်ပြီး “အင်နာ...အင်နာ မဟုတ်လားဟင်” ဟု မေးလာခဲ့သည်။

 

                                                **********************

 

ဘီထရစ် ပင်း ကို သတ်ခဲ့ပြီးနောက် သူမသည် အိမ်မက်တခုကို ထပ်တလဲလဲ မက်နေမိသည်။ အိမ်မက် အစ အဆုံးကလည်း တပုံစံတည်းချည်း ဖြစ်နေသည်။ အိမ်မက်ထဲတွင် သူမသည် အမေ၏ အဝတ်လဲခန်း ကြမ်းပြင်ပေါ်တွင် ဆော့နေသည်၊ အမေက မှန်တင်ခုံ ရှေ့တွင် ထိုင်ရင်း မျက်နှာကို ပေါင်ဒါ  တို့နေသည်။ ထိုအချိန်တွင် ပါပါးသည် အခန်းထဲသို့ ဝင်လာသည်၊ သူ့ကိုယ်ပေါ်တွင် အဖြူရောင် ညစာ စားပွဲ တက် ဝတ်စုံကို ဝတ်ထားသည်။ သူ၏ ရင်ဘတ်ပေါ်တွင်လည်း တံဆိပ်များကို ချိတ်ဆွဲထားသည်၊ အဖေက ခေါင်းကို ငုံ့ပြီး အမေ၏ လည်ပင်းကို နမ်းလိုက်ရင်းက မြန်မြန်သွက်သွက် လုပ်ဖို့ ပြောသည်။ အခန်းထဲသို့ ဝင်လာသည့် နောက်တယောက်က ကပ် ဗိုဂဲလ် ဖြစ်ပြီး သုဘရာဇ တယောက်အလား အမည်းရောင် ဝတ်စုံကို ဆင်မြန်းထားသည်၊ သူ၏ မျက်နှာသည် ဝံပုလွေ ၏ မျက်နှာနှင့် တထေရာတည်း လို ဖြစ်နေသည်။

 

သူ၏ လက်ထဲတွင် သူမ၏ ပစ္စည်းများ ကို ကိုင်ထားပြန်သည်၊ စိန်များ နှင့် စီခြယ်ထားသော ငွေရောင် ဓါးစူးချွန် တချောင်း ၏ လက်ကိုင်တွင် ပါသည့် စကြာတံဆိပ်ကို ပတ္တမြား နှင့် ပြုလုပ်ထားသည်၊ ထို့ပြင် မော်ဆာ ပစ္စတို ကိုလည်း ဆိုင်လင်စာ တပ်ထားပြီး ဆက်သွယ်ရေး စက်ပါသည့် ခရီးဆောင် အိတ်ကိုလည်း လက်တဖက်က ကိုင်ထားပြန်သည်။

 

“မြန်မြန်လုပ်၊ နောက်ကျလို့ မဖြစ်ဘူး၊ ဖူးဟားက မင်းကို တွေ့ဖို့ စိတ်စောနေတယ်”ဟု  သူမအား တိုးတိုး ကပ်ပြောလိုက်သည်။

 

ထို့နောက်တွင် သူမသည် မြင်းနှစ်ကောင် ဆွဲလာသော ရထားလုံး ဖြင့် ဘာလင်မြို့ကို ဖြတ်ပြီး ခရီးနှင်လာခဲ့သည်။ ဝံပုလွေ ရုပ်နှင့် ဗိုဂဲလ်သည် ဘေး မှ ခုန်ပေါက် လိုက်လာနေသည်။

 

ပါတီ ပွဲ တခုလုံး သည် နေရာ အနှံ့ ထွန်းထားသော ဖယောင်းတိုင် မီးများ ဖြင့် လင်းထိန်နေသည်၊ ဝတ်ကောင်းစားလှများ နှင့် တင့်တယ် ပြေပြစ်နေသော အမျိုးသား၊ အမျိုးသမီး များ က တွဲကနေကြသည်။ ဟစ်တလာကတော့ ခမ်းမ အလယ်တွင် ဧည့်တောင်ခံနေသည်။ ဗိုဂဲလ်က သူနှင့် သွားစကားပြောရန် နောက် က တွန်းတွန်းတိုက်တိုက် လုပ်နေသည်။

 

သူမလည်း လူအုပ်ကြီးကြားထဲ တိုးဝင်သွားသည့်အခါ လူတိုင်းက သူမအား စိုက်ကြည့်နေသည့် အဖြစ်ကို သတိထားမိလိုက်သည်။ သူမအဖို့ ရုပ်ရေ ရူပကာ ရ ချောမောလှပနေ၍သာ ဖြစ်မည်ဟု ထင်ခဲ့မိသော်လည်း တအောင့်လောက် အကြာတွင်တော့ စင်ပေါ်က တီးဝိုင်းလည်း ရပ်သွားသည့် အပြင် စကားပြောနေသူများလည်း တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်း၏ အကြည့်က သူမ ထံ ရောက်နေကြသည်။

 

“မင်း က ငါထင်သလို ကလေး မဟုတ်ပဲ အပ်ဗဲယား ရဲ့ စပိုင် ဖြစ်နေပါလား”

 

“မဟုတ်ရပါဘူး ရှင်”

 

“ဘာ မဟုတ်ရမှာလဲ၊ ဟုတ်သမှ သိတ်ဟုတ်၊ ဒါကြောင့်လည်း မင်းလက်ထဲမှာ ဓါးစူးချွန် နဲ့ ရေဒီယို ရှိနေတာပေါ့”

 

“မဟုတ်ဘူး။ မဟုတ်ဘူး၊ အဲ့တာ မမှန်ဘူး”

 

ထို့နောက်တွင်တော့ ဟစ်တလာက “ဆာဖစ် က ဘီထရစ် ပင်းကို သတ်ခဲ့တာ မင်းပဲ မဟုတ်လား”

 

“မဟုတ်ဘူး၊ မဟုတ်ဘူး”

 

“ဖမ်း..ဖမ်း၊ ဖမ်းပြီး တခါတည်း ကြိုးပေးပြစ်”

 

လူတိုင်းက သူမကို ကြည့်ပြီး လှောင်ပြောင် ရီမောနေကြပြီ ဖြစ်သည်။ ရုတ်ခြည်း ဆိုသလို သူမ သည် ကိုယ်လုံးတီး ဖြစ်သွားပြန်၍ ရယ်သံများက ယခင်ကထက် ပို၍ ဆူညံစွာ ထွက်လာပြန်သည်။ သူမ သည် အကူအညီရလို ရငြား ဗိုဂဲလ် ရှိရာကို လှမ်း ကြည့်လိုက်တော့ အစအနပင် မမြင်ရလောက်အောင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

 

ထို့အချိန်တွင် သူမသည် အိပ်ယာမှ ထထိုင်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်၊ တကိုယ်လုံးလည်း ချွေးများ နှင့် ရွှဲနစ်နေသည်၊ သူမကိုယ် သူမလည်း အရူးချီးပန်း အိမ်မက် ပါဟု ပါးစပ်မှ ထပ်တလဲလဲ ပြောနေမိပြန်သည်။

 

                                                ******************************