အာဆီယံ ၏ တုန့်ပြန်မှု

by Hla Soewai - Jan 11 2022

ဟွန်ဆန် နှင့် ပူးတွဲထုတ်ပြန်သော ကြေညာချက်သည် မည်သို့မျှ အရေးပါမှု မရှိကြောင်း နှင့် မင်းအောင်လှိုင် ပေးသော ကတိအပေါ်လည်း သံသယ ရှိနေကြသည်ဟု အာဆီယံ အဖွဲ့ဝင် နိုင်ငံများရှိ အရာရှိ များက ထုတ်ဖေါ်ပြောဆိုလာခဲ့ကြသည်။

 

ယခင် အာဆီယံ အတွင်းရေးမှုး ချုပ်ဟောင်း တဦး ဖြစ်ခဲ့သည့် စင်္ကာပူ ဝါရင့် သံတမန် တဦး ဖြစ်သူ အွန်ကင်ယောင်က မြန်မာ၏ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် လက်တွေ့ကျသည့် အချက်များ မတွေ့ရပဲ စကားလုံးများ သာ ဖေါင်းပွနေသည်ဟု ဆိုသည်။

 

ဟွန်ဆန် မှ မြန်မာ သို့ သွားရန် စီစဉ်ခဲ့မှုသည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ဖိတ်ခေါ်ခြင်၍ အကြောင်းပြသည့် ဗျုဟာ တခုသာ ဖြစ်သည်ဟုလည်း မှတ်ချက်ချခဲ့သည်။

 

အခြားနိုင်ငံတခုမှ အမည်မဖေါ်လိုသည့် သံတမန်တဦးကမူ ပူးတွဲ ကြေညာချက်သည် ယခင်က အတိုင်း ပင် ဖြစ်ပြီး ဟွန်ဆန်က လိုက်လျောမှုများ လုပ်လာခြင်းကြောင့် ပို၍ ပင် အားပျော့ကာ လမ်းလွဲသွားခဲ့ရသည်ဟု ဝေဖန်လိုက်သည်။

 

ထိုကြေညာချက်တွင် စစ်ကောင်စီက ထုတ်ပြန်လာသော အချက် ငါးချက်ပါ လမ်းပြမြေပုံကို ဦးစားပေး ဖေါ်ပြထားပြီး အာဆီယံ ၏ မူ ငါးချက်သည် အဆိုပါ လမ်းပြမြေပုံကို အထောက်အကူ ပြုသင့်သည်ဟု ဖေါ်ပြထားသည်။

 

အာဆီယံသည် စစ်ကောင်စီ၏ လမ်းပြ မြေပုံအား မြန်မာပြည်သူများက ပယ်ချခဲ့ပြီး ဖြစ်သော်လည်း ယခုလို ကြေညာချက်တွင် ထည့်သွင်းလာခြင်းကပင် ဟွန်ဆန်မှ အကြီးအကျယ် လိုက်လျောပေးခဲ့ရသည့် အချက်ကို ပေါ်လွင်စေသည်ဟု ဆိုသည်။

 

သို့သော် အချို့ အာဆီယံ သံတမန် များက စစ်ကောင်စီ နှင့် ဆက်သွယ်ရေး လမ်းကြောင်း ပွင့် သွားခဲ့၍ အပြုသဘော ဆောင်သည်ဟု ပြောလာခဲ့ကြသည်။

 

သို့သော် အင်ဒိုနီရှား၊ မလေးရှား နှင့် စင်္ကာပူ ကဲ့သို့သော နိုင်ငံများက ပူးတွဲ ကြေညာချက်ကို သတိကြီးစွာ ထားနေကြပြီး လာမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ မြန်မာကို ဖိတ်ကြားခြင်း မပြုသင့်သေး ဟူသော မူ ကို စွဲကိုင်လျက်ပင် ရှိနေဆဲ ဖြစ်သည် ဟု ဆိုသည်။

 

မည်သို့ပင် ဖြစ်စေ ဟွန်ဆန်၏ စစ်အာဏာသိမ်း အဖွဲ့နှင့် တွေ့ဆုံခဲ့မှုကြောင့် အာဆီယံ အတွင်း အကွဲအပြဲများ ပို၍ နက်ရှိုင်းလာခဲ့ရသည် အစရှိသည်ဖြင့် ကျိုဒို သတင်းဌာန က ရေးသားထားသည်။

 

နောက်ထပ် ထွက်ပေါ်လာသော သတင်းတခု အရ ဟွန်ဆန်မှ ဩစတေးလျ စီးပွားရေး ပညာရှင် ရှောင် တန်းနယ် ကို လွှတ်ပေးရန် မင်းအောင်လှိုင်အား တောင်းဆိုခဲ့ခြင်းပင် ဖြစ်သည်။

 

ထိုသို့ တောင်းဆိုခဲ့ရခြင်းမှာလည်း ဩစတေးလျ နိုင်ငံခြားရေး ဝန်ကြီး မာရိစ် ပိန်း မှ ဟွန်ဆန် ထံ စာရေးသား ပြီး ပြောဆိုပေးရန် မေတ္တာ ရပ်ခံခဲ့ခြင်း ကြောင့် ဖြစ်သည်ဟု သိရသည်။

 

မင်းအောင်လှိုင်က တရားရုံး အမှုများ မပြတ်သေး၍ ခေတ္တစောင့်ဆိုင်းပါဟု ပြန်လည် ချွေးသိပ်ခဲ့သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင်၏ တရားရုံး အဖွဲ့ကတော့ မည်သူကို မဆို ၎င်း သဘောကျ အမျိုးမျိုး လုပ်ကြံကာ စွဲချက် တင်နိုင်ရန် ကြိုးပမ်းခဲ့ရသော်လည်း ၎င်းက တရားစီရင်ရေး စနစ်ကို ခါးပိုက်ထောင်ထဲ ထည့်ကာ နိုင်ငံရေး အရ အကျိုးအမြတ် ရနိုင်ဖို့သာ အသုံးချနေခြင်း ဖြစ်သည်။

 

လောလောဆယ်တွင် စစ်ကောင်စီ သည် ကမ္ဘောဒီယား မှ လေယာဉ် လေးစီးစာ အပြည့် တင်ဆောင်လာသော ကိုဗစ် နှင့် ဆက်စပ်ဆေးပစ္စည်းများနှင့် ကုသရေး စက်ပစ္စည်းများကို ဝမ်းပမ်းတသာ လက်ခံရယူနေရပြီ ဖြစ်သည်။ (ပုံတွင် တွေ့ရစဉ်)

 

ဟွန်ဆန်သည် ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်အဖြစ် ၂၀၂၃ တွင် ဝန်ကြီးချူပ်၏ ဖခင် ဖြစ်လာပြီး ၂၀၄၀ တွင် ဝန်ကြီးချုပ်၏ အဖိုး ဖြစ်လာမည် ကို စောင့်ကြည့်ကြပါ ဟု ပြတ်သားစွာ ပြောဆိုလာပြီ ဖြစ်သည်။ ထိုသို့သော် လူမျိုးက မင်းအောင်လှိုင် နှင့် ပုလင်းတူ ဘူးဆို့ ဖြစ်လာသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

စစ်ကောင်စီကတော့ နိုင်ငံအား နောက်ပြန်ဆွဲနေပြီး တဖြေးဖြေးချင်း နှိပ်စက်လာနေပြီ ဖြစ်သည်၊ ယခုအခါ လျပ်စစ်ဓါတ်အား ပင် ရန်ကုန်ရှိ လူထု အဖို့ တနေ့ ငါးနာရီမျှ ဖြတ်တောက်ခံနေရပြီး မကြာမီက ဓါတ်ငွေ့ဈေးနှုန်းများ လေးဆခန့် မြင့်တက်လာသဖြင့် ဖြန့်ဖြူးမှု လျော့ချသွားမည်ဟု ဆိုလာသဖြင့် အခြေအနေများ ပို၍ ဆိုးလာဖွယ် ရှိနေသည်။

 

ကယားပြည်နယ် အတွင်း ကရင်နီ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များ နှင့် တိုက်ပွဲများ ဖြစ်ပွားရာတွင် စစ်တပ်ဖက်မှ အကျအဆုံးများ များပြားလာသည့် အတွက် လေကြောင်းမှ တိုက်ခိုက်လာမည့် အလားအလာ များကြောင့် ကရင်နီ တိုင်းရင်းသား ၅၀၀ ကျော် သည် ထိုင်းနယ်ခြား ဖြစ်သော မဲဟောင်ဆွန် ဖက်သို့ ထွက်ပြေးလာနေကြသည်ဟု ထိုင်း သတင်းစာများတွင် ရေးသားထားသည်။

 

တော်လှန်‌ရေးကြီး မုချ အောင်ရမည်!!!