နိုင်ငံတဝှမ်း ဟွန်ဆန် အား ကန့်ကွက် ဆန္ဒပြမှုများ ထွက်ပေါ်

by Hla Soewai - Jan 09 2022

ဟွန်ဆန် သည် မြန်မာ မြေပေါ် ခြေချလာခဲ့ပြီ ဖြစ်သော်လည်း သူ့ အဖို့ မြန်မာပြည်သူများကို အဝေးမှပင် လှမ်းမြင်ခွင့် မရသည့် အနေအထား နှင့် နေပြည်တော် ရှိ အစိုးရ ဧည့်ဂေဟာ သို့ ဆိုက်ရောက်လာခဲ့သည်။

 

ဤသည်မှာလည်း လေဆိပ်မှ ဧည့်ဂေဟာ သို့ သွားရာ လမ်းတလျှောက် သံဆူးကြိုးများ ကာရံကာ လက်နက်ကိုင် အစောင့်အကြပ်များ ထူထပ်စွာ ချထားသောကြောင့် ဖြစ်သည်။ ဟိုတယ်များ အနီးတဝိုက် နှင့် လမ်းဆုံ လမ်းခွ များကိုလည်း ပိတ်ဆို့ထားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

ဟွန်ဆန်မှာ အာဏာသိမ်းပြီးနောက်ပိုင်း သွေးစွန်းနေပြီ ဖြစ်သော မြန်မာ မြေပေါ်သို့ ပထမဆုံး ခြေချလာခဲ့သည့် ပြည်ပ နိုင်ငံ ခေါင်းဆောင်တဦးလည်း ဖြစ်နေ၍ ဝဏ္ဏမောင်လွင်မှ ကော်ဇောနီ ခင်းကာ ဂုဏ်ပြုတပ်ဖွဲ့ နှင့် ဝမ်းပမ်းတသာ ကြိုဆိုခဲ့သည်။

 

နိုင်ငံတဝှမ်း မြို့ကြီးများရှိ ပြည်သူများကတော့ မိမိတို့ စစ်အာဏာရှင် လက်အောက်တွင် နေ့စဉ်လို ခံစားနေရ သည့် ဒုက္ခများအပေါ် စာနာစိတ် မရှိဘဲ အာဏာရှင် အချင်းချင်း ပုလင်းတူ ဘူးဆို့ လုပ်ကာ စော်ကား မော်ကား လုပ်လာသည့် အဖြစ် ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြမှုများ နိုင်ငံ အနှံ့တွင် ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် အာဆီယံ ဥက္ကဌ ဖြစ်လာသည်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်ကာ ထင်ရာစိုင်းလာသော ဟွန်ဆန် ကြောင့် အာဆီယံ ပုံရိပ်သည်လည်း ပျက်စီးသွားခဲ့ရသည်။

 

ပြည်ပ ရှိ လူ့အခွင့် အရေး အဖွဲ့များ အားလုံးမှ တညီတညွတ်တည်း ရှုတ်ချခဲ့ကြသည်။ မြန်မာ နှင့် ကမ္ဘောဒီယား ရှိ မြို့ပြ အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က လည်း ဝိုင်းဝန်း ရှုတ်ချခဲ့ကြသည်။

 

ထိုသို့သော အနေအထားများ ကြားမှ သိသိကြီး နှင့် ယခုလို ရောက်ရှိလာခြင်းသည်ကပင် မည်သူကိုမျှ လူမထင် ဟူသော အာဏာရှင် တို့၏ စရိုက် လက္ခဏာ ကို လူသိရှင်ကြား ထုတ်ဖေါ် ပြသလိုက်ခြင်းပင် ဖြစ်သည်။

 

ကမ္ဘောဒီယားသည် ပါတီစုံ ဒီမိုကရေစီ စနစ် ရှိသည် ဆိုသော်လည်း လွှတ်တော်တွင် ဟွန်ဆန်၏ ပါတီကသာ နေရာအားလုံးကို အနိုင်ရရှိထားပြီး အတိုက်အခံ လွှတ်တော် ကိုယ်စားလှယ် ဟူ၍ တဦးတလေမျှပင် မရှိပေ။

 

ဟွန်ဆန် ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဟွန်ဆန်သည် အထိန်းသိမ်းခံ နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံရန် ကြိုးပမ်းခဲ့ခြင်း ရှိမရှိကို ၎င်းတို့ မသိရှိရပါ ဟု ရိုးသားစွာ ဝန်ခံခဲ့ခြင်းမှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

ဟွန်ဆန်က မိမိခရီးစဉ်သည် စစ်ကောင်စီကို အသိအမှတ်ပြုခြင်း မဟုတ်ဘဲ လက်ရှိ မြေပြင် အနေအထား များကို ကြည့်၍ တဆင့်ပြီး တဆင့် လုပ်ဆောင်ဖို့သာ ရည်ရွယ်သည်ဟု ဆိုသည်။

 

ဟွန်ဆန်သည် မင်းအောင်လှိုင် နှင့် မိနစ် ပေါင်း ၁၄၀ ကြာမြင့်အောင် ဆွေးနွေးခဲ့ပြီး မြန်မာ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် အာဆီယံ အထူး သံတမန် ပါဝင်ရေးကို သဘောတူခဲ့သည်ဟု ဆိုသည်။ သို့သော် အထူး ကိုယ်စားလှယ် ဆိုသည်မှာလည်း ဟွန်ဆန်၏ လက်ရုံး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်နေပြန်သည်။

 

မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး နှင့် အပစ်အခတ် ရပ်စဲရေး အား ၂၀၂၂ ဖေဖေါ်ဝါရီ လကုန်အထိ ကြေညာထားပြီး ယခု နှစ်ကုန်အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကတိပေးခဲ့ သည်ဟု လည်း သိရသည်။ သို့သော် ကချင်၊ ကရင်၊ ရှမ်း နှင့် ကယားပြည်နယ်များတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ်သည်ကို ကလေးမှ အစ သိပြီး ဖြစ်၍ ဟွန်ဆန် အဖို့ အရူး ဖြစ်သွားရသည်သာ အဖတ်တင် သွားခဲ့ရပေသည်။

 

ဟွန်ဆန်သည် မင်းအောင်လှိုင်၏ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို သက်ဆိုင် သူများ အားလုံး လက်ခံကြရန် တိုက်တွန်းခဲ့ပြန်သည်။

 

စစ်အာဏာရှင် စနစ်ကို ကာလကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့သော ကိုမင်းကိုနိုင်ကတော့ ဟွန်ဆန်၏ ခရီးစဉ်သည် ထွက်ပေါက်ပိတ်မိနေသော မင်းအောင်လှိုင် အတွက် “နောက်ဆုံး ကောက်ရိုးမျှင် တခုသာ” ဖြစ်သည်ဟု ထောက်ပြသွားခဲ့ပြီ ဖြစ်သည်။

 

ရန်ကုန် တွင် PDF များက စစ်ကောင်စီ တပ်များ နှင့် လက်ဝေခံ အလိုတော်ရိများအား နေရာအနှံ့တွင် အရှိန် အဟုန်မြှင့် တိုက်ခိုက်လာနေသည်။ ယခုအခါ ရခိုင်ပြည်နယ်မှ လွဲ၍ တိုင်းပြည်အဝှမ်း ပြည်သူများက စစ်အာဏာရှင်များအား ခုခံ တွန်းလှန်ရေး စစ်ပွဲကြီး ဆင်နွှဲနေကြပြီ ဖြစ်သည်။

 

စစ်ကောင်စီ အဖို့ ယခုအထိ တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်း မရှိသည်ကို မျက်ဝါးထင်ထင် သိမြင်လာ နေသော တရုတ်သည် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပို့သည့် လက်တဆုပ်စာ နိုင်ငံများ စာရင်းတွင်ပင် ပါဝင် လာခြင်း မရှိတော့ပေ။ တရုတ်သည် လက်ရှိတွင် ၎င်းတို့ အကျိုးစီးပွား အတွက် စစ်အာဏာရှင်များ နှင့် စီးပွားရေး အရသာ ဆက်ဆံလိုဟန်ရှိပြီး နိုင်ငံရေး၊ သံတမန်ရေး များတွင် ဖာသိဖာသာ မည် ဆိုသော မူဝါဒကို ကျင့်သုံး နေသေး၍ မင်းအောင်လှိုင် အဖို့ အခက်တွေ့နေရသည်။ ယခုအချိန်အထိလည်း ဟွန်ဆန် ၏ ခရီးစဉ် အပေါ် တရုတ် အစိုးရ သတင်းစာများက ထင်မြင်ချက် တစုံတရာ ရေးသားခြင်း မရှိဘဲ ရေငုံ နှုတ်ပိတ်နေကြဆဲ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်း၏ မြေးဖြစ်သူ အတွက် အိန္ဒိယ မှ အထူးကု ဆရာဝန်ကြီးများအား ဒေါ်လာ သိန်းချီ အကုန်ခံကာ အထူး လေယာဉ် စေလွှတ်ပြီး ပင့်ဖိတ် ကုသနေချိန်တွင် မြန်မာပြည်သူများ အဖို့ က စားဝတ်နေရေး ကျပ်တည်းလွန်းမက ကျပ်တည်းလာနေပြီ ဖြစ်၍ ဝမ်းတထွာ အတွက် မိမိတို့ နေရပ်ကို စွန့်ခွာ၍ တောတောင် အထပ်ထပ် ကို ဖြတ်ကျော်ကာ အလုပ်အကိုင် တခုခု ရရန် ထိုင်းနိုင်ငံ အတွင်းသို့ စွန့်စား ဝင်ရောက်လာနေကြပြီ ဖြစ်သည်။

 

ထိုင်း အာဏာပိုင်များ အဆိုအရ ထိုသို့ ဖြတ်ကျော်ဝင်ရောက်လာသူများကို ဖမ်းဆီးမိသည့် အရေအတွက်သည် အာဏာသိမ်းပြီးချိန်မှစ၍ သုံးဆခန့် များပြားလာခဲ့သည်ဟု သိရသည်။

 

(ပုံတွင် ထိုင်း အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံထားရသော မြန်မာ ပြည်သူများ ကို တွေ့နိုင်သည်)

 

တော်လှန်‌ရေးကြီး မုချအောင်ရမည်!!!