ဟွန်ဆန်၏ ခရီးစဉ် အဆုံးသတ် ခဲ့ရရှာပြီ

by Hla Soewai - Jan 09 2022

ဟွန်ဆန်သည် အာဏာသိမ်း အဖွဲ့ နှင့် ဆွေးနွေးမှု အခြေအနေကောင်းမည် ဆိုလျှင် နောက်ထပ် တရက် ဆက်ပြီး နေသွားမည်ဟု ကြွေးကြော်ခဲ့သော်လည်း ယခုအခါ ယခင် စီစဉ်ထားသည့် အတိုင်း တပ်ခေါက် ပြန်သွားခဲ့ရပြီ ဖြစ်သည်။

 

သူ၏ ခရီးစဉ်အတွင်း မင်းအောင်လှိုင်မှ အပစ်အခတ် ရပ်စဲရေးကို လက်ရှိ ဖေဖေါ်ဝါရီ ၂၈ မှ ဒီဇင်ဘာ ၃၁ အထိ တိုးမြှင့်ပေးခဲ့မှုကိုသာ အာဆီယံ မူ ငါးချက် အကောင်အထည် ဖေါ်ရေး ရှေ့ပြေး ခြေလှမ်းကြီး တရပ်အလား အရှက်ပြေ ပြောဆိုကာ လေယာဉ်ပေါ် တက် ထွက်ခွာ သွားခဲ့ရလေသည်။

 

မင်းအောင်လှိုင် ပြောသော အပစ်အခတ် ရပ်စဲရေးကို သဘောမတူသူများသည် တိုင်းပြည် ပျက်စီးရာ ပျက်စီး ကြောင်း ထောက်ခံနေသူများ သာ ဖြစ်မည်ဟု စွပ်စွဲ သွားခဲ့ပြန်သည်။

 

ထို့အပြင် ဇန်နဝါရီ ၁၇ တွင် ကမ္ဘောဒီယား ရှိ ဆီရမ် ယိ အပန်းဖြေ စခန်းတွင် အပန်းဖြေ သဘော တွေ့ဆုံရန် ရှိနေသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့လည်း မြန်မာ ကိုယ်စားလှယ်အား ဖိတ်ကြား မည်ဟု ဆိုသည်။

 

ဟွန်ဆန်သည် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့ခြင်း မရှိဟု နိုင်ငံခြားရေး ဝန်ကြီး ပရက် ဆော့ဟွန်က အတည်ပြုခဲ့သည်။

 

ထူထဲ ခိုင်ခံ့သော နံရံကြီးနှင့် ကာရံထားသော စစ်ကောင်စီ အား ခေါင်းနှင့် ပြေးဆောင့်က အကျိုးထူးမည် မထင်ဘဲ အခြား နည်းလမ်းကို အသုံးပြုမှသာ ဖြစ်မည်ဟု လည်း ထုတ်ပြော သွားခဲ့သည်။

 

သူ့စကား အသွားအလာ ကြည့်ပါက မြန်မာ စစ်ခေါင်းဆောင်များကို ခေါင်းမာသူများ ဟု ယူဆထားကြသည် မှာလည်း အထင်အရှားပင် ဖြစ်သည်။

 

ထူးခြားသော ဖြစ်စဉ် တရပ်အဖြစ် မင်းအောင်လှိုင်မှ တိုင်းရင်းသား လက်နက်ကိုင်များ အပါအဝင် ၎င်းကို ဆန့် ကျင် တိုက်ခိုက်နေသည့် အဖွဲ့အစည်း အားလုံး နှင့် တွေ့ဆုံနိုင်သည်ဟု ပူးတွဲ ကြေညာချက် ထုတ်ပြန်ရာတွင် ပါရှိလာခဲ့သည်။ မည်သည့် အချိန် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုပါ တွေ့ဆုံရန် ရှိမရှိကို မူ အတိအကျ ဖေါ်ပြထားခဲ့ခြင်း မရှိပေ။ ထိုကဲ့သို့ အပစ်ရပ် ဆွေးနွေးပွဲများတွင် အာဆီယံ အထူးသံတမန် ပါဝင်ရန်ကိုပါ သဘောတူခဲ့သည်ဟု သိရသည်။ ထို့အပြင် ၎င်းအား မြန်မာနိုင်ငံသို့ လာရောက်ပြီး တိုင်းရင်းသား လူမျိုးစုများ အပါအဝင် သက်ဆိုင်သည့် အဖွဲ့အစည်းများ နှင့် တွေ့ဆုံရန် စီစဉ် ပေးမည်ဟုလည်း ပါရှိခဲ့သည်။

 

သို့သော် ထိုသို့သော အလားတူ ကတိမျိုးကို မင်းအောင်လှိုင်က သူ့ကိုပါ ခေါ်ယူတွေ့ဆုံခဲ့သည့် အာဆီယံ ၏ အထူး ထိပ်သီး ဆွေးနွေးပွဲတွင် ပေးခဲ့ပြီ ဖြစ်၍ သူ့အား တကူးတက လာရောက်အားပေးရှာသော အာဏာရှင် ဟွန်ဆန်အတွက် လူပြောမခံရအောင် ချွေးသိပ်လွှတ်လိုက်သည်ထက်တော့ မပိုပေ။

 

အဘယ်ကြောင့် ဆိုသော် ဟွန်ဆန် ရှိနေစဉ်အတွင်းမှာပင် နိုင်ငံတော် အတိုင်ပင်ခံ အား လာဘ်စားမှု ငါးမှု ဖြင့် ထပ်မံ စွဲချက်တင်ခဲ့သည့် အဖြစ်က စကားအရာထက် မပိုကြောင်း အထင်အရှား ပြဆိုနေပေသည်။

 

ထို့အပြင် အာဏာသိမ်း ‌ခေါင်းဆောင်ကြီးက ဟွန်ဆန် အား မြန်မာ နှင့် အတူ ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူး ဥပကာရ တင်ကြောင်း တော့ ပြောခဲ့ရှာသည်။

 

ဟွန်ဆန်သည် သားဖြစ်သူအား အာဏာ လွှဲပြောင်းပေးကာ ကမ္ဘောဒီယား ကို ၎င်းတို့ မိသားစု၏ ဘိုးဘွားပိုင် အဖြစ် တင်းကျပ်စွာ ရေရှည် ထိန်းချုပ်သွားနိုင်ရေး အတွက် အာဆီယံ အဖွဲ့၏ ဝင်ရောက် နှောက်ယှက်ခံရမည့် အစဉ်အလာ အတွက် မြန်မာ ကို အသုံးချ၍ အပြီးအပိုင် ရိုက်ချိုး ထားနိုင်မှ ဖြစ်မည်ဟု ယူဆထားခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။ ထိုသို့ အတွေးအခေါ် ရှေ့ပြေးနေမှုကြောင့်လည်း အာဏာရှင် အဖြစ် သက်ဆိုး အရှည် ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ရခြင်းပင်ဖြစ်ပေမည်။

 

ဟွန်ဆန် နေပြည်တော်တွင် ရှိနေစဉ် အတွင်းမှာပင် လွိုင်ကော် မြို့ မွန်လုံး ရပ်ကွက်အား အကြမ်းဖက် စစ် ကောင်စီမှ ရဟတ်ယာဉ်များ၊ လက်နက်ကြီးများ နှင့် အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေကြသည်။ အလား တူပင် စစ်ကိုင်းတိုင်း အင်းတော် မြို့နယ် ရှိ ကျေးရွာတရွာကိုလည်း ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ် ယာဉ်များ သုံးကာ တိုက်ခိုက်လာခဲ့ပြန်သည်။ စစ်ကောင်စီ၏ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ အကြောက်တရား ဖြင့် အပြေးအလွှား ရောက်လာရန် အားထုတ် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

 

သို့သော်လည်း လွိုင်ကော် အား ထိန်းချုပ်ရန် ကြိုးစားသည့် ထိုးစစ်တွင် ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့များက ရဟတ်ယာဉ်တစီး ကို ပစ်ချနိုင်ခဲ့ပြီး လက်နက်ကြီးများကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

 

၎င်းတို့အား တွန်းလှန်တိုက်ခိုက်နေမှု သည် ရန်ကုန် အပါအဝင် နေရာ အနှံ့အပြားတွင် ပြင်းထန်လာ လျှက်ရှိနေ သောကြောင့် အာဏာသိမ်း အဖွဲ့ ပြောခွင့်ရ ဇော်မင်းထွန်း ကိုယ်တိုင်က ဘီဘီစီ နှင့် အင်တာ ဗျူးတွင် ထိုကဲ့သို့ ပြည်သူများဖက်မှ လက်နက်ကိုင် တော်လှန်လာမည်ကို ကြိုတင် တွက်ဆခဲ့ခြင်း မရှိပါဟု ဝန်ခံသွားခဲ့ရပြီ ဖြစ် သည်။

 

ထိုအရေးကို နည်းမျိုးစုံ သုံး၍ ရိုက်ချိုးနိုင်ရန် ကြိုးပမ်းနေမှု၏ တစိတ်တပိုင်း အဖြစ် ဆင်းကတ် တကတ် ရောင်းရမှု အပေါ် ဝယ်ခွန် နှစ်သောင်း ကျပ် နှင့် လစဉ် ကျသင့်ငွေ အပေါ် ၁၅% ပေးဆောင်ရမည်ဟု အာဏာသိမ်း အဖွဲ့မှ အမိန့်ထုတ်ပြန်လာခဲ့သည်။ အင်တာနက် ဒေတာ တန်ဖိုးကို နှစ်ဆတိုးမြှင့် ရတော့မည်ဟု စစ်ကောင်စီ၏ ညွှန်ကြားချက် ထုတ်ပြန်အပြီး ဆက်သွယ်ရေး ကုမ္ပဏီများက အသံထွက်လာခဲ့ပြီ ဖြစ်သည်။

 

ထိုသို့ပြုလုပ်ရခြင်းသည် နိုင်ငံတွင်း အင်တာနက် အလွန်အကျွံ သုံးစွဲနေမှုကို လျော့ချနိုင်ရန် ဖြစ်သည်ဟု ဗြောင်ကျကျ ပြောဆိုလာခဲ့သည်။ ဆိုလိုသည်မှာ ပြည်သူများ ဖေ့စ်ဘုတ် အသုံးပြုနေမှု ကို ဟန့်တားရန် ဂမူးရှူးထိုး ကြိုးပမ်းလာခဲ့ခြင်းလည်း ဖြစ်သည်။ မကြာသေးမီကပင် ၎င်းတို့အား အကြံပေးနေသော အလို တော်ရိတဦး ကမူ ဖေ့စ်ဘုတ် ကို ဖုန်းတွင် ထည့်သွင်းထားခြင်း တွေ့ရပါက ဖမ်းဆီး ထောင်ချရန် ပြောဆို ခဲ့ဖူးပေသည်။

 

သို့သော် ၎င်းတို့ မစဉ်းစားနိုင်သည့် အချက်က အွန်လိုင်း မှ ပို့ချနေသော ပညာရေးကိုသာ အားကိုးနေရရှာသော မြန်မာ ကလေးသူငယ်များ အတွက် နောက်ထပ် ထိုးနှက်မှုကြီး တခု ဖြစ်လာခဲ့ရခြင်းပင်။

 

စစ်ကောင်စီအတွက် နောက်ထပ် ခေါင်းခဲစရာ ပြဿနာကြီးတခုကား ယခင်က တိုင်းပြည်၏ လျပ်စစ်ဓါတ်အား ထုတ်လုပ်မှု ပမာဏ သည် မီဂါဝပ် ၄,၂၀၀ ရှိခဲ့ရာမှ ယခုအခါ ၁,၄၇၀ မီဂါဝပ်သာ ထုတ်လုပ်နိုင်တော့ခြင်းပင် ဖြစ်သည်။ ထို့အတွက် ရန်ကုန် နှင့် မြို့ကြီးများ တွင် နေ့စဉ်လို မီးပြတ်တောက်မှုများ ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

 

ဤသည်ကပင် မိမိကိုယ် မိမိ အထင်ကြီးကာ လျပ်စစ်ရထားများ ထုတ်လုပ်သွားမည်ဟု ပြောဆိုနေသော စစ်ခေါင်းဆောင်ကြီး အဖို့ ဘာဆိုဘာမျှ နားမလည် ဆိုသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

 

ဓါတ်ပုံ - ဘန်ကောက် ပို့စ်