ရုရှားတပ်များ ကာဇတ်စတန် သို့ ဝင်ရောက်လာခြင်း

by Hla Soewai - Jan 09 2022

လူဦးရေ ၁၉ သန်းရှိ ရေနံ နှင့် ချမ်းသာကြွယ်ဝသော ကာဇာတ်စတန် တွင် နှစ်သစ်ကူး အစနေ့များ၌ ကန့်ကွက် ဆန္ဒပြပွဲများ အုံနှင့်ကျင်းနှင့် စတင် ဖြစ်ပွားလာခဲ့ပြီးနောက် နိုင်ငံ၏ သမ္မတ ကာဆင်ဇိုမတ် တိုကာယက် သည် မည်သူကို အပူကပ်ရမည် ကို တပ်အပ်မချပ် သိသူ ဖြစ်သည်။

 

ဇန်နဝါရီ ၆ ရက်နေ့ အစောပိုင်း တွင် ၎င်းက တယ်လီဖုန်းကို ကောက်ကိုင်ကာ စုပေါင်းလုံခြုံရေး စာချုပ် အဖွဲ့ Collective Security Treaty Organisation (CSTO) အား ဖုန်းဆက် အကြောင်းကြားလိုက်သည်။ နာရီပိုင်း အတွင်းမှာပင် ရုရှား လေထီးတပ်သားများ နှင့် ဘဲလာရုစ် အထူး တပ်ဖွဲ့များက မြို့တော် အယ်မာတီ သို့ ထွက်မည့် လေယာဉ်များပေါ် အသီးသီး တက်ရောက် နေရာယူလိုက်ကြပြီ ဖြစ်သည်။ ၎င်းတို့၏ တခုတည်းသော တာဝန်က မငြိမ်သက်မှုများ နှင့် ရင်ဆိုင်နေရသည့် သမ္မတ တိုကာယက်အား ကူညီ ပေးရန်ပင် ဖြစ်သည်။

 

စစ်အေးတိုက်ပွဲကြီး၏ အဆုံးသတ်ကာလများ ဖြစ်သည့် ၁၉၉၁ ဇူလိုင်လတွင် ယခင်က နေတိုးစာချုပ် အဖွဲ့ နှင့် ယှဉ်ပြိုင်ရန် ဆိုဗီယက် ဦးဆောင်ပြီး ဆိုရှယ်လစ် နိုင်ငံ ရှစ်နိုင်ငံ နှင့် ဖွဲ့စည်းခဲ့သည့် ဝါဆော စာချုပ်အဖွဲ့ကို ဖျက်သိမ်းပစ်ခဲ့သည်။ နောက်ပိုင်း တနှစ်မျှ မကြာသေးမီမှာပင် ရုရှား နှင့် လွတ်လပ်သော နိုင်ငံများ၏ ဓနသဟာယ အဖွဲ့မှ မဟာမိတ် ငါးနိုင်ငံ ပါဝင်သည့် စုပေါင်းလုံခြုံရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၄ ခုနှစ်မှစ၍ အသက်ဝင်လာခဲ့သည်။

 

သို့သော် ထိုအဖွဲ့သည် ဝါဆော စာချုပ် အဖွဲ့ ကဲ့သို့ အင်အား တောင့်တင်းခြင်း မရှိသည့်အပြင် ရည်မှန်းချက် ကြီးကြီးမားမား ဟူ၍ မရှိပဲ မည်ကာမတ္တာ ဖွဲ့စည်းလာခဲ့ခြင်းလည်း ဖြစ်သည်။ ရုရှား၏ အရှိန်အဝါ ကျဆင်းလာနေခဲ့သည်နှင့် အမျှ ထိုအဖွဲ့၏ အခန်းကဏ္ဍလည်း အလိုလို မှေးမှိန်ခဲ့ရသည်။

 

သို့သော် အမေရိကန်သည် အာဖဂန်နစ္စတန်အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တနှစ်အကြာ ၂၀၀၂ ခုနှစ်တွင် အာရှ အလယ်ပိုင်းသည် ကမ္ဘာ ဘူမိနိုင်ငံ‌ရေးတွင် အဓိက ကျလာခဲ့သည်နှင့် အမျှ ထိုအဖွဲ့သည်လည်း အရေးပါသော အနေအထားသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ အဆိုပါ အဖွဲ့ကိုလည်း စုပေါင်းလုံခြုံရေး စာချုပ် အဖွဲ့ CSTO အဖြစ် အမည်ပေးလာခဲ့ပြီး စစ်ရေး မဟာမိတ် အဖွဲ့ကြီး အဖြစ် အပီအပြင် ရပ်တည်လာခဲ့ပေတော့သည်။

 

ယခုအခါ အဖွဲ့ဝင် ၆ နိုင်ငံ ရှိနေပြီး ယင်းတို့မှာ အာမေးနီယား၊ ဘဲလာရုစ်၊ ကာဇတ်စတန်၊ ကီယာဂစ်စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန် တို့ ဖြစ်သည်၊ ဥစဘက်ကစ္စတန်သည် ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်သွားခဲ့သည်။

 

ရုရှား အတွက်ကတော့ CSTO သည် အာရှ အလယ်ပိုင်းအား အနောက်အုပ်စု နှင့် တရုတ် တို့ ဝင်ရောက်လာမှု မရှိအောင် အကာအကွယ် ပေးနိုင်ရေးတွင် လွန်စွာ အသုံးဝင်သော လက်နက်ကိရိယာ ကြီး ဖြစ်လာခဲ့ပေသည်။ အဖွဲ့ဝင် နိုင်ငံများတွင် ကျန်ရှိနေသေးသော ရုရှား၏ စစ်ဖက်ဆိုင်ရာ အဆောက်အအုံများကိုလည်း အကာအကွယ် ပေးနိုင်ခဲ့သည်၊ ထိုမျှမကသေး အဖွဲ့ဝင် နိုင်ငံများထဲတွင် အခြားနိုင်ငံများမှ စစ်စခန်းများ လာရောက် ဖွင့်လှစ်မည့် အရေးကိုလည်း ရုရှားမှ ဗီတိုအာဏာဖြင့် ပယ်ချနိုင်ခွင့် ရှိနေပြန်သည်။

 

အပြန်အလှန်အနေဖြင့် CSTO အဖွဲ့ဝင် နိုင်ငံများသည် ရုရှား၏ အဆင့်မြင့် ခေတ်မီ စစ်တပ်ကြီး နှင့် ပူးပေါင်း ဆောင်ရွက်ခွင့် ရလာခဲ့သည်သာမက စစ်ရေးလေ့ကျင့်ပေးမှုများ အပြင် စစ်လက်နက် ပစ္စည်းများကိုလည်း လျော့ဈေးဖြင့် ဝယ်ယူခွင့် ရရှိလာခဲ့သည်။

 

ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း CSTO ၏ ရည်မှန်းချက်များသည် ကြီးထွားလာခဲ့သည်၊ ၂၀၀၇ ခုနှစ်တွင် အဖွဲ့ဝင် ၃,၆၀၀ ရှိ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ကို ဖွဲ့စည်းရန် သဘောတူလာခဲ့ကြပြီး နောက်ပိုင်း နှစ် နှစ် အကြာတွင်တော့ လျင်မြန်စွာ ရွှေ့ပြောင်းနေရာချထားနိုင်သည့် အင်အား ၂၀,၀၀၀ ရှိ လက်ရွေးစင် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလာပြီး အမြဲ အသင့်အနေအထား ဖြင့် တပ်လှန့်ထားခဲ့သည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် ပူးတွဲ စစ်ရေးလေ့ကျင်မှုများ ပုံမှန်ပြုလုပ်လာခဲ့ကြရာ လွန်ခဲ့သော နွေရာသီ နှင့် ဆောင်းဦးပေါက်ရာသီ အတွင်း အနီးအနားရှိ အာဖဂန်နစ္စတန် တွင် ကသောင်းကနင်း ဖြစ်လာနေမှုများ ကြောင့် “အကြမ်းဖက်မှု တိုက်ဖျက်ရေး” ဟု ဆိုကာ အကြီးအကျယ် ပူးတွဲ စစ်ရေးလေ့ကျင်ခဲ့ကြသည်။

 

သို့သော် ယခု အပတ်အထိ မည်သည့် အဖွဲ့ဝင်နိုင်ငံကမျှ စာချုပ် ပါ အပိုဒ် (၄) အချက် ကို အသုံးချခဲ့ကြခြင်း မရှိပေ၊ အဆိုပါ အပိုဒ် (၄) သည် နေတိုး၏ အပိုဒ် (၅) ပါ အချက်များ နှင့် ဆင်တူပြီး အပြန်အလှန် ကာကွယ်ပေးရေး ပင် ဖြစ်သည်။

 

သမ္မတ တိုကာယက်သည် သူ့နိုင်ငံအတွင်း ဖြစ်ပွားလာသော ကန့်ကွက်ဆန္ဒပြပွဲများကို ပြည်ပမှ လေ့ကျင့်ပေးထားသော “အကြမ်းဖက် အဖွဲ့များ” ၏ လှုံ့ဆော်မှုကြောင့်ဟု ဆိုကာ အပြစ်ဖို့ လာခဲ့သည်၊ အဆိုပါ အသုံးအနှုံးသည် အာရှ အလယ်ပိုင်းရှိ အာဏာရှင်နိုင်ငံများ အဖို့ ပြည်တွင်းတွင် ၎င်းတို့အား ဆန့်ကျင်မှုများ နှင့် ရင်ဆိုင်လာရတိုင်း သုံးနေကျ စကားလုံးများလည်း ဖြစ်ပေသည်။

 

CSTO ၏ အလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူထားသည့် အာမေနီယား ဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန် သည် CSTO မှ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များကို စေလွှတ်ရန် သဘောတူကြောင်း ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ ရုရှား နှင့် ဘဲလာရုစ် တို့အပြင် တာဂျစ်ကစ္စတန် နှင့် အာမေနီယား တို့မှလည်း အသင့်အတင့် အင်အားရှိတပ်များကို စေလွှတ်ပေးမည် ဟုလည်း ပြောလာခဲ့သည်။

 

ထိုသို့ CSTO မဟာမိတ် အဖွဲ့ကြီးက မဆိုင်းမတွ အလျင်အမြန် တုန့်ပြန်လာခြင်းကပင် အခြားသော အာဏာရှင် များ အတွက် ရင်အေးစရာ ဖြစ်လာခဲ့ရသည်။  ထိုအထဲတွင် လွန်ခဲ့သည့် နှစ်က ၎င်းအား ကန့်ကွက်ဆန္ဒပြသည့် နိုင်ငံသားများ အား နှိမ်နှင်းနိုင်ရေး တွင် ရုရှားထံမှ အကူအညီများ ရရှိခဲ့သည့် ဘဲလာရုစ် သမ္မတ အလက်ဇန်ဒါး လူကာရှင်ကို နှင့် နိုင်ငံကို ၂၈ နှစ် ကြာအောင် အုပ်ချုပ်လာပြီး ဖြစ်သည့် တာဂျစ်ကစ္စတန် သမ္မတ အီမိုမာလီ ရာမွန်တို့လည်း ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်။

 

၂၀၁၀ ခုနှစ်ကလည်း ကီယာဂျီစတန်သည် နိုင်ငံတွင်း ဖြစ်ပွားလာသော အကြမ်းဖက်မှုများကို နှိမ်နှင်းရန် CSTO ၏ အကူအညီကို တောင်းခံခဲ့သော်လည်း ရုရှားက ငြင်းဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ယူကရိန်း နှင့် ဆီရီးယား စစ်ပွဲများ တွင် ပါဝင်ပတ်သက်ခဲ့ပြီး ချိန်တွင်တော့ ရုရှား၏ ယုံကြည်မှုက တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။

 

အဖွဲ့ဝင် နိုင်ငံများက ရုရှား၏ လုပ်ရပ်များကို အမြဲလို ထောက်ခံခဲ့ကြခြင်းတော့ မရှိပေ။ ၂၀၀၈ ခုနှစ်အတွင်း ဂျော်ဂျီယာ နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲနှင့် ၂၀၁၄ တွင် ယူကရိန်း နှင့် ထိတ်တိုက်ရင်ဆိုင်ခဲ့မှုများတွင် ရုရှားကို ထောက်ခံခဲ့ကြခြင်း မရှိပေ။ ၎င်းတို့ အဖို့ ရုရှားတပ်များ ဝင်ရောက်လာပြီး ၎င်းတို့နယ်မြေများကို ဖဲ့ယူခံရမည့် အရေးကို စိုးရွံလျက် ရှိနေကြသောကြောင့်လည်း ဖြစ်သည်။

 

ရုရှား သမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်း ကဲ့သို့ပင် ကာဇတ်စတန်သည်လည်း နိုင်ငံ အစစ်မဟုတ်၊ ရုရှား ပိုင်နယ်မြေ အဖြစ် ကာလကြာမြင့်စွာကပင် ပြောဆိုနေခဲ့ပြီးလည်း ဖြစ်သည်။ ထို့အတွက် သမ္မတ တိုကာယက်သည် ၎င်း ရာထူး တည်မြဲရေး အတွက် နိုင်ငံ၏ အချုပ်အခြာ အာဏာ နှင့် ထပ်ကာ အလောင်းအစား ပြုလုပ်လာခြင်းပင် ဖြစ်သည်။

 

ထို့အတွက် သမိုင်း ပညာရှင် ဆာဂျေ ရက်ချင်ကိုမှ CSTO  အား ဝါဆော စာချုပ် နိုင်ငံများနှင့် ပတ်သက်၍ ပြောလေ့ပြောထရှိသော ပျက်လုံးတခု ဖြစ်သည့် ကာကွယ်‌ရေး ဟု အမည်တပ်ထားသော်လည်း မိမိ အဖွဲ့ဝင် နိုင်ငံများကိုသာ ပြန်ကျုးကျော်လေ့ ရှိသည် ဆိုသော စကားဖြင့် ဝေဖန်လာခဲ့ပြီ ဖြစ်သည်။