D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၉၄)

by Hla Soewai - Jan 08 2022

ထိုနေ့မနက် ဟော့ နျူမန် အတွက် ပထမဦးဆုံး နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာရသော ပြဿနာသည်ကား ပီတာ ဂျော်ဒန်၏ သော့များကို မိတ္တူကူးပေးနိုင်မည့် လူကို ရှာဖွေရဖို့ ဖြစ်လာခြင်းပင်။ လန်ဒန် အနောက်ဖက်ခြမ်းရှိ အထင်ကရ ဆိုင်ကြီးများက ထိုကဲ့သို့ ရွှံ့တုံးပေါ်တွင် ပုံတူ လုပ်လာသော သော့များကို မိတ္တူ ကူးပေးလိမ့်မည် မဟုတ်ပေ။ ထိုအစား လန်ဒန် မြို့တော် ရဲအဖွဲ့ကို ဖုန်းဆက် အကြောင်းကြားလိုက်က သူပင် အဖမ်းခံသွားရ နိုင်သည်။ ရပ်ကွက် အတွင်းရှိ ဆိုင်များသို့ လှည့်ပြီး ဈေးကောင်းရမည် ဆိုလျှင် လုပ်ပေးမည့် လူကို ရှာရပေ တော့မည်။ သိမ်းမြစ်ကမ်းပါးတလျှောက် လမ်းလျှောက်လာခဲ့ပြီး ဘက်တာဆီး တံတား ကို ဖြတ်ကာ လန်ဒန် တောင်ပိုင်းသို့ ခြေဦးလှည့်လာခဲ့သည်။

 

နျူမန် အဖို့ သူရှာနေသည်ကို အချိန်ယူပြီး ရှာစရာပင် မလို၊ ဆိုင် ပြတင်းတံခါးများက ဗုံးဒဏ်ကြောင့် ပျက်စီး နေသဖြင့် သုံးထပ်သားပြားများ နှင့် ကာရံ ထားသည်ကို တွေ့လိုက်ရသည်။ နျူမန်သည် ဆိုင်ထဲသို့ လှမ်းဝင် လိုက်သည်။ အထဲတွင် လူသူကင်းရှင်းနေပြီး အဖိုးကြီး တဦးသာ ကောင်တာ နောက်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

 

“ဒီမှာ သော့တူ လုပ်ပေးလား မသိဘူး” ဟု မေးလိုက်သည်။

 

ကောင်တာမှ လူက ကျောက်စက်တိုက်သည့် လူဖက် မေးငေါ့ပြလိုက်သည်။

 

နျူမန်က သူ့အိတ်ထဲမှ ရွှံ့တုံးကို ထုတ်ယူလိုက်ပြီး “ခင်ဗျား တို့ ဒီလို ပုံစံတူ မျိုးနဲ့ သော့ များ လုပ်ပေးလို့ ရမလား”

 

“ရတယ်၊ ဈေးတော့ ကြီးမယ်နော်”

 

“ဆယ်ရှီလင် ပေးမယ် ဆိုရင်ကော”

 

စာရေးက ပြုံးလိုက်ပြီး “နားဝင်ချိုသဗျာ” ဟု ဆိုကာ သူ့လက်ထဲက အတုံးကို လှမ်းယူလိုက်သည်။ “မနက်ဖန် နေ့ခင်းပိုင်း လောက် လာယူ”

 

“ကျုပ်က အခုချက်ချင်း လိုချင်တာ”

 

စာရေးက သူ၏ တဝက်တပျက်သာ ရှိသော သွားများ ပေါ်အောင် နောက်တကြိမ် ပြုံးလိုက်ရင်းက “နောက်ထပ် ဆယ်ရှီလင် ထပ်ပေးမယ် ဆိုရင်တော့ ဖြစ်တယ် ကိုယ့်လူ”

 

နျူမန်က ဘာမှ ထပ်မပြောတော့ပဲ ပိုက်ဆံကို ကောင်တာပေါ် တင်ပေးလိုက်သည်။ “ခင်ဗျားတို့ လုပ်နေတုန်း ကျုပ် ဒီမှာပဲ ထိုင်စောင့်နေမယ် ဆိုရင် ဖြစ်တယ် မဟုတ်လား”

 

“သဘောပဲ”

 

နေ့လည်ပိုင်းတွင် မိုးတိတ်သွားပြီ။ နျူမန်လည်း တနေ့လုံး နီးပါး လမ်း အတော် လျှောက်လိုက်ရသည်။ လမ်းမ လျှောက် ဖြစ်သည့် အခါမျိုးတွင် ဘတ်စ်ကား ပေါ် တက်လိုက် ဆင်းလိုက်၊ မြေအောက်မီးရထားဘူတာထဲ ဝင်လိုက်ထွက်လိုက် နှင့် လုပ်နေခဲ့သည်။ သူငယ်ဘဝက လန်ဒန်တွင် နေခဲ့သည်များကို ခပ်ရေးရေးသာ မှတ်မိ တော့သည်။ အခုအခါ မြို့ထဲ လျှောက်သွားနေရခြင်းကို ပျော်ရွှင်သလို ဖြစ်လာခဲ့သည်။ ဟမ်တန်ဆင်း တွင် ပျင်းရိငြီးငွေ့ဖွယ် နေလာခဲ့ရသည်များ မှ အပြောင်းအလဲ ဖြစ်လာခဲ့ရ၍လည်း ဖြစ်သည်။ ဟမ်တန်ဆင်းမှာ သောင်စပ်တွင် ပြေးခြင်း၊ စာဖတ်ခြင်း၊ ရှောင် အား ကူညီပေးသည့်အနေနှင့် သိုးများကို ထိန်းကျောင်းပေးခြင်း များ နှင့် အချိန်ကုန်ခဲ့ရသည်ချည်း ဖြစ်သည်။

 

သော့တူ လုပ်ပေးသည့် ကုန်မာ ဆိုင်မှ ထွက်လာပြီး နောက်တွင် ဘက်တာဆီး တံတား ရှိရာဖက် ပြန်လျှောက် လာပြီး ကက်သရင်း ၏ နမူနာ ရွှံ့တုံးကို အစဖျောက်သည့် အနေဖြင့် သိမ်း မြစ်ထဲသို့ လွှင့်ပြစ်ခဲ့သည်။

 

ချဲလ်ဆီး နှင့် ကင်ဆင်တန် ဖက်တွင် ခြေဦးတည်ရာ သွားနေရင်း နောက်ဆုံးတွင် အားလ် ကုတ် ရှိရာ သို့ ရောက် လာခဲ့သည်။ သော့များကို စာအိတ်ထဲ ထည့်ပြီး ကက်သရင်း တိုက်ခန်း၏ စာတိုက် သေတ္တာထဲ ထည့်ခဲ့သည်။ ထို့နောက် လူကျနေသော ကော်ဖီဆိုင်ထဲ ဝင်ကာ ပြတင်းပေါက်နှင့် ကပ်နေသော စားပွဲတွင် နေရာယူပြီး နေ့လည် စာ မှာစားလိုက်သည်။

 

သူနှင့် စားပွဲ နှစ်လုံးစာ အကွာတွင် ထိုင်နေသော အမျိုးသမီးတဦးက စားရင်း သူ့ကို မျက်စိကစားနေသည်။ သို့သော် သူက အကာအကွယ် အဖြစ် သတင်းစာ တစောင်ကို ဝယ်ယူလာခဲ့သဖြင့် ဖတ်ချင်ဟန်ဆောင်နေပြီး တခါတရံသာ ခေါင်းမော့ကြည့်ကာ ပြုံးပြခဲ့သည်။ အမျိုးသမီးက ဆွဲဆောင်မှု ရှိနေပြန်သဖြင့် သူနှင့် တနေရာ သွားပြီး အချိန်ဖြုန်းနိုင်မည် ဆိုက အချိန်မစေ့မီ လမ်းပေါ် လျှောက်နေစရာ မလိုတော့ ဟု တွေးလိုက်မိသော် လည်း သူ၏ လုံခြုံရေး အတွက် မစွန့်စားရဲအောင် ဖြစ်နေသည်။ တအောင့်လောက်အကြာတွင် ကျသင့်ငွေ ပေးပြီး အမျိုးသမီးအား မျက်စိမှိတ်ပြကာ ဆိုင်ထဲမှ ထထွက်လာခဲ့သည်။

 

ဆယ့်ငါးမိနစ်ခန့် အကြာတွင် တယ်လီဖုန်းရုံ တခု ထဲ ဝင်ပြီး စကားပြောခွက်ကို မကာ ဖုန်းနံပါတ်တခုကို လှည့် လိုက်သည်။ တဖက်မှ ထူထဲသော အင်္ဂလိပ် လေယူလေသိမ်း ဖြင့် အမျိုးသား တဦး ပြန်ဖြေသံကို ကြားလိုက်ရ သည်။ နျူမန်က ယဉ်ယဉ်ကျေးကျေး နှင့် မစ္စတာ စမိုက် ဆိုသူ နှင့် စကားပြောလိုကြောင်း ပြောလိုက်သည့် အခါ တဖက်မှ လူသည် ခါးခါးသီးသီး ဖြင့် ထိုအမည်နှင့် လူ မရှိကြောင်း ပြောလာပြီး ဖုန်းကို ဆောင့်ကြီးအောင့်ကြီး ပြစ်ချသွားခဲ့သည်။ နျူမန်က ပြုံးလိုက်ပြီး စကားပြောခွက်ကို နေရာတကျ ပြန်တင်ကာ ထွက်လာခဲ့သည်။ ထိုအမည် နှင့် မေးလာသည်ကို တဖက်မှ မိုက်မိုက်ရိုင်းရိုင်း ပြောပြီး ပြန်ဖြေခဲ့ခြင်းသည်ကပင် သူတို့အကြား သတ်မှတ်ထားသော လျို့ဝှက် သင်္ကေတ တခုလည်း ဖြစ်သည်။

 

တဖက်မှလူသည် စာပေးစာယူ ကြားမှ ပြုလုပ်ပေးသည့် ပေါ်တူဂီ တဦး ဖြစ်သော ကာလို့စ် ဟာမန်ဒက်ဇ် ဆိုသူ ပင် ဖြစ်သည်။ နျူမန်က စာလုံးပေါင်း “S” နှင့် စသော လူတဦး ၏ အမည်ကို မေးလိုက်က ကဗင်ဒစ်ရှ် စကွဲယား သို့ လာပြီး ပေးပို့ရန် ရှိသည်ကို လာယူရမည်ကို သူ့ဖက်က သိထားပြီး ဖြစ်သည်။

 

နျူမန် အဖို့ နောက်ထပ် တနာရီ အချိန်ဖြုန်း၍ ရသေးသည်။ ကင်ဆင်တန်ဖက် လျှောက်ကြည့်နေရင်းက ဟိုက် ပတ်ပန်းခြံကို အပြင်မှ ကွေ့ဝိုက်ကာ မာဘဲလ် မုဒ်ဦး ရှိရာ ရောက်လာခဲ့သည်။ ကောင်းကင်တွင်တော့ မကြာမီ မိုးရွာတော့မည့် အရိပ်အယောင်များ အဖြစ် တိမ်တိုက်များ အုံ့ဆိုင်းလာနေပြီ ဖြစ်၏။ ခဏအတွင်းမှာပင် မိုးပေါက် ကြီးများ ကျလာခဲ့ပြီး ဆက်တိုက်ဆိုသလို တရဟော ရွာသွန်းလာပေတော့သည်။

 

နျူမန်လည်း ပို့မန်း စကွဲယား အနီးရှိ လမ်းထဲက စာအုပ်ဆိုင်ထဲ အပြေးကလေး ဝင်လိုက်သည်။ စာအုပ်များကို ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်နေသည်။ လှေကားရှေ့ တခုပေါ်တက်ကာ အပေါ်ဆုံး အဆင့်တွင် စာအုပ် များကို လိုက်လံ ထည့်သွင်းနေသော ဆိုင်တာဝန်ခံ ဆံပင် ခပ်နက်နက် နှင့် မိန်းကလေးက အကူအညီ ပေးရန် နှုတ်ခွန်းဆက်လာသည်ကို ငြင်းပယ်လိုက်သည်။ စာအုပ်စင်တခု မှ စာရေးဆရာ တီအက်စ် အီလီယော့ ၏ စာအုပ်ထူကြီး တအုပ် နှင့် ဂရေဟမ် ဂရင်း၏ အသစ်ထွက်သည့် စာအုပ်ဖြစ်သော The Ministry of Fear ကို ဆွဲထုတ်လိုက်သည်။

 

ကျသင့်ငွေကို ပေးချေနေစဉ် အတွင်း ဆိုင်ရှင် မိန်းကလေးက သူမသည်လည်း အီလီယော့ ၏ စာဖတ် ပရိဿတ် တဦး ဖြစ်ကြောင်း ပြောဆိုကာ ညနေ လေးနာရီ ခေတ္တ အနားရစဉ် အတွင်း ကော်ဖီအတူ သောက်ရန် ဖိတ်ခေါ် လာပြန်သည်။ သူက လောလောဆယ် အချိန်မရသေး၍ အခု မသောက်နိုင်သေးကြောင်းနှင့် သူ့အနေဖြင့် မကြာ ခဏ လာတတ်သူ ဖြစ်၍ နောက်များမှ သောက်ပါရစေဟု ငြင်းပယ်လိုက်ရသည်။

 

မိန်းကလေးမှာ ပြုံးပြုံးရွှင်ရွှင် နှင့်ပင် စာအုပ်များကို အညိုရောင် စက္ကူအိတ်ကြီးထဲ ထည့်ပေးလိုက်ပြီး သူမ လည်း သူပြောသည်ကို သဘောတူ ကြောင်း ပြောလာ၍ နျူမန်လည်း ဆိုင်ထဲက ထွက်လာခဲ့သည်။

 

ကဗင်ဒစ်ရှ် စကွဲယား သို့ ရောက်လာချိန်တွင်တော့ မိုးက ဖွဲဖွဲသာ ရွာတော့သော်လည်း အအေးဓါတ်က ပါလာခဲ့ပြီ ဖြစ်သည်။ အေးလွန်း၍ ခုံတန်းရှည် ပေါ်တွင် ထိုင်မနေနိုင်တော့ဘဲ ရင်ပြင်ထဲတွင် ပတ်လျှောက်နေရင်းက အနောက်တောင် ဒေါင့် ရှိ တံခါးပေါက်ရှိရာသို့ မျက်ခြေမပြတ် စောင့်ကြည့်နေသည်။

 

မိနစ်နှစ်ဆယ် ခန့် အကြာတွင် လူ ခပ်ဝဝ တဦး ရောက်လာသည်။

 

မီးခိုးရောင် ဝတ်စုံပေါ်တွင် မီးခိုးရောင် အပေါ် ကုတ်အင်္ကျီ ကို ထပ်ဝတ်လာပြီး ခေါင်းပေါ်တွင် ဘိုးလား ဦးထုတ် နှင့် ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ ဘဏ်ကို ဓါးပြ ဝင်တိုက်မည့် ပုံမျိုး ထွက်နေသည်။ တံခါးကို သော့နှင့် လှည့် ဖွင့်ပြီး အထဲ ဝင်သွားသည့်ပုံကပင် ရန်သူ နယ်မြေထဲ ခြေချရတော့မည့် စစ်သားတဦးအလား ထင်ရသည်။

 

တံခါးပြန်ပိတ်သွားသည် နှင့် နျူမန်လည်း ရင်ပြင်ကို ဖြတ်လျှောက်လာခဲ့ပြီး အိတ်ထဲက ဖလင်လိပ်ကို ဆွဲထုတ် လိုက်ပြီး တံခါးပေါက်ရှိ အထဲသို့ စာထည့်သော အပေါက်ရှည်ရှည် တခုထဲသို့ ထည့်လိုက်သည်။ တံခါး တဖက် တွင် လူဝကြီးက ခါးကို ကုန်းကောက်ယူရ၍ ငြီးသံ ထွက်လာသည်ကို ကြားလိုက်ရသည်။

 

နျူမန်လည်း ခပ်သွက်သွက် ပြန်လှည့်ထွက်လာခဲ့ပြီး ရင်ပြင်တဝိုက်ကို အရင်ကလို ပတ်လျှောက်နေလိုက်သည်။ သူ့မျက်လုံးကိုလည်း ခုနထွက်လာသော တံခါးပေါက်မှ မခွာဘဲ စောင့်ကြည့်နေခဲ့ပြန်သည်။ ပေါ်တူဂီ သံဝန်ထမ်း သည် ငါးမိနစ်ခန့်အကြာတွင် ထွက်လာသည်ကို တွေ့လိုက်ရပြီး တက္ကစီ တစီးပေါ်တက်ကာ ထွက်သွားတော့ သည်။

 

နျူမန်သည် လက်ပတ်နာရီကို တချက် ငုံ့ကြည့်လိုက်သည်။ ရထားစီးဖို့ အချိန် တနာရီခန့် လိုနေသေးသည်။ ခုန က စာအုပ်ဆိုင် ပြန်ပြီး ကလေးမလေး နှင့် ကော်ဖီသောက်ရန် စိတ်ကူးလိုက်သေးသည်။ ကော်ဖီ သောက်ရင်း ပညာတတ် ဆန်ဆန် စကားများ ပြောဆိုရသည်ကို သူ နှစ်သက်သည်။ သို့သော် ထိုသို့ ဘာရယ်မဟုတ် စကား စမြည် ပြောခြင်းကပင် သူ့အတွက် မိုင်းကွင်းကို ဖြတ်ရသလို ဖြစ်လာနိုင်သည်။ ဘာသာစကား အတူတူ ပြောဆို ခြင်းနှင့် တဦး၏ ယဉ်ကျေးမှု ကို တဦးက  နားလည်နိုင်ခြင်း ဆိုသည်က ကွဲပြားသော အရာများ ဖြစ်နေသည်။ စကားပြောရင်း မတော်တဆ အမှားပါသွားက ချက်ချင်းလို သူ့အပေါ် သံသယ ရှိသွားနိုင်သည်။ ထို့အတွက် စွန့်စားရန် မသင့်ဟု ဆုံးဖြတ်လိုက်ပြန်သည်။

 

ကဗင်ဒစ်ရှ် စကွဲယားမှ ပြန်ထွက်လာခဲ့ပြီး စာအုပ်အိတ်ကို လက်က ကိုင်ကာ လစ်ဗာပူး လမ်း ရှိရာ သို့ မြေ အောက်ရထား စီးကာ ထွက်လာခဲ့သည်။ ထိုဘူတာ မှတဆင့် ဟမ်စတင်တန် သို့ ထွက်မည့် ရထားကို စီးရမည် ဖြစ်သည်။

 

                                                ******************************