“မင်း ဘယ်သွားနေတာလဲ၊ ကိုယ် စိုးရိမ်သွားတယ်” ဟု ပီတာက မေးလိုက်သည်။
“ကျမ ရေဆာလွန်းအားကြီးလို့” ဟု ပြန်ဖြေလိုက်သော သူမ အသံက လွန်စွာ တည်ငြိမ်မှု ရှိနေသည့် အဖြစ် ကို သူမ ကိုယ်တိုင်ပင် အံ့ဩသွားမိသည်။
“ကိုယ့်အတွက်လည်း ယူလာလိမ့်မယ် လို့ ထင်တာပဲ”
ထိုစကားကို ကြားလိုက်ရမှ ကက်သရင်း အဖို့ ရင်ထဲက အလုံးကြီး ကျသွားသည်။
“ယူလာတာပေါ့ ရှင်” ဟု ပြောပြီး ရေခွက်ကို လှမ်းပေးလိုက်သဖြင့် ပီတာက မော့သောက်လိုက်သည်။
“ဘယ်အချိန် ရှိသွားပြီလဲ” ဟု ကက်သရင်းက မေးလိုက်သည်။
“ငါးနာရီ ထိုးပြီ၊ ရှစ်နာရီ အစည်းအဝေး အမှီ သွားရမှာဆိုတော့ နောက်တနာရီ လောက် ဆို ထရတော့မှာ”
သူမက ပီတာ ကို နမ်းလိုက်ရင်းက “ဒါဆို နောက်ထပ် တနာရီ အချိန်ရသေးတာပဲ”
“ကက်သရင်း..ဒီလောက်နဲ့ ဖြစ်နိုင်မယ် မထင်,...”
“အိုး..သိပ် ကို ဖြစ်တာပေါ့ရှင်” ဟု ပြောပြောဆိုဆို သူမ၏ ပိုးသား ညဝတ်အင်္ကျီကြီးကို ပုခုံးထက်မှ လျောချ ပစ်လိုက်ပြီး ပီတာ မျက်နှာကို သူမ၏ ရင်သားများ နှင့် ဆွဲ ကပ်လိုက်တော့သည်။
*****************************
ထိုနေ့ မနက် ပိုင်းတွင် ကက်သရင်း ဘလိတ်သည် ချဲလ်ဆီး ကမ်းပါး အတိုင်း လမ်းလျှောက်လာခဲ့သည်၊ မြစ်ပြင်ကို ဖြတ်တိုက်လာသော လေနှင့် အတူ ပါလာသော မိုးဖွဲလေးများ ကျနေ၍ အအေးဓါတ်က ပိုလာနေသည်။ သူမအား မစေလွှတ်မီကပင် ဗိုဂဲလ်သည် လန်ဒန် မြို့လယ်ကောင်ရှိ နေရာပေါင်း နှစ်ဆယ် ခန့်အား လက်ပြောင်းလက်လွှဲ ပြုလုပ်ရန် နေရာ များ အဖြစ် အစီအစဉ် တကျ သတ်မှတ်ပေးထားခဲ့ပြီး ဖြစ်သည်။ တနေရာစီအတွက် အချိန်ကိုလည်း မသိမသာ ခွာပေးထားသည်။
သူ သတ်မှတ်ပေးထားသော အချိန် နှင့် နေရာများကို ဗိုဂဲလ် အား အလွတ်မှတ်မိနေအောင် ကျက်မှတ်ခိုင်းထားသည်။ ဤသည်ကို တွေးမိလိုက်၍ ယခု သူလွှတ်လိုက်သော ဟော့ နျူမန် ကိုလည်း အလားတူ လုပ်ခိုင်းထားလိမ့်မည်ဟု ယူဆမိသည်။ သတ်မှတ်ထားသော စည်းမျဉ်းများအရ ထိုသို့ တွေ့ရမည့် နေရာ နှင့် အချိန်ကို ကက်သရင်းကသာ ဆုံးဖြတ်ရမည် ဖြစ်၏။ သူမ အဖို့ စိတ်ထဲက မသိုးမသန့် ဖြစ်စရာ တခု ခု ဥပမာ သံသယ ဖြစ်ဖွယ်ရှိသည့် လူတဦး သို့မဟုတ် မလှမ်းမကမ်းတွင် ရပ်ထားသော ကားတစီးစီး အစရှိသည်တို့ကို တွေ့သွားခဲ့လျှင် စီစဉ်ထားသည်များကို ဖျက်ပိုင်ခွင့် ရှိနေပြီး ပြောထားသည့် စာရင်းထဲပါသည့် နေရာတခု နှင့် အချိန်ကို ပြောင်းလဲ ချိန်းဆို နိုင်သည်။
ကက်သရင်းသည် ယခု သတ်မှတ်ထားသည့် နေရာတဝိုက်တွင် ထူးထူးခြားခြား မတွေ့ရ ၍ လက်ပတ်နာရီကို တချက် ကြည့်လိုက်မိသည်၊ သူမအဖို့ ထိုနေရာသို့ နှစ်မိနစ်ခန့် စော၍ ရောက်နေသည်။ သူမ က ဆက်လျှောက်လာခဲ့ပြီး ခေါင်းထဲတွင်လည်း မနေ့က ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားနေမိပြန်သည်။
သူမအဖို့ ဂျော်ဒန် အိမ်တွင် လိုအပ်တာထက် ပို၍ အလောသုံးဆယ် လုပ်ခဲ့မိပြီလားဟုလည်း စိုးရိမ်စိတ် ဝင်လာခဲ့သည်၊ ဂျော်ဒန်သည် ချစ်တင်းနှီးနှောရာတွင် သူမ၏ ရဲတင်းသော အပြုအမူများကြောင့် နောက်တွန့်မသွားပါစေနှင့်ဟုလည်း ဆုတောင်းမိပြန်သည်။ သူမ ခံယူထားသည့် လူလတ်တန်းစား အင်္ဂလိပ် မ တဦးက သူမလို ရဲတင်းချင်မှ ရဲတင်းပေလိမ့်မည်။ “ကက်သရင်း ပြီးတာတွေ ပြန်တွေးမနေနဲ့တော့ နောက်ကျသွားပြီ” ဟု သတိပေးလိုက်ရပြန်သည်။
မနက်က အဖြစ်အပျက်များက အိမ်မက်ထဲကလို ဖြစ်နေသည်၊ သူမအဖို့က မျက်လှည့်ဆန်စွာ အခြား တစုံတဦး အဖြစ် ပြောင်းလဲ ခံရပြီး လောက သစ် တခုထဲသို့ ထည့်သွင်းပေးလိုက်သလိုမျိုး ခံစားခဲ့ရသည်။ ဂျော်ဒန် မုတ်ဆိတ် ရိတ်ပြီး ရေမိုးချိုး နေစဉ် သူမလည်း အဝတ်အစားများ ပြန်ဝတ်ကာ ကော်ဖီ အသင့်ဖျော်ပြီး စောင့်နေခဲ့သည်။ ထိုကဲ့သို့ အေးချမ်းလှသော အိမ်ရှင်မတဦး လို လုပ်ကိုင်နေရသည့် အဖြစ်က သူမအတွက် အထူး အဆန်းလို ဖြစ်နေရပြန်သည်။
ဂျော်ဒန်သည် စာကြည့်ခန်း တံခါးကို ဖွင့်ပြီး အထဲဝင်သွားသည်ကို တွေ့လိုက်ရသည့် အခါ သူမစိတ်ထဲ စိုးရွံ့စိတ်များ ဗြုန်းကနဲ ဆို ပေါ်လာရပြန်သည်။ “ငါ ပစ္စည်းတွေကို သူ့နေရာတကျ ပြန်များ ထားခဲ့ရဲ့လား။ ငါ အခန်းထဲ ရောက်နေတာကိုများ သိသွားပြီလား” ။
အိမ်က ထွက်တော့ သူတို့ နှစ်ဦး တက္ကဆီကို အတူ စီးလာခဲ့သည်၊ ဂျော်ဒန်သွားရမည့် ဂရိုဗီနာ စကွဲယားက သိပ်မဝေးလှ၊ ထိုသို့ တိုတောင်းသော ခရီးမှာပင် ငါ့ကို နောက်တခါ ပြန်မှ တွေ့ချင်စိတ် ရှိပါဦးမည်လား ဆိုသော အတွေးဝင်လာခဲ့ပြန်သည်။ ထိုသို့ အတွေးမျိုး တကြိမ်တခါဖူးမျှ စဉ်းစားမိခဲ့ခြင်း မရှိပေ။ သူမကို တကယ်တမ်း အရေးတယူ ဂရုတစိုက် ရှိမည်ဆိုလျှင် ထိုသို့ အတွေးမျိုး တွေးစရာပင် မလိုပေ။ သူမ စိုးရိမ်နေမှုများက အခြေအမြစ်မရှိကြောင်း မကြာခင်မှာပင် သိခွင့် ရသွားခဲ့သည်၊ ဂရိုဗီနာ စကွဲယား သို့ ရောက်ပြီး တက္ကဆီ ပေါ်မှ မဆင်းခင်မှာပင် ဂျော်ဒန်က ညနေတွင် ချားလော့ လမ်း ရှိ အီတလီ စားသောက်ဆိုင်တွင် ညစာ အတူ စားဖို့ ပြောလာခဲ့၍ ဖြစ်သည်။
ကက်သရင်း လည်း အတွေးများကို ရပ်ကာ ကမ်းပါး အတိုင်း နောက်ကြောင်း ပြန်လျှောက်လာခဲ့သည်။ ချိန်းဆိုထားသော နေရာတွင် နျူမန်က ရောက်နှင့်နေပြီ ဖြစ်သည်၊ သူ၏ လောင်းကုတ် အင်္ကျီထဲသို့ လက်ထည့်ကာ မိုးရေစက်များ ကြောင့် ကော်လာကို အပေါ်သို့ ထောင်ထားသည်၊ ဦးထုတ် ခပ်ပျော့ပျော့ကိုလည်း မျက်လုံး အပေါ်ထိ ရောက်အောင် ဆွဲချထားသည်။
သူ့မျက်နှာသည် အေးဂျင့်တယောက် နှင့် မလျှော်ညီ ဟု ပင် ပြောရလောက်အောင် ချောမောပြေပြစ်လွန်းနေသည်၊ သို့သော် သူ၏ အကြည့်ကို ခံရသူတိုင်း ဘာရယ်မှန်းမသိ သည့် အန္တရာယ် အရိပ်အငွေ့များ ရရှိသလို ခံစားကြရမည့် ပုံ ရှိသည်။ သူ့ကိုယ်ပေါ်တွင် သေသပ်ကျနစွာ ချုပ်ထားသော အနောက်တိုင်း ဝတ်စုံကိုသာ ဝတ်ခိုင်းလိုက်မည် ဆိုက ဘယ်ဂရာဗီယာ ကော့တေး ပါတီပွဲသို့ပင် တက်နိုင်မည် ဖြစ်သည်။
ယခု သူဝတ်ထားသည့် ပုံ နှင့် ဆိုက လန်ဒန်ရှိ ကြမ်းပေ့ရမ်းပေ့ ဆိုသော လူများ ကြီးစိုးနေသည့် ဆိပ်ကမ်းများ တဝိုက်တွင် အနှောက်အယှက် မရှိ သွားလာနိုင်ပေသည်၊ မည်သူကမျှလည်း သူ့အား နှစ်ခါပြန် လှည့်ကြည့်ရဲကြမည် မဟုတ်ပေ။ အမူအရာ လုပ်တတ်အောင် လေ့ကျင့် သင်ယူခဲ့လေသလားဟုပင် ကက်သရင်း တွေးမိခဲ့သည်။
“ခင်ဗျား ကြည့်ရတာ ကော်ဖီပူပူလေး တခွက်လောက် သောက်မှ ဖြစ်တော့မယ့်ပုံ ပေါက်နေတယ်၊ ဒီနဲ့ သိပ်မဝေး တဲ့ နေရာမှ နွေးနွေးထွေးထွေး ထိုင်ပြီး ကော်ဖီ သောက်လို့ ရမယ့် ဆိုင်တဆိုင် ရှိတယ်”
ပြောပြောဆိုဆို နှင့် နျုမန်က လက်ကမ်းပေးလာ၍ သူ့လက်ကို ဆွဲကာ နှစ်ဦးသား ကမ်းပါး အတိုင်း လျှောက်လာခဲ့ကြသည်။ ရာသီဥတု က အေးစိမ့်နေသည်၊ နျူမန်အား ဖလင်လိပ်ကို ထုတ်ပေးလိုက်ရာ ဆိုင်ရှင် ပြန်အမ်းလိုက်သည့် အကြွေစေ့များ အလား အမှုမထားသည့် ပုံမျိုးဖြင့် အင်္ကျီအိတ်ထဲ ထည့်လိုက်သည်။ ဗိုဂဲလ်က သူ့အား ကောင်းစွာ လေ့ကျင့် ပေးထားခဲ့ပြီးပုံရသည်။
“ဒါကို ဘယ်ကို ပို့ပေးရမယ် ဆိုတာ ရှင်သိတယ်နော်”
“ကဗင်ဒစ်ရှ် စကွဲယားလေ၊ ပေါ်တူဂီ သံရုံးက ဟာမန်းဒက်ဇ် ဆိုတဲ့ လူက ဒီညနေ သုံးနာရီ တိတိ မှာ လာယူလိမ့်မယ်၊ ပြီးရင် သူက ဒါကို သံတမန် ချောစာအိပ်ထဲ ထဲ့လိုက်ယုံပဲ၊ ဒီညပဲ လစ္စဘွန်း ရောက်သွားပြီး မနက်ရောက်တာနဲ့ ဘာလင်ကို ရောက်ပြီးသား ဖြစ်နေပြီ”
“ဘဲရီး ဂွတ်”
“ဒါနဲ့ အခု ဟာက ဘာတွေများလဲ”
“သူရဲ့ အပွိုင့်မင့် စာအုပ် နဲ့ စာကြည့်ခန်းထဲက ရိုက်ယူလာတဲ့ ဓါတ်ပုံတွေပါ၊ သိတ်တော့ များများစားစား မဟုတ်ပါဘူး၊ အစပဲ ရှိသေးတာ ဆိုတော့”
“အရမ်း တော်တယ်ဗျာ။ ဘယ်လိုများ ရအောင် ယူနိုင်ခဲ့တာလဲ”
“ကျမ က သူညစာ စားဖို့ ဖိတ်တာကို သဘောတူ ပြီး အတူလိုက်စား၊ ပြီးတာနဲ့ အိပ်ယာပေါ် ရောက်သွားကြတာပဲ၊ ညကြီး သူအိပ်မောကျနေတဲ့ အချိန် ထပြီး စာကြည့်ခန်းထဲ ဝင် ဓါတ်ပုံ ရိုက်ယူခဲ့တာ၊ ဗိုဂဲလ် ပေးတဲ့ မီးခံသေတ္တာ ဂဏန်းတွဲက အလုပ်ဖြစ်လို့ တော်သေး၊ အဲ့တာနဲ့ ပဲ မီးခံသေတ္တာထဲ ဘာတွေ ရှိလဲ ဆိုတာ မြင်ခဲ့ရသေးတယ်”
နျုမန်က ခေါင်းကို ရမ်းလိုက်ပြီး “အန္တရာယ် များလိုက်တာဗျာ၊ အောက်ထပ်သာ မတော်တဆ ဆင်းလာခဲ့ရင် ခင်ဗျား တော့ ဒုက္ခရောက်ပြီသာ မှတ်”
“ကျမ သိပါတယ်၊ အဲ့ဒီအတွက်လည်း ဒါတွေ တပါတည်း ယူသွားတာ” ဟု ပြောရင်း ပိုက်ဆံအိတ်ထဲက သော့ပုံစံတူ နှိပ်ယူထားသည့် ရွှံ့တုံး ကို ထုတ်ပေးလိုက်သည်။ “အဲ့တာကို ပုံတူ သော့တွေ ကူးဖို့ တယောက်ယောက်ကို ရှာ၊ ပြီးရင် ဒီနေ့ပဲ ကျမ တိုက်ခန်း ကို လာပေးဖြစ်အောင်ပေး၊ မနက်ဖန် သူအလုပ်သွားတာနဲ့ ကျမ သူ့အိမ် သွားပြီး စာကြည့်ခန်းထဲ ရှိသမျှ ကို ဓါတ်ပုံ ရိုက်ယူခဲ့မယ်”
နျူမန်က ရွှံ့တုံးကို သူ့အိပ်ထဲ ထည့်လိုက်ပြန်သည်။
“ဘာ ကျန်သေးလဲ”
“ပြောဖို့ ကျန်သေးတယ်၊ အခု က စပြီး ဒီလို စကားပြောခွင့် မရှိတော့ဘူး၊ တယောက်နဲ့ တယောက် မတော်တဆ ဝင်တိုက်မိသလိုမျိုး ဖန်တီးပြီး ကျမ က ဖလင်လိပ်ကို ပေးမယ်၊ ရှင်က ပေါ်တူဂီတွေဆီ ရောက်အောင် သွားပေး၊ ကျမ အတွက် မက်ဆေ့ချ်တခုခု ပါလာခဲ့ရင် စာနဲ့ ရေးပြီးပေး၊ ဟုတ်ပြီလား”
“အိုကေ..သဘောပေါက်ပြီ”
သူတို့ နှစ်ဦး အတူ သွားနေရာက ရပ်လိုက်ကြပြီး “ကဲ..ရှင့်မှာ ဒီနေ့အဖို့ လုပ်စရာတွေ အများကြီး ရှိနေပြီ မစ္စတာ ပေါ်တာ” ဟု ပြောကာ သူ့ပါးပြင်ကို နမ်းလိုက်ရင်းက နား နားကပ်ကာ “ဒီဖလင်တွေ အတွက် ကျမ အသက်နဲ့ ရင်းထားရတာနော်၊ အမှားအယွင်း မလုပ်မိအောင် သတိထားပါ” ဟု ပြောရင်း လာရာ လမ်း အတိုင်း ပြန်လှည့်ထွက်လာခဲ့သည်။
**************************