ဆိုးဆိုးရွားရွား မတည်မငြိမ် ဖြစ်လာနေသော ဆူဒန်

by Hla Soewai - Jan 06 2022

ဇန်နဝါရီ ၂ ရက်နေ့တွင် အစိုးရ ဆန့်ကျင်ရေး လမ်းပေါ် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီး နောက်တွင် ဆူဒန် ဝန်ကြီးချုပ် အက်ဒဲလာ ဟမ်‌ဒေါ့ သည် စိတ်ပျက်လက်ပျက် ဖြင့် ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။ ဟမ်ဒေါ့သည် ၎င်းအား အောက်တိုဘာ ၂၅ ရက်နေ့တွင် ရာထူးမှ ဖြုတ်ချကာ ဖမ်းဆီးခဲ့သည့် စစ်တပ်မှ ပြန်လည် လွှဲအပ်ပေးသော ရာထူးကို ၆ ပတ်ခန့် သာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး နောက် နှုတ်ထွက်သွားခဲ့ခြင်းလည်း ဖြစ်သည်။

 

ထိုသို့ လက်ခံခဲ့ရခြင်းမှာလည်း ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများ နှင့် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဒဲ ဖာတာ အယ် ဘာဟန်အကြား ထိတ်တိုက်ရင်ဆိုင်တွေ့လာပြီး အကြမ်းဖက်မှုများကို ဟန့်တား ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသောကြောင့်လည်း ဖြစ်သည်။ သို့သော် ဟမ်ဒေါ့သည် ၎င်း ထင်မှတ်မထားသော အဆိုးဝါးဆုံး အခြေအနေများနှင့် ရင်ဆိုင်လာခဲ့ရသည်။

 

၎င်းအား အမာခံ ထောက်ခံနေသူများက ထိုသို့ ရာထူး ပြန်လည် လက်ခံခဲ့ခြင်းသည်ပင် အာဏာသိမ်း စစ်ခေါင်းဆောင်များအား အသိအမှတ်ပြုရာ ရောက်သည်ဟု ခံယူလာခဲ့ကြပြီး ယခင်ကထက်ပင် အုံနှင့် ကျင်းနှင့် လမ်းပေါ်ထွက်လာခဲ့ကြသည်။ သို့သော် စစ်တပ်သည် ၎င်းကြိုးပမ်းနေသလို အလျော့ပေးခြင်းမျိုး မရှိပဲ ပစ်ခတ် သတ်ဖြတ် နှိမ်နှင်းလာခဲ့ကြသည်။ အောက်တိုဘာလမှစ၍ သေဆုံးသူ အရည်အတွက် ၅၀ ကျော် ရှိသွားခဲ့ပြီ ဖြစ်သည်။

 

ဆူဒန်သည် အာဏာသိမ်း လေ့ရှိသော  စစ်ခေါင်းဆောင်များ၏ ကျားသနားမှ နွားချမ်းသာ အဖြစ်မျိုး ကြုံလာခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီလည်း ဖြစ်သည်။ ၁၉၅၆ လွတ်လပ်ရေး ရပြီးချိန်မှစ၍ အောင်မြင်ခဲ့သော အာဏာသိမ်းမှု ၆ ကြိမ် နှင့် ပျက်ပြားသွားခဲ့သည့် အာဏာသိမ်းပွဲ ၁၀ ကြိမ် ခန့် ဖြစ်ပွားခဲ့သည့် အစဉ်အလာလည်း ရှိထားပြီး ဖြစ်သည်။

 

၂၀၁၉ ဧပြီလတွင် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး အိုင်စီစီ၏ တရားစွဲဆိုခြင်း ခံထားရသော ဗိုလ်ချုပ်ကြီး အိုမာ အယ် ဘာရှီရားအား လူထု တော်လှန်ရေး ဖြင့် ဖြုတ်ချ ခဲ့ပြီး အခြေအနေများ ပိုမို ဆိုးဝါးလာခဲ့သည်။

 

နောက်ပိုင်း ၂၀၁၉ ဩဂုတ်မှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကြားကာလ အသွင်ကူးပြောင်းရေး အစိုးရဟု ဆိုကာ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရန် အတွက် စီးပွားရေး ပညာရှင် ဟမ်ဒေါ့ ဦးဆောင်သည့် တတ်သိ ပညာရှင်များ နှင့် စစ်ဗိုလ်ချုပ်ကြီးများ ပူးတွဲ ဖွဲ့စည်းခဲ့သည့် အစိုးရ သည်လည်း တဦး နှင့် တဦး မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ကြသည်။

 

ဆူဒန်သည် လွတ်လပ်ရေး ရပြီးချိန်မှစ၍ အခွင့်ထူးခံ အာရပ်လူနည်းစုများ၏ ထင်သလို ခြယ်လှယ်ကာ တိုင်းပြည်ကို လုယက် ကိုယ်ကျိုး ရှာနေသည့် အဖြစ်နှင့် အများဆုံး ကြုံလာခဲ့ရသည်။ ထိုသို့ လုယက်နိုင်ရန် စစ်တပ်က အစ္စလမ် ဘာသာရေး အရေခြုံကာ အကာအကွယ် ပေးလာခဲ့သည်။ တကယ်တမ်းတွင် အာဏာကို ကိုယ်ကျိုး အတွက် အသုံးချကာ တိုင်းပြည် ဘဏ္ဍာ များကို ခိုးဝှက်ယူငင် နေကြသည့် အုပ်ချုပ်ရေး Kleptocracy သာ ဖြစ်သည်။ (Klept ဆိုသည်က ဂရိဘာသာ စကား မှ ဆင်းသက်လာခြင်း ဖြစ်ပြီး သူခိုးဟု အဓိပ္ပါယ် ရပေသည်)

 

ထို့ကဲ့သို့ ပြည်သူများ ၏ အကျိုးကို လားလားမျှ မကြည့်ပဲ လစ်လျုရှု့ခဲ့သည့် ရလဒ်အဖြစ် တချိန်လုံး နီးပါး ပြည်တွင်းစစ်ကြီး ကြုံတွေ့လာခဲ့ရသည်။

 

စစ်တပ်သည် ၎င်းတို့အား ထောက်ခံသူများကို Rapid Support Force ဟူ၍ ပြည်သူ့စစ် ပုံစံ ဖွဲ့စည်းပေးလာပြီး ခိုးဝှက်ရသမျှ ကို ဝေမျှ စားသောက်ခဲ့ကြသည်။ ၎င်းတို့ အဖို့ ဒီမိုကရေစီ ဖြင့် အရပ်သား အုပ်ချုပ်ရေး ဆိုသည်က ၎င်းတို့ အကျိုးစီးပွားကို တိုက်ရိုက် ခြိမ်းခြောက်လာနိုင်သဖြင့် လွန်စွာ နားကြားပြင်းကပ်သော စကားလုံးများဖြစ်ပြီး ထိုအရေးကို ဦးတည် လှူပ်ရှားနေသူများအား အမုန်းကြီး မုန်းလာကြသည်မှာ အဆန်းတော့ မဟုတ်ပေ။

 

အနောက်အုပ်စုမှ ထောက်ခံအားပေးလာသည့် ဟမ်‌‌ဒေါ့သည် စစ်တပ်၏ ကျယ်ပြန့်ကြီးမားလှသည့် လုပ်ငန်းကြီးများကို စာရင်းစစ်ရန် ကြိုးပမ်းလာခဲ့သည့် အတွက် ဖြုတ်ချခံခဲ့ရခြင်း ဖြစ်သည်။

 

ထိုသို့သော အခြေအနေများ ဖြစ်ပေါ်အောင် အားပေးအားမြှောက် ပြုသလို ဖြစ်လာခဲ့ရသည်က စစ်ဗိုလ်ချုပ်များအား ရုရှားမှ ထောက်ခံမှု ပေးလာခြင်းပင် ဖြစ်သည်၊ ကရင်မလင်၏ အကျိုးစီးပွား နှင့် အညီ လှုပ်ရှားနေသော ရုရှား၏ ကြေးစား အဖွဲ့ တဖွဲ့ဖြစ်သော ဝဂ္ဂနာ သည် ဆူဒန်ရှိ စစ်တပ် ဖွဲ့စည်းပေးထားသော ပြည်သူ့စစ်များအား လေ့ကျင့်သင်တန်းပေးပြီး စစ်ပစ္စည်းများ ထောက်ပံ့ပေးလာခဲ့သည်။ ရုရှားသည် ထုံးစံအတိုင်း အနောက်အုပ်စု အတွက် ဖျက်မြင်းသဖွယ် ပြုလုပ်ကာ ကုလ တွင်လည်း ဆူဒန်အား အကာအကွယ် ပေးလာခဲ့သည်၊ ဆူဒန်ရှိ များပြားလှသော တရုတ်၏ ရင်းနှီးမြုပ်နှံမှုများကို စစ်တပ်မှ အကာအကွယ် ပေးလာခဲ့သည်။ တရုတ်တို့က အစိုးရကောင်း ထက် တည်ငြိမ်မှု ရှိရေးကိုသာ ဦးစားပေးလိုသူများ ဖြစ်သည်။

 

စစ်တပ်၏ နှစ်ပေါင်းများစွာ အလွဲလွဲ အချော်ချော် အုပ်ချုပ်ခဲ့မှုများ ကို အလူးအလဲ ခံခဲ့ကြရသည်မှာ ဆူဒန် ပြည်သူများပင် ဖြစ်သည်။ ငွေကြေးဖေါင်းပွမှုနှုန်း ၁၀၀% အထိ မြင့်တက်လာခဲ့ပြီး နိုင်ငံသား လေးပုံတပုံ ခန့်သည် ဝမ်းတထွာ အတွက် သေလုမျောပါး ရုန်းကန်နေကြရပြီ ဖြစ်သည်။ သန်းပေါင်းများစွာလည်း ဒုက္ခသည်ိ စခန်းများ တွင် နေထိုင်လျက် ရှိနေသည်။

 

သို့သော် ဆူဒန်ရှိ အခွင့်ထူးခံ စစ်တပ် အသိုက်အဝန်း အဖို့ကတော့ ယခင် အတိုင်း ပန်းပန်လျက်ပင် ရှိနေဆဲ ဖြစ်သည်။ အိုင်စီစီတွင် တရားစွဲခံထားရသော သမ္မတ ဘာရှီရား အား ဖြုတ်ချခဲ့စဉ်က သူ့အိမ်တွင် အမေရိကန် ဒေါ်လာ သန်း ၁၃၀ ရှိ ငွေသားများကို တွေ့ရှိခဲ့ရသည်။ ထိုအတွက်ကြောင့်လည်း စစ်ခေါင်းဆောင်များသည် လက်ရှိ အနေအထားကို ထိန်းထားနိုင်ရန် ကျားကုတ်ကျားခဲ ခုခံ နေကြသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

HLA SOEWAI