D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၉၂)

by Hla Soewai - Jan 05 2022

ဒီည အတွက် ကက်သရင်း က သူမ၏ လုပ်ရမည်များကို အကန့်အသတ်ထား၍ လှုပ်ရှားရန် ရည်မှန်းထားသည်။ ဂျော်ဒန်၏ စာကြည့်ခန်း ထဲသို့ ပုံမှန် ဝင်ရောက်ကာ သူ၏ စာရွက်စာတမ်းများကို ကြည့်ရှုနိုင်မည့် အခွင့်အလမ်း အမြဲတမ်း ရနေရန် ရည်ရွယ်ထားသည်။ ထို့အတွက် အိမ်ရှေ့တံခါး၊ စာကြည့်ခန်း တံခါးကို အချိန်မရွေး ဖွင့်ဝင် နိုင်ဖို့ နှင့် သူ၏ ဘရိဖ်ကေ့စ်ကို ဖွင့်နိုင်ရန် သော့အပို တချောင်းစီ ရှိဖို့ လိုလာသည်။ ဂျော်ဒန်၏ သော့တွဲတွင် သော့ အများအပြား တွဲချိတ်ထားသည်။ ထိုအထဲတွင် အိမ်ရှေ့တံခါး သော့က ကျန် သော့များထက် ကြီးနေ၍ အလွယ် တကူ ခွဲခြား၍ ရ၏။

 

သူမ၏ ပိုက်ဆံအိတ်ထဲမှ သော့ပုံစံတူ လုပ်ရန် ပြင်ဆင်လာသည့် အညိုရောင် ရွှံ့ပျော့ တုံး တတုံးကို ထုတ်ယူ လိုက်သည်။အိမ်ရှေ့ တံခါး သော့ကို ရွေးထုတ်ကာ ရွှံတုံးပေါ်တွင် သေသေသပ်သပ် ဖိယူလိုက်သည်။ ဘရိဖ် ကေ့စ်ကို ဖွင့်သည့် သော့ကလည်း  အသေးဆုံး ဖြစ်နေ၍ အလွယ်တကူ ခွဲထုတ်ယူ၍ ရနေပြန်သည်။ ထိုသော့ ကိုလည်း အလားတူပင် ပုံစံယူလိုက်သည်။ သို့သော် စာကြည့်ခန်းတံခါး သော့က ပို၍ ခက်ခဲနေသည်။ ပုံစံတူ သော့အမြောက်အများက ရှိနေ၍ ဖြစ်သည်။ မည်သည့်သော့ ဖြစ်မည် ဆိုသည်ကို သိအောင် လုပ်ဖို့ တနည်းသာ ရှိတော့သည်။

 

သူမ၏ ပိုက်ဆံအိတ်နှင့် ဂျော်ဒန်၏ ဘရိဖ်ကေ့စ်ကို ကောက်ယူလိုက်ပြီး စာကြည့်ခန်း ရှိရာသို့ ထွက်လာခဲ့သည်။ အခန်းတံခါးကို သော့တချောင်းပြီး တချောင်း ဖွင့်ကာ စမ်းကြည့်နေသည်။ စတုတ္ထမြောက် သော့ကျမှ ဖွင့်၍ ရ သွားသည်။ ထိုသော့ကို ဖြုတ်ယူလိုက်ပြီး ပုံစံတူ ကူးယူလိုက်သည်။

 

ကက်သရင်းသည် ထိုညအတွက် သူမ ရည်ရွယ်ထားသည်များ အောင်မြင်စွာ ပြီးမြောက်သွားပြီ ဖြစ်၍ ရပ်မည် ဆိုလျှင် ရပ်လို့ ရသွားခဲ့ပြီ။ သော့တူများ လုပ်ပြီးသွားက ဂျော်ဒန် အိမ်မှာ မရှိသည့် အခိုက် အချိန်မရွေး ပြန် လာပြီး စာကြည့်ခန်းထဲက စာရွက်စာတမ်းများကို ဓါတ်ပုံရိုက်ယူ၍ ရနေပေသည်။

 

 ဒီညအတွက် ထိုမျှလောက်နှင့် အားမရ၊ ဗိုဂဲလ်ကိုလည်း သူမ မည်မျှအတိုင်းအတာ အထိ လုပ်နိုင်စွမ်းရှိ နေသည် ကိုလည်း ပြချင်နေမိသည်။ အခုအတိုင်းဆို သူမ အိပ်ယာပေါ်က ထလာခဲ့သည်မှာ နှစ်မိနစ်ခန့်သာ ရှိဦး မည်ဟု ခန့်မှန်းလိုက်သည်။ နောက်ထပ် နှစ်မိနစ်လောက် အချိန် ထပ်ဖြုန်းလည်း ကိစ္စမရှိလောက်။

 

စာကြည့်ခန်း တံခါးကို ဖွင့်လိုက်ပြီး အထဲသို့ ဝင်လိုက်ကာ မီးကို ဖွင့်လိုက်သည်။ အခန်းက သပ်သပ်ရပ်ရပ် နှင့် နေချင်စဖွယ် ဖြစ်သည်။ ကြီးမားသော စားပွဲရှည်ကြီး တလုံး၊ သားရေ ကုလားထိုင်တလုံး၊ ပုံဆွဲ စားပွဲ တလုံးနှင့် ရှေ့တွင် သစ်သား ထိုင်ခုံရှည်တလုံးပါ ချထားသည် ကို တွေ့ရသည်။

 

ကက်သရင်းက ပိုက်ဆံအိတ်ထဲမှ ကင်မရာ နှင့် ဆိုင်လင်စာ  တပ်ထားသော မောစာ ပစ္စတို ကို ထုတ်လိုက်သည်။ ပစ္စတိုကို စားပွဲပေါ်တင်လိုက်ပြီး ကင်မရာနှင့် အခန်း ပတ်ပတ်လည် ကို ဓါတ်ပုံ ရိုက်ယူလိုက်သည်။ ပြီးလျှင် ဂျော်ဒန်၏ ဘရိ့ဖ်ကေ့စ်ကို ဖွင့်ကြည့်ရာ အထဲတွင် စာရွက်စာတမ်းဟူ၍ တခုတလေမျှ မတွေ့ရဘဲ စာကြည့် မျက်မှန် ထည့်သည့် အိတ်သေးလေး တခု နှင့် သားရေဖုံးဖြင့် ချုပ်ထားသော အပွိုင့်မင့် စာအုပ်သာ ရှိနေသည်။ အနည်းဆုံးတော့ တခုခု အကျိုးရှိလာနိုင်သည်ဟု ယူဆလိုက်သည်။ စာအုပ်ထဲတွင် ဂျော်ဒန်နှင့် ပတ်သက်နေ သည့် လူများ၏ အမည်များ ရှိနေမည် ဖြစ်သည်။ အက်ဗဲယားသည် သူနှင့် ဆက်ဆံနေရသည့် လူများ၏ အမည် များကို သိမည်ဆိုကာ သူလုပ်နေရသည့် လုပ်ငန်း သဘာဝ ကို သိရှိနိုင်ပေလိမ့်မည်။

 

ထိုအလုပ်မျိုးကို သင်တန်းစခန်း တွင် မရည်တွက် နိုင်လောက်အောင် အကြိမ်ပေါင်း များစွာ လုပ်ခဲ့ပြီးလည်း ဖြစ် သည်။ လေ့ကျင့်ရသည့် အခါတိုင်း ဗိုဂဲလ်သည် အနားမှ စံချိန်ယူသည့် နာရီကိုင်ကာ မှတ်တမ်းတင်နေကျ ဖြစ် သည်။ “ကြာလွန်းတယ်၊ အလင်းရောင် များလွန်းတယ်၊ မရသေးဘူး၊ အခုလောက်ဆို မင်းကို မိသွားကြ တော့ မယ်၊ အခု ဘာရပ်လုပ်နေတာလဲ” စသည်ဖြင့် ပါးစပ်က တတွတ်တွတ် ရွတ်နေပြန်သည်။ အပွိုင့်မင့် စာအုပ်ကို စားပွဲပေါ် ဖြန့်ချပြီး စားပွဲတင် မီးလုံးကို ဖွင့်လိုက်သည်။ မီးလုံးကို တွဲထားသော လက်တံက လိုသလို ရှေ့တိုး နောက်ဆုပ် လုပ်၍ရပြီး အောက်သို့လည်း စိုက်၍ ရနေပြန်သဖြင့် စာရွက်စာတမ်းများကို ဓါတ်ပုံရိုက်ဖို့ လွန်စွာ အသုံးတည့်နေသည်။

 

“သုံးမိနစ် ကြာသွားပြီ ဖြစ်သည်၊ မြန်မြန်သွက်သွက်လုပ်တော့ ကက်သရင်း” ဟု သူမကို သူမ သတိပေးလိုက် ပြန်သည်။ စာအုပ်ကို ဖွင့်လိုက်ပြီး မီးလုံး လက်တံကို စာရွက်များပေါ် တိုက်ရိုက် ကျနေအောင် လိုအပ်သလို ချိန်ညှိလိုက်သည်။ ရိုက်ယူသည့် ထောင့် မှားသွားတာမျိုး၊ အလင်းရောင် နှင့် အရမ်းနီးကပ်နေက ဖလင်များ ပျက်စီးသွားနိုင်သည်။ ဗိုဂဲလ် သင်ပေးထားသည့် အတိုင်း စာရွက်များကို ဓါတ်ပုံ တဖြတ်ဖြတ် ရိုက်ယူလိုက် သည်။

 

စာရွက်ပေါ်တွင် လူနာမည်များ၊ ရက်စွဲများ၊ မှတ်စုအတိုများ ကို လက်ရေး နှင့် ရေးထားသည်၊ စာရွက်တရွက် နှစ်ရွက်ခန့် ရိုက်ယူပြီးသွားချိန်တွင် လွန်စွာ စိတ်ဝင်စားစရာ ကောင်းသည့် စာမျက်နှာကို တွေ့လာရသည်။ ထိုစာမျက်နှာ ပေါ်တွင် သေတ္တာပုံစံ တခုကို ခပ်ကြမ်းကြမ်း ရေးခြစ်ထားသည်။ ဂဏန်း အမှတ်အသားများပါ ရေးထား၍ သေတ္တာ၏ အတိုင်းအတာကို ရည်ညွှန်းထားပုံရသည်။ ကက်သရင်းသည် သေချာစေရန် ထိုစာ မျက်နှာကို နှစ်ခါ ပြန် ရိုက်ယူလိုက်သည်။

 

လေးမိနစ် ရှိသွားပြီ ဖြစ်သည်။ ဒီညအတွက် ထပ်တိုး တခုက မီးခံသေတ္တာပင် ဖြစ်သည်။ မီးခံသေတ္တာကို စားပွဲ နှင့် ကပ်လျှက် ကြမ်းပြင်တွင် ဝက်အူစုပ်၍ ထားသည်။ ထိုမီးခံသေတ္တာကို ဖွင့်ရန် နံပတ်စုံတွဲ ကို ဗိုဂဲလ်က သူမထံ ပို့ပေးထားပြီး ဖြစ်သည်။ ကက်သရင်းက ဒူးထောက် ထိုင်ချလိုက်ပြီး နံပါတ်များ အတိုင်း လှည့်ဖွင့်လိုက် သည်။ အားလုံး ဂဏန်း ၆ လုံးဖြစ်သည်။ နောက်ဆုံး နံပတ်ကို လှည့်ဖွင့်ပြီးသည့် အခါတွင်တော့ လက်ကိုင်သည် လှည့် ဖွင့်လို့ရသည့် အနေအထား သို့ ‌ပြောင်းသွားခဲ့သည်။ တံခါးကို ဆွဲဖွင့်လိုက်ပြီး အထဲကို ကြည့်လိုက်သည့် အခါ စာရွက်များ နှင့် ပြည့်နှက်နေသော ဖိုင်တွဲများကို တွေ့ရသည်။ ထို့အပြင် စာရွက်များကို ကြိုးဖြင့် တွဲထား သော စာအုပ်ပုံစံ လုပ်ထားသည် စာအုပ် အများအပြားလည်း ရှိနေသည်။

 

ဒီအတိုင်းဆိုက အကုန်လုံးကို ဓါတ်ပုံ ရိုက်ဖို့ နာရီပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။ သူမ အဖို့ စောင့်၍ ဖြစ်နေသည့်အတွက် မီးခံသေတ္တာ အတွင်း အနေအထားကိုသာ ဓါတ်ပုံ ရိုက်ယူလိုက်သည်။

 

ငါးမိနစ်။ အားလုံးကို နေသားတကျ ဖြစ်အောင် ပြန်ထားရမည့် အချိန်ရောက်လာပြီ ဖြစ်သည်။ မီးခံသေတ္တာ တံခါးကို ပြန်ပိတ်ပြီး လက်ကိုင် ကို နေသားတကျ ပြန်ထားလိုက်သည်။ ထို့နောက် ဒိုင်ခွက်ကို ပြန်လှည့်ပေးခဲ့၏။ ရွှံ့တုံးကိုလည်း ပုံတူ ယူထားမှုများ ပျောက်ပျက်မသွားအောင် သူမ၏ ပိုက်ဆံအိတ်ထဲ ဂရုတစိုက် ပြန်ထည့်ထား လိုက်သည်။ ပြီးမှ ကင်မရာ နှင့် မော်စာ ပစ္စတို ကို ပြန်ထည့်လိုက်သည်။ ဂျော်ဒန်၏ အပွိုင့်မင့် စာအုပ်ကိုလည်း ဘရိဖ်ကေ့စ်ထဲ ပြန်ထည့်ပြီး သော့ကို ပြန်ပိတ်ရပြန်သည်။ အားလုံးပြီးသွားသည့် အခါတွင်မှ မီးကို ပိတ်ကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။ တံခါးကို အသေအချာ ပြန်ပိတ်ကာ သော့ခတ်လိုက်သည်။

 

ခြောက်မိနစ်၊ သိတ်ကြာသွားခဲ့သည်။  သော့တွဲများ၊ ဘရိဖ်ကေ့စ် နှင့် သူမ၏ ပိုက်ဆံအိတ်ကို စားပွဲပေါ်တွင် ခြေရာလက်ရာ မပျက် ပြန်တင်ထားခဲ့သည်။ အားလုံးပြီးသွားပြီ ဖြစ်၍ မေးလာပါကလည်း ရေဆာ၍ ဆင်း သောက်သည်ဟု ပြောလိုက်ရုံသာ ရှိသည်။  ဤသည်ကလည်း အမှန်ပင် ဖြစ်သည်။ အခုဆို သူမအာခေါင်က ခြောက်ကပ်နေပြီ ဖြစ်သည်။ မီးဖိုချောင်ထဲ ဝင်သွားပြီး ဘီဒိုပေါ်က ဖန်ခွက်တခွက်ကို လှမ်းယူကာ လက်ဆေး ကန်မှ ရေ ပိုက်ခေါင်းကို ဖွင့်၍ ထည့်လိုက်သည်။ ချက်ခြင်းလို မော့သောက်ပြီး ဖန်ခွက် ကို ရေပြန်ဖြည့်ကာ အပေါ်ထပ်သို့ ယူလာခဲ့သည်။

 

ကက်သရင်း ၏ စိတ်ထဲတွင် အလုံးကြီး အခုမှ ကျသွားကာ စိတ်လက် ပေါ့ပါးသွားခဲ့ပြီ ဖြစ်သည်။ တချိန်တည်း မှာပင် သူမ၏ အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့မှု အပေါ်လည်း အံ့ဩခြင်းမက အံ့ဩနေမိပြန်သည်။ လပေါင်းများ စွာ သင်ယူခဲ့ရမှု၊ နှစ်ပေါင်းများစွာ ကြာအောင် စောင့်ဆိုင်းနေခဲ့ရမှုများကြောင့် သူမ ယခုလို လုပ်နိုင်ခဲ့ခြင်း လည်း ဖြစ်သည်။ ချက်ချင်းလို သူလျှို ဘဝကို သဘောကျသွားမိပြန်သည်။ ကိစ္စတခုကို အသေးစိတ် ပြင်ဆင်ပြီး ဟာ ကွက်မရှိအောင် အကောင်အထည် ဖေါ်ပေးရသည့် လုပ်ငန်းမျိုး ဖြစ်သည်။ ထို့အပြင် လူကြီးများ လျှို့ဝှက် ထားသည့် အရာတခုကို သိအောင် ဖေါ်ထုတ်နိုင်ခဲ့သည့် ကလေးတယောက်၏ ကျေနပ်ခြင်းမျိုး စိတ်ထဲတွင် ဖြစ် ပေါ်နေမိသည်။

 

ဗိုဂဲလ် ပြောသည်က အမှန်ပင် ဖြစ်သည်။ ယခုလို သူလျှိုဘဝ သည် သူမနှင့် အဖက်ဖက်မှ သင့်တော်နေပေသည်။

 

တံခါးကို ဖွင့်လိုက်ပြီး အိပ်ခန်းထဲသို့ ပြန်ဝင်လာသည့် အခါတွင်တော့ အိပ်ယာပေါ်တွင် ထ ထိုင်နေသော ပီတာ ဂျော်ဒန်ကို ပြတင်းပေါက်မှ တိုးဝင်လာနေသော လရောင်အောက်တွင် တွေ့လိုက်ရသည်။