D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၉၀)

by Hla Soewai - Dec 31 2021

သူ့စကားကြောင့် ဘုသီ၏ မျက်နှာတွင် သွေးမရှိတော့သလို ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ဘောင်းဘီ အိတ်ထဲ ထည့်ထားသော လက်များက လက်သီးဆုပ် သဏ္ဌာန် ဖြစ်လာသည်ကို ဗီကာရီ သတိထားမိ လိုက်သည်။ သူ ပြောလိုက်သည့် စကားက ဂရေ့စ် ကလာရင်ဒန် အတွက် အထူး အန္တရာယ်များလှသည်။ ဘုသီသည် မှတ်တမ်း ရုံးရှိ နီကိုလပ်စ် ဂျာဂို ကို ခေါ်ပြီး ဖြေရှင်းချက် ပေးခိုင်းနိုင်သည်။  ထိုအခါ ဂျာဂိုသည် ဂရေ့စ် ကလာရင်ဒန် လက်ချက်ဖြစ်မှန်း ချက်ချင်းလို သဘောပေါက်သွားတော့မည် ဖြစ်သည်။ ဤသည်မှာ အသေးအဖွဲ ပြဿနာ တခု မဟုတ်၊ ဂရေ့စ်အဖို့ ချက်ချင်းလို အလုပ်ပြုတ်သွားသည် အထိ ဖြစ်သွားနိုင်သည်။

 

သို့သော် ဂရေ့စ်ကို ထိုသို့ လုပ်ရဲလိမ့်မည် မထင်သင့်သည့်ဖက်မှ လောင်းကြေးထပ်၍ အရဲစွန့် မေးလိုက်ခြင်း ဖြစ်သည်။ ဂရေ့စ်ကို ထိုသို့ အရေးယူမည် ဆိုလျှင် သူမပေးသော သတင်း မှန် ကြောင်း အတည်ပြု လိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူထင်သလို ဖြစ်လာပါစေဟု ဆုတောင်းလိုက်ပြန်သည်။

 

“ခင်ဗျား ပြဿနာ အတွက် ဓါးစာခံ ရှာနေတာလား အယ်ဖရက်၊ ခင်ဗျား အခုလို မဖြေရှင်းနိုင်တာကို အပြစ်ဖို့ ရမယ့် တယောက်ယောက်၊ ဒါမှ မဟုတ် အကြောင်းတခုခု ရှာနေတာပေါ့လေ၊ ခင်ဗျား ရင်ဆိုင်နေရတဲ့ အန္တရာယ် ကို ကျွန်တော်တို့ထက် ခင်ဗျားက ပိုသိထားသင့်တယ်၊ ဒီလို စိတ်ဓါတ် မရင့်ကျက်သေးတဲ့လူတွေ၊ သူတို့ ထွက် ပေါက် အတွက် အပြစ်ဖို့ ခံရမယ့် လူတွေ၊ လွယ်လွယ် လက်ညှိုးထိုးခဲ့ကြတဲ့ အဖြစ်တွေက ရာဇဝင် မှာ တပုံ တခေါင်းကြီး”

 

ဘုသီ သည် သူ့အမေးကို ခုထိ မဖြေသေး ပါလားဟု ဗီကာရီက တွေးလိုက်မိသည်။

 

ဗီကာရီက ထရပ်လိုက်ပြီး “ဂွတ်နိုက် ဆာ ဘက်ဆဲလ်”

 

ဗီကာရီ တံခါးဝ ရောက်သည်အထိ ဘုသီသည် ဘာစကားမှ မပြောဘဲ နှုတ်ဆိတ်နေသည်။

 

“နောက်ထပ် ပြောဖို့ တခုကျန်သေးတယ်” ဟု နောက်ဆုံးကျမှ ဘုသီထံမှ အသံထွက်လာသည်။ “ခင်ဗျားကို ပြောဖို့ မလိုဘူး လို့ ယူဆထားပေမယ့် အခု ပြောမှကို ဖြစ်တော့မယ်၊ ကျွန်တော်တို့မှာ အချိန် အများကြီး မကျန်တော့ဘူး ဆိုတာပဲ၊ ကျွန်တော်တို့ဖက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်မှု တစုံတရာ ရှိမလာခဲ့ဘူးဆိုရင်၊ အပြောင်းအလဲ မလုပ်နိုင်ခဲ့ဘူးဆိုရင် ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာ ခင်ဗျား နားလည်ပြီးသား ဖြစ်မှာပါ အယ်ဖရက်”

 

                                                ************************

 

အခန်း (၃၀)

 

LONDON

 

သူတို့ နှစ်ဦး ဆာဗွိုင်း ခန်းမ၏ စားသောက်ဆိုင် တန်းသို့ ဝင်လာချိန်တွင် တီးဝိုင်း မှ “And a Nightingale Sang in Berkeley Square” သီချင်းကို တီးမှုတ်နေပြီ ဖြစ်သည်။ လက်သံ က ကမန်းကတန်း ဇာတ်တိုက် ထား ရ၍ လောမသိ ဖြစ်ကတတ်ဆန်း ဆန်နေသည်။ သို့သော်လည်း နားထောင်၍ တော့ ကောင်းသည်။

 

ဂျော်ဒန်က ဘာစကားမှ မပြောဘဲ သူမလက်ကို ဆွဲကာ ကပွဲခန်းမ ဖက် ထွက်လာခဲ့သည်။ သူသည် ယုံကြည်မှု အပြည့်ရှိပြီး အပြစ်ဆိုစရာ မရှိအောင် ကျွမ်းကျင်စွာ ကတတ်သူ တဦး ဖြစ်သည်။ ကရင်း သူမကိုလည်း တင်းကျပ်စွာ ပွေ့ဖက်ထားပြန်သည်။ ရုံးမှ တန်းလာရ၍ ယူနီဖောင်းကြီး နှင့် ဖြစ်နေသည်။ သူနှင့် အတူ ဘရိဖ်ကေ့စ်ကိုလည်း တပါတည်း ယူလာသည်။ အိတ်ကို စားပွဲပေါ်တွင် ချထားခဲ့၍ ထိုအထဲတွင် ဘာမှ အရေးကြီး စာရွက်စာတမ်း ပါလာပုံ မရသည်က သိသာနေသည်။ သို့သော်လည်း ကနေရင်းက အိတ်ဆီသို့ မကြာမကြာ လှမ်းလှမ်း ကြည့်နေပုံရှိသည်။

 

တအောင့်လောက်အကြာတွင် ကက်သရင်းသည် တစုံတရာကို သတိမထားမိဘဲ မနေနိုင်အောင် ဖြစ်လာခဲ့ ရသည်။ အခန်းထဲရှိ လူတိုင်း သူတို့ကို စိုက်ကြည့်နေကြခြင်းပင် ဖြစ်သည်။ ထိုအဖြစ်ကြောင့် သူမစိတ်ထဲ အလွန်အမင်း ထိတ်လန့်လာနေမိသည်။ သူမအဖို့ လန်ဒန်တွင် နေခဲ့ရသည့် ခြောက်နှစ်တာ ကာလပတ်လုံး ထိုကဲ့သို့ လူအများ၏ သတိပြုမိခြင်း မခံရအောင် အတတ်နိုင်ဆုံး ကြိုးစားပမ်းစား နေလာခဲ့ရပြီး ဖြစ်သည်။

 

ယခုတော့ လန်ဒန်၏ အထင်ရှားဆုံး ဟိုတယ်ကြီး တခုတွင် လူများ အာရုံစိုက်စရာ ကောင်းလောက်အောင် ကြည့်ကောင်းနေသည့် အမေရိကန် ရေတပ် အရာရှိတဦး နှင့် တွဲကနေရသည့် အဖြစ်ကို ရောက်နေရပြီ ဖြစ်သည်။ သူမ၏ သိုသိုသိပ်သိပ် နေခဲ့ရသော ဘဝကို လှစ်ဟခံလိုက်ရသလို ခံစားလိုက်ရပြီး စိတ်ထဲတွင် လုံခြုံမှု မရှိသလို ခံစားလာရသည်။ တဖက်ကလည်း အခုလို ပုံမှန် လူတယောက်ကဲ့သို့ နေထိုင်ရသည့် အပြောင်းအလဲကို သဘောကျနေမိပြန်သည်။

 

သူမ ပုံစံကြောင့်လည်း လူများ  အာရုံစိုက်လာကြခြင်းမှာ တကြောင်း အပါအဝင် ဖြစ်လာမှန်းလည်း ရိပ်စား မိနေသည်။ ဤသည်ကို ဂျော်ဒန်လည်း သတိထား မိနေကြောင်း သူမ ဘားခန်းသို့ အဝင် သူ့မျက်လုံးတွင် အရိပ်အယောင် များ တွေ့လိုက်ရသည်။ သူမ က ထိုညအတွက် အမိုက်စား ဝတ်ဆင်လာခဲ့၍ လည်း ဖြစ်သည်။

 

နောက်ကျော အကွဲ၊ ရင်သား တဝက်နီးနီး ဖေါ်ထားသည့် အမဲရောင် ကရေ့ဖ် အပေါ်အောက် ဝတ်စုံကို ဝတ်ဆင် လာခဲ့သည်။ ဆံပင်ကို ဖြန့်ချထားပြီး နောက်ဖက်ကို ကျောက်မျက်စီချယ်ထားသည့် ကလစ်နှင့် ချိတ်ထားသည်။ လည်ပင်းတဝိုက်တွင် နှစ်ထပ် ပုလဲလည်ဆွယ် ကို ဆွဲထားပြန်သည်။ မိတ်ကပ်ကိုလည်း အကျအန လိမ်း ခြယ် လာသည်။ စစ်ကြီး ဖြစ်နေ၍ မိတ်ကပ် အရည်အသွေးက ခပ်ညံ့ညံ့ပင် ဖြစ်သော်လည်း သူမအတွက်က သိပ် များများစားစား မလိုပေ။ နှုတ်ခမ်း နီ သာ သူမ၏ ပြည့်ဖြိုးသော နှုတ်ခမ်း အလှ ပေါ်လွင်စေရန် အတွက် အနည်း ငယ် ခြယ်သလာခဲ့သည်။ မျက်လုံးတဝိုက် တွင် လိုင်နာ အနည်းငယ်နှင့် ပါးပြင်ပေါ် တွင်လည်း သူမ၏ ထင်ရှား သော ပါးရိုးအလှ ပို၍ ပေါ်လွင်စေရန် ပါးနီ နည်းနည်းပါးပါး တို့လာခဲ့သည်။ သူမ ပုံကို ကြည့်ပြီး စိတ်ထဲတွင် အကျေနပ်ကြီးတော့ ဖြစ်မလာခဲ့ပေ။ သူမ၏ အလှကိုလည်း သိပ်ပြီး အလေးထားခဲ့ခြင်း မျိုး မရှိပေ။ အမျိုး သမီးတယောက် သူမ မြတ်နိုးသည့် ကြွေထည်ပစ္စည်း တခု သို့မဟုတ် ရှေးဟောင်း ကော်ဇော တချပ်ကို တန်ဖိုးထားသလိုမျိုး ထက် မပိုပေ။

 

ယခုလို နေရာမျိုး ကို မရောက်ဖြစ်ခဲ့သည်မှာလည်း ကာလ ကြာမြင့်လှပြီ ဖြစ်၍ လူများ ၏ သမင်လည်ပြန် လှည့်ကြည့်တာမျိုး ယခုလို မခံရခဲ့ဖူးပေ။ သူမ သည် လိင်တူလိင်ကွဲ နှစ်မျိုး စလုံး၏ သတိပြုမိခြင်းကို အမြဲလို ခံခဲ့ရသူမျိုး ဖြစ်သည်။ သူ့ကို မြင်လျှင် အမျိုးသားများက ပါးစပ်ကြီး အဟောင်းသား နှင့် ဖြစ်နေတတ်ပြီး အမျိုးသမီးများကမူ မနာလို ဝန်တိုသည့် အကြည့်မျိုး နှင့် မျက်မှောင်ကြုတ် ကြည့်လေ့ ရှိစမြဲလည်း ဖြစ်သည်။

 

“ဟေ..ခင်ဗျားကို အခန်းထဲက လူတိုင်း စိုက်ကြည့်နေတာ သတိထားမိရဲ့လား”

 

“ကျမ သတိထားမိပါတယ်၊ ရှင့်အတွက် ထိခိုက်တာ မျိုး မရှိဘူး မဟုတ်လား”

 

“ဘယ်လာ ရှိရမှာလဲကွာ” ဟု ပြောရင်း လူချင်း လက္မအနည်းငယ် ခွာလိုက်ပြီး သူမ မျက်နှာကို စေ့စေ့ ကြည့်လိုက်ပြန်သည်။ “ကိုယ့်အနေနဲ့ ဒီလိုမျိုး မခံစားခဲ့ရတာ အတော်ကြာနေပြီ ကက်သရင်း၊ ကိုယ့်စိတ် ထဲမှာတော့ ခင်ဗျား နဲ့ ဆုံဖြစ်ဖို့ လန်ဒန်ကို တကူးတက ရောက်လာရတယ်လို့ကို ထင်နေပြီ”

 

“အခုလို စိတ်မျိုး ထားနိုင်တာ ဝမ်းသာမိပါတယ် ရှင်”

 

“ကိုယ် စိတ်ထဲ ဝန်ခံစရာ တခု ရှိနေတယ်”

 

“ဘာများလဲ ..ပြောလေ”

 

“ခင်ဗျား မနေ့ည ပြန်သွားပြီးကတည်းက ကောင်းကောင်း အိပ်မပျော်ခဲ့ ဘူး လို့ ဝန်ခံ မလို့ပါ”

 

‌‌ဂျော်ဒန် စကားကြောင့် သူမ က ပြုံးပြီး အနား တိုးကပ်သွားလိုက်သည်။ သူ၏ နားနားသို့ ပါးစပ်ကို ကပ်ကာ “ကျမ လည်း အဲ့ဒီလို အိပ်မပျော် ခဲ့ဘူးဆို တာ ဝန်ခံပါရစေ”

 

“ဘာတွေများ တွေးနေလို့လဲ”

 

“ရှင် အရင် ပြောလေ”

 

“ကိုယ်တွေးနေက မင်း မပြန်ပါစေ နဲ့ လို့ ဘယ်လောက်တောင် စိတ်ထဲက ဆုတောင်းနေမိလဲ မသိဘူး”

 

“ကျမ စိတ်ထဲလည်း အဲ့လို ဖြစ်နေတယ်”

 

“ကိုယ် စိတ်ထဲမှာ မင်းကို အနမ်းမိုး ရွာချင်နေမိတယ်”

 

“ကျမ ရှင့်ကို နမ်းခဲ့တယ် လို့ ထင်တာပဲ”

 

“ဒီညတော့ မပြန်စေချင်တော့ဘူး”

 

“ရှင်က ပြန်စေချင်ရင် တော့ ကျမ ကို အတင်း တွန်းထုတ်မှ ရတော့မယ် ထင်တာပဲ”

 

“အဲ့တာ အတွက်တော့ စိုးရိမ်နေစရာ မလိုတော့ဘူး”

 

“ရှင် ကျမ ကို နမ်းပါလား လို့ စိတ်ထဲက တောင့်တနေမိတယ် ပီတာရယ်”

 

“ကိုယ်တို့ကို ကြည့်နေတဲ့ လူတွေ ကို ဘယ်လို လုပ်မလဲ၊ ကိုယ်က မင်းကို နမ်းရင် သူတို့စိတ်ထဲ ဘယ်လို နေကြမလဲ”

 

“အဲ့တာတော့ ကျမအသေအချာ မသိဘူး၊ အခုက ၁၉၄၄ လန်ဒန်လေ၊ ဘာမဆို ဖြစ်နိုင်တယ် မဟုတ်လား”