“ဦးလေးကြီး ပြောတာတွေ ကျမ ဘာကြောင့် မယုံနိုင် ဖြစ်နေရသလဲ မသိဘူးနော်”
“ အမှန်တွေ ပြောနေတာမို့ ယုံလိုက်စမ်းပါ ဂျင်နီ”
“အဖေက ပြောတယ်၊ ဦးလေးကြီးက ရာဇဝတ်သား ဖြစ်ရမယ်၊ ဒါမှမဟုတ် အကြမ်းဖက်သမား ပဲတဲ့၊ ရှောင်က အရင်တုန်းက အိုင်အာအေ အဖွဲ့သား တယောက် ဖြစ်ခဲ့ဖူးတယ်တဲ့”
“ဒီမှာ ဂျင်နီ၊ ရှောင် ဒိုရသီ လို လူမျိုးက အိုင်အာအေ အဖွဲ့ဝင် ဆိုတာ ဖြစ်နိုင်လား ဆိုတာ မင်းဖာသာ မင်း စဉ်းစားကြည့်တော့၊ ပြီးတော့ မင်းအဖေ ကလည်း သူ့ပြဿနာ နဲ့ သူ ရှိနေတဲ့ လူမျိုး”
နျူမန် စကားကြောင့် ဂျင်နီ မျက်နှာ ပျက်သွားသည်။ လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး နျူမန် ဖက် လှည့်ကာ “အဲ့တာ ဦးလေးကြီး ဘာကို ဆိုလိုတာလဲ”
နျူမန် က သူ့စကား လွန်သွားသည့် အဖြစ် ရောက်မည်ကို စိုးရိမ်သွားမိသည်။ ပြောလက်စ စကားဖြတ်ပြီး အခြား တခုခု ပြောင်းပြောတာပဲ ကောင်းမည်ဟု ယူဆလိုက်သည်။ သို့သော် ပြောမိလက်စနှင့် တော့ ပြီးအောင် ပြော တော့မည်ဟူသော စိတ်က အနိုင်ရသွားပြန်သည်။ သူ့ကိုယ်သူလည်း အဘယ်ကြောင့် ပါးစပ်ပိတ်၍ မနေနိုင် ရ သနည်းဟု အပြစ်တင်လိုက်မိပြန်သည်။ သူ၏ ပထွေး ဖြစ်သူပင် လူရမ်းကား တယောက် ဖြစ်ရုံမက လက်က လည်း ယဉ်လှသဖြင့် သူ့လက် နှင့် နျူမန် မျက်နှာ မကြာခဏ မိတ်ဆက်ခံခဲ့ရသည်။ သို့မဟုတ်ကလည်း သူ၏ စကားများကြောင် မျက်ရည်မကြာခဏ ကျခဲ့ရပြန်သည်။
ဂျင်နီ ကိုဗီးလ်လည်း သူလိုပင် ခံစားနေရလိမ့်မည်မှာ သေချာသည်။ သူ့ထက်ပင် အရိုက်အနှက် ခံရနိုင်သည်။ ဤအနေအထားများကို အမြဲလို ခံစားနေရမည် မဟုတ်၊ ထိုသို့ ခံစားနေရသည်မှာလည်း သူမတယောက်တည်း မဟုတ်၊ သူ့အနေနှင့်က ကူညီချင်နေမိသည် ဆိုသည်ကို ပြောပြချင်နေမိသည်။
“ငါဆိုလိုတာက သူ အရက်အလွန်အကျွံ သောက်နေတာ ကိုပါ” ဟု ပြောရင်း ဂျင်နီ မျက်နှာလေးအား သူ့လက်နှင့် အသာအယာ ပွတ်သပ်ပေးလိုက်သည်။ “ပြီးတော့ မင်းလို မိန်းမချောလေးကို အခုလို ပုံစံမျိုး ဆက်ဆံခံ နေရတာ ရတာမျိုး ဘယ်လိုမှ မဖြစ်သင့်ဘူး၊ မင်း လို ထက်မြက်တဲ့ မိန်းကလေး တယောက်နဲ့လည်း မထိုက်တန်လှဘူး”
“ဦးလေးကြီး တကယ်ပြောနေတာလား”
“တကယ်ပြောတာလား ဆိုတာက”
“ဟိုလေ ကျမ က လှတယ်၊ ထက်မြက်တယ် ဆိုတာလေ၊ ဘယ်သူကမှ ကျမကို အဲ့လိုမျိုး မပြောခဲ့ဘူးသေးဘူး”
“တကယ် ပြောတာပေါ့ကွ”
သူမက နျူမန်လက်ကို တွဲပြီး အတူ ဆက်လျှောက်လာခဲ့သည်။
“ဦးလေးကြီးမှာ ရည်းစားရှိလား ဟင်”
“မရှိဘူး”
“ဘာဖြစ်လို့”
“စစ်ကြီး ဖြစ်နေတာကွာ၊ ဘယ်လာ ရှိပါ့မလဲ”၊ ဤသည်က လွယ်လင့်တကူ ဖြေလို့ရသော မေးခွန်းမျိုး ဖြစ်သည်။ တကယ်လည်း သူ့ဘဝတွင် အတည်တကျ ချစ်သူရှာဖို့ အချိန်မရှိခဲ့၊ ဘဝတလျှောက်လုံး စွဲစွဲမြဲမြဲ ဖြစ်ချင်နေသော အရာတခု က အမြဲလို လွှမ်းမိုးထားခဲ့သည်။ သူ့အဖို့ အင်္ဂလိပ်တယောက် ဖြစ်ရဖို့ထက် ဂျာမန် နိုင်ငံသားကောင်း တယောက် ဖြစ်လာရေး၊ အိုလံပစ် ချန်ပီယံ တယောက် ဖြစ်ရေး နှင့်လေထီး တပ်သားကောင်း ဖြစ်ရေး အစရှိ သည်တို့သာ ပဓာန ဟု အမြဲလို စွဲစွဲလမ်းလမ်း ယုံကြည်ထားသောကြောင့်လည်း ဖြစ်သည်။
သူနှင့် နောက်ဆုံး ချစ်သူ ဖြစ်ခဲ့သည့် မိန်းကလေးသည် သူတာဝန်ကျရာ ရန်သူ အသံလွှင့်ချက်များ ကြားဖြတ် နားထောင်ရသည့် စခန်း အနီးမှ ပြင်သစ် လယ်တောသူ တဦး ပင် ဖြစ်သည်။ နျူမန်သည် သူ့ဘဝတွင် အကြင်နာ တရား ဆိုသည်ကို အရေးတကြီး တောင့်တလာမိချိန်တွင် ထိုသို့ ပေးရန် အဆင်သင့် ဖြစ်နေသော သူမကို ချစ်ကြိုက်မိသွားခဲ့ခြင်း ဖြစ်သည်။ တလလောက် ညတိုင်းလို သူမအိမ်ခန်းထဲတွင် ခိုးတွေ့ဖြစ်ခဲ့သည်။ သူလာလို့ ရအောင်လည်း နောက်ဖေး တံခါးကို အမြဲလို အဆင်သင့် ဖွင့်ပေးထားခဲ့သည်။
သူ၏ မျက်လုံးများ ပိတ်ထားသည့် အခါမျိုးမှာပင် ဖယောင်းတိုင် မှိတ်တုတ်တုတ် အလင်းရောင်အောက်တွင် သူ့ဆီ တလှမ်းချင်း လျှောက်လာနေသော သူမ၏ ခန္ဓာကိုယ်ကို စိတ်ထဲမှ အလိုလို မြင်ယောင်လာမိသည်။ သူ့ခေါင်းက ဒဏ်ရာ မကျက်မခြင်း နေ့စဉ်လို အနမ်းနှင့် ကုစားပေးသွားမည်ဟု ကတိပေးခဲ့ပြန်သည်။တဖြေးဖြေး နှင့် နျူမန် စိတ်ထဲတွင် သူသည် သူမနိုင်ငံကို သိမ်းပိုက်ထားသူ တဦး ဖြစ်နေပါလား ဆိုသည့် မလုံမလဲ စိတ်က ဝင်ရောက်လာခဲ့သည်။ ယင်း နှင့် အတူ စစ်ကြီး ပြီးဆုံးသွားသည့်အခါ သူမ အတွက် ဘာတွေ ဖြစ်လာနိုင် သလဲ ကိုလည်း တွေးမိပြီး စိုးရိမ်လာခဲ့ပြန်သည်။
“ဦးလေးကြီး မျက်နှာ မကောင်း ဖြစ်သွားပါလား”
“တခုခုကို စဉ်းစားမိသွားလို့ပါကွာ”
“ဒီတိုင်းဆို ဦးလေးကြီး မျက်နှာ ဆွေးသွားပုံကို ကြည့်ပြီး ပြောရရင် တစုံတယောက်ဆိုတာ မိန်းမတယောက်ပဲ ဖြစ်ရမယ်”
“မင်း က အတော်ကို ပါးရည်နပ်ရည် ရှိတာပါလား”
“အဲ့ဒီ အမျိုးသမီးက လှလားဟင်”
“သူက ပြင်သစ် လူမျိုးကွ၊ အရမ်းလည်း ချောတယ်”
“သူက ဦးလေးကြီး အသဲကို ခွဲသွားခဲ့တာလား”
“အဲ့လို ပြောရင်လည်း ရတာပဲ”
“ဒါပေမယ့် ဦးလေးကြီး ထားခဲ့တာ မဟုတ်လား”
“အေး..ထားခဲ့သလို ဖြစ်သွားတယ်လို့ ထင်တာပဲ”
“ဘာဖြစ်လို့ ထားခဲ့ရတာလဲ”
“သူ့ကို သိပ် ချစ်ခဲ့လို့ပေါ့ကွာ”
“ဟင်..ကျမနားမလည်တော့ဘူး”
“တနေ့ကျရင် မင်း နားလည် လာပါလိမ့်မယ်”
“အဲ့ဒါ ကော ဘာဆိုလိုတာလဲ”
“မင်းက ငါလို လူမျိုးတယောက်နဲ့ တပူးပူး တတွဲတွဲ လုပ်ဖို့ ငယ်လွန်းသေးတယ်လို့ ဆိုလိုတာ၊ ကဲ ,ငါလည်း နောက်တကြော့ ထပ်ပြေးလိုက်ဦးမယ်၊ မင်းလည်း အိမ်ပြန်ပြီး အဝတ်အစား တွေလဲချည်ဦး၊ မင်း ကြည့်ရတာ သောင်ပြင်မှာ တညလုံး အိပ်ခဲ့တဲ့ ပုံမျိုး ပေါက်နေတယ်”
သူတို့ နှစ်ဦး တယောက်ကို တယောက် စိုက်ကြည့်လိုက်ပြန်ပြီး သူတို့၏ အကြည့်များတွင် အမှန်တရားများ ဖြစ်နေကြောင်း အလိုလို သိနားလည်သည့် လက္ခဏာများ ပါဝင်နေသည်။
“ဦးလေးကြီး ကျမ ကို အန္တရာယ် မပေးဘူး မဟုတ်လား” ဟု သူမ က ရပ်ပြီး မေးလိုက်သည်။
“ဘယ်လာ ပေးရမှာလဲ၊ ကြံကြံဖန်ဖန်ကွာ”
“ကတိပေးတယ်နော်”
“ပေးတယ်”
သူမ က အနားကပ်လာပြီး သူ့နှုတ်ခမ်း ကို ဖြတ်ကနဲ ခပ်ဖွဖွ လေး နမ်းပြီး သောင်ပြင်ကို ဖြတ်ကာ ပြေးထွက် သွားတော့သည်။ နျူမန်လည်း ထိုအဖြစ်ကြောင့် ခေါင်းတရမ်းရမ်းနှင့် လာခဲ့ရာလမ်း အတိုင်း ပြန် ပြေးလာ ခဲ့သည်။
*********************
အခန်း (၂၉)
LONDON
အယ်ဖရက် ဗီကာရီ သည် ယခူအခါ နွံထဲ နစ်လာသလိုမျိုး ခံစားနေရသည်။ ရုန်းလေ ပိုနစ်လေ ဖြစ်လာနေ ပေသည်။ သဲလွန်စ အသစ်တခု ခြေရာကောက်မိ၍ စုံစမ်းသည့် အခါတိုင်း နောက်သို့ ပြန်လန် သွားခဲ့ရ သည် ချည်း ဖြစ်သည်။ စပိုင်များကို လက်ရဖမ်းနိုင်ဖို့ သူ့တွင် အခွင့်အလမ်းမှ ရှိပါတော့မည်လားဟုပင် သံသယများ ဝင်လာခဲ့ရသည်။
ထိုသို့ စိတ်ဓါတ်များ ကျဆင်းလာရသည့် အကြောင်းရင်းမှာ ထိုနေ့က အဓိပ္ပါယ် ဖေါ်ထားပြီး ဖြစ်သည့် ဂျာမန် တို့ထံမှ မက်ဆေ့ချ် နှစ်ခုကို ဘလက်ချီ ပတ်မှ တဆင့် လက်ခံရရှိခဲ့သောကြောင့် ဖြစ်သည်။ ပထမ မက်ဆေ့ချ် တွင် ဗြိတိန်ရှိ ဂျာမန် အေးဂျင့်မှ ဘာလင်အား ပေးပို့စရာ ရှိသည်များကို ပုံမှန် လာယူ နိုင်မည့် လမ်းကြောင်း တခု တည်ဆောက်ပေးရန်ဟု ပါရှိလာခဲ့သည်။ ဒုတိယ မက်ဆေ့ချ်တွင်ကား ဗြိတိန်ရှိ နောက်ထပ် အေးဂျင့် တဦး အား ထိုကိစ္စအတွက် တာဝန်ယူရန် ညွှန်ကြားချက်ပင် ဖြစ်သည်။
ဤသည်ကို ထောက်က ဂျာမန်တို့၏ သူလျှို စစ်ဆင်ရေးကြီးသည် အောင်မြင်လာနေဟန် ရှိသည်။ အေးဂျင့် တဦးက ဘာလင်သို့ ပေးပို့စရာ ရှိလာခဲ့ခြင်းကပင် ၎င်းအနေနှင့် တစုံတရာ ကို ခိုးယူ နိုင်ခဲ့သည်ဟု ကောက်ချက် ချ၍ရနေသည်။ အကယ်၍ ထိုစပိုင် ကို ဖမ်းမိခဲ့သည် ဆိုစေဦး အရာရာမှာ အားလုံး နောက်ကျသွားတော့မည် ဆိုသည့် အတွေးက ဗီကာရီအား ခြောက်လှန့်၍ လာနေပြီ ဖြစ်သည်။
ဘုသီ ၏ ရုံးခန်း တံခါးဝ တွင် မီးလုံး အနီရောင် လင်းထိန်နေသည်ကို တွေ့ရသည်။ ဗီကာရီ က တံခါးရှိ ခေါင်း လောင်းကို နှိပ်လိုက်ပြီး စောင့်နေသည်။ တမိနစ်ခန့် ကြာလာသည့်တိုင် မီးနီက လင်းနေဆဲပင် ဖြစ်သည်။ ဘုသီသည် အရေးတကြီး ဆွေးနွေးနေဟန်ဆောင်ပြီး သူ့ကို တမင် စောင့်ခိုင်းထားခြင်းမျိုးလည်း ဖြစ်နိုင်သည်?
ဗီကာရီက လျှပ်စစ် ခေါင်းလောင်းကို ထပ်ပြီးနှိပ်လိုက်ပြန်သည်။ ဗိုဂဲလ်၏ စပိုင် ကွန်ယက်ကြီး ရှိနေသည်ကို ဘုသီ သိထားပြီး သူ့ကို မပြောဘဲ ထားခဲ့သည် ဆိုသည်မှာ တကယ်ကော ဖြစ်နိူင်ခြေ ရှိပါ၏လော၊ အဓိပွါယ် တော့ လုံးဝမရှိ၊ ဗီကာရီ အဖို့ စဉ်းစား၍ ရတာ တခုပဲ ရှိသည်။ ဘုသီသည် ဗီကာရီ အား ယခုလို တာဝန်မျိုး ပေးခဲ့ခြင်းကို အစကတည်းက အကြောက်အကန် ငြင်းဆန်ခဲ့ဖူးသူ ဖြစ်သည်။ ထိုကဲ့သို့ ငြင်းဆန်၍ မရတော့သည့် နောက်ပိုင်းတွင် သူ၏ ကြိုးပမ်းလာခဲ့မှု မှန်သမျှကို တမင် ဖျက်လိုဖျက်ဆီး လုပ်ရန် ကြံလာခြင်း မျိုး ဟုသာ တွေး၍ ရသည်။ ဤသည်က လုံးဝ ဖြစ်နိုင်ခြေ ရှိနေသည်။
ဗီကာရီ သာ သူ့အား ပေးထားသော တာဝန် နှင့် ပတ်သက်၍ တိုးတက်မှု တစုံတရာ မပြနိုင်ပါက သူ့ကို အလုပ် ဖြုတ်ပြစ်ရန် ဘုသီ အတွက် လုံလောက်သည့် အကြောင်းပြချက်များ ရရှိလာတော့မည် ဖြစ်သည်။ ထိုအခါကျမှ ဗီကာရီ၏ တာဝန်ကို သူ ယုံကြည်စိတ်ချရသည့် တယောက်ကို လွှဲပေးနိုင်တော့မည် ဖြစ်သည်။ သူ့လို လူသစ် တယောက် က ထိုတာဝန်မျိုး ယူထားသည်ကို ဘုသီ သည် မည်သို့မျှ ကြည့်မရ ဖြစ်နေသည်။