ခန္ဓာကိုယ် တခုလုံး ပူနွေးပြီး နဖူးတွင် ချွေးများစို့လာရန် နျူမန် အဖို့ အချိန်အတော်ကြာ ယူခဲ့ရသည်။ ပြေးရသည့် ကိုယ်လက်လှုပ်ရှားမှု သည် ငယ်စဉ် ကလေးဘဝကစ၍ သူ့အတွက် မျက်လှည့်ပြခံရသည့် အလား ထူးခြားသော ခံစားမှုမျိုး အမြဲလို ဖြစ်ပေါ်လာခဲ့ရစမြဲ ဖြစ်သည်။ ခန္ဓာကိုယ် တခုလုံး ပေါ့ပါး ပြီး လေထဲလွင့်မျောနေသလို အရသာမျိုး အပြင် သူ့ကိုယ်တွင်း ရှိ တင်းမာနေမှုများ အရည်ပျော်သွားသလို ဖြစ်လာခဲ့ပြီး အသက်ရှူနှုန်းသည် လည်း ပုံမှန် နှင့် သက်တောင့်သက်သာ ရှိလာခဲ့ရသည်။ သူသည် ရှေ့မိုင်ဝက် ခန့် အကွာလောက်ရှိ နေရာ တနေရာ ကို ပန်းဝင်ရမည့် မျဉ်း အဖြစ် သတ်မှတ်လိုက်ပြီး အပြေးနှုန်းကို မြှင့်တင်လိုက်ပြန်သည်။
ပထမ နှစ်ဖာလုံခန့်လောက်အထိ သက်တောင့် သက်သာ နှင့် အဆင်ပြေသည်။ သူ၏ ပုခုံးနှင့် လက်မောင်းသား များ ရှိ အကြောအချင်များ ပြေလျော့ခဲ့သည်။ နောက်ဆုံး နှစ်ဖာလုံ ကတော့ ပို၍ အားစိုက်လာရသည်။ အသက် ရှူနှုန်း မြန်လာပြီး ဟောဟဲ ဟောဟဲ နှင့် ဖြစ်လာသည်။ အေးစိမ့်သော လေ က သူ၏ လည်ချောင်းကို ပါးလွှာ သော ဓါးတချောင်း နှင့် တတိတိ လှီးဖြတ်နေသလို ဖြစ်လာသည်။ သူ့လက်များကလည်း လေးလံလှသော သံတုံး ကြီးတခုကို ဆွဲလာရသလို ခံစားနေရသည်။ သတ်မှတ်ထားသည့် ပန်းဝင်ရမည့် နေရာနှင့် ကိုက် နှစ်ရာခန့်သာ လိုပေတော့သည်။ သူ၏ ပေါင်တံ နောက်ဖက်ခြမ်းမှ ရုတ်ခြည်းဆိုသလို အကြောများ တင်းလာပြန်၍ ပြေးသည့် နှုန်းကို လျော့ချလိုက်ရသည်။
အိုလံပစ် အားကစား ပွဲတော် မီတာ ၁၅၀၀ ဖိုင်နယ် ပွဲ ၏ နောက်ဆုံး ပန်းဝင် ကာနီး အချိန်ဟု ဟန်ဆောင်လိုက် သည်။ “ငါနဲ့ လွဲခဲ့တဲ့ ပွဲ၊ လွဲပေမပေါ့ ပိုလန်ကောင်တွေ၊ ရုရှားတွေ၊ ဂရိတွေနဲ့ ပြင်သစ် တွေကို သတ်ဖို့ ရှေ့တန်း လွှတ်ခံခဲ့ရတာကိုး” ဟု တွေးရင်း သူ့ရှေ့တွင် ပြိုင်ဖက် အာကစား သမား တဦး ရှိနေသလို ပုံဖေါ်လိုက်ပြန်သည်။ သူအဖို့ ပန်းဝင်ကာနီး အကွာအဝေးကို ခက်ခဲ ပင်ပန်းလှစွာ ဖြတ်သန်းနေရပြီ ဖြစ်သည်။ ပန်းဝင်ဖို့ မီတာ ကိုယ် ငါးဆယ် ခန့်သာ လိုတော့သည်။ ဒီရေတက်ချိန် တွင် မျောပါလာသည့် ပင်လယ်ရေညှိ ပုံကြီး ရှိနေသည့် နေရာ လည်း ဖြစ်သည်။ သို့သော် နျူမန် စိတ်ထဲတွင်တော့ တိပ်ကြိုးများ နှင့် သွယ်တန်းထားသည့် တကယ့် ပန်းဝင် ရမည့် မျဉ်း ရှိရာ အဖြစ် စိတ်ကူးထဲ ထည့်ထားပြီး ဖြစ်သည်။ အဖြူရောင် ဂျက်ကက်များ ဝတ်ထားသော လူများက လက်ထဲတွင် စံချိန်ယူသည် နာရီများ တကိုင်ကိုင် နှင့် ပျားပန်းခပ်နေကြမည်ကိုလည်း မြင်ယောင် လာပြန်သည်။ အားကစားရုံ ထိပ်ရှိ အိုလံပစ် အထိမ်းအမှတ် အလံသည်လည်း လေအဝှေ့တွင် တလူလူ လွင့်နေသည်။ ကျစ်လစ်မာကျော နေသည့် သဲသောင်ပြင်ကိုလည်း သူ့ခြေထောက် နှင့် တအား ဆောင့်နင်းကာ ပင်လယ် ရေမှော်ပုံကြီးထဲသို့ ခုန်ဝင်လိုက်တော့သည်။
ထိုသို့သော ရူးနှမ်းနှမ်း အတွေးမျိုး နှင့် ငယ်စဉ်ကပင် တကိုယ်တော် အပြေးပြိုင်ပွဲ ကျင်းပဖြစ်ခဲ့သည်။ သို့သော် သူ့အဖို့ အကျိုးရှိဖို့ ဖြစ်လာခဲ့သည်။ သူ့ကိုယ်သူ ကျန်းမာသန်စွမ်းဆဲ ဖြစ်သည်ကို နောက်တကြိမ် သက်သေထူပြ နိုင်ခဲ့သည်။ SS တို့၏ လက်ဝယ် ရိုက်နှက် ညှင်းပမ်းခံခဲ့ရသည်များ အတွက် နာလံပြန်ထူနိုင်ဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရသည်။ နောက်ဆုံးတွင်တော့ အောင်မြင်လာခဲ့သည်။ သူ ရင်ဆိုင်ရမည့် မည်သို့သော အခက်အခဲ မျိုးကိုမဆို ခန္ဓာကိုယ်ပိုင်းက အဆင်သင့် ဖြစ်နေပြီဟုလည်း စိတ်ချ ယုံကြည်လာခဲ့သည်။ နျူမန်က အပြန် ခရီးကို ခြေလှမ်း စိတ်စိတ်ဖြင့် သက်တောင့်သက်သာ လျှောက်ပြန်လာခဲ့သည်။ ထိုအခါကျမှပင် သဲတောင် ကုန်းများ ပေါ်မှ သူ့အား စောင့်ကြည့်နေသည့် ဂျင်နီ ကိုဗီးလ်ကို သတိထားမိတော့သည်။
******************
သူ့အနား ရောက်လာသည့် ကလေးမလေးအား နျူမန်က အပြုံးနှင့် ဆီးကြိုလိုက်သည်။ ကလေးမလေးသည် ကျယ်ပြန့်သော နှုတ်ခမ်း၊ မျက်လုံး ပြာလဲ့လဲ့ နှင့် နံနက်ခင်း၏ အအေးဓါတ် ကြားမှ သူမ၏ အသားအရည်သည် ပို၍ ပင် လန်းဆန်း နုပျိုနေသဖြင့် အတော်လေး ဆွဲဆောင်မှု ရှိလှပေသည် ဟု သူ့စိတ်ထဲတွင် ကောက်ချက်ချ လိုက်မိသည်။ သူမ ကိုယ်ပေါ်တွင် သိုးမွှေးဆွယ်တာ အထူစားဖြစ်သော ဆီစိမ်ကုတ် အင်္ကျီ၊ သိုးမွှေး ကက်ဦး ထုတ်နှင့် ဘောင်းဘီကို ဝယ်လင်တန် ဘွတ်ဖိနပ် ရှည်ကြီးထဲ ပြီးလွယ်စီးလွယ် ထည့် ဝတ်ထားသည်။ သူမ နောက်ဖက် သဲတောင်ကုန်းများ တဖက်ရှိ ထင်းရူးပင်တန်း များ အကြားမှ မီးငြိမ်းသတ်ထားပုံရသည့် မီးပုံမှ မီးခိုး ဖြူလဲ့လဲ့များ လွင့်ပျံ့ တက်လာနေသည်ကို မြင်လိုက်ရသည်။
သူမကို အနီးကပ် အကဲခတ်လိုက်သည့်အခါ မျက်နှာက နွမ်းနယ်နေပုံ ပေါက်နေပြီး အိပ်ထားသည့် အဝတ်အစား များ အား မလဲမဖယ်ပဲ ထွက်လာပုံရသည်။ သို့သော် မျက်နှာက အပြုံးမပျက်ဘဲ လက်ပိုက်ကာ သူ့အား လေ့လာ ဆန်းစစ်နေပြန်သည်။
“အရမ်းကို ချီးကျူးမိပါတယ် မစ္စတာ ပေါ်တာ” ဟု ပြောလိုက်သော နော့ဖော့ ဒေသ လေယူလေသိမ်းကို နျူမန် တယောက် မနည်း နားထောင်လိုက်ရသည်။ “ကျမသာ ဘာမှ သိမထားခဲ့ဘူးဆိုရင် ဦးလေးကြီး တခုခု လုပ်ဖို့ လေ့ကျင့်နေသလားလို့တောင် ထင်မိမှာပဲ”
“အကျင့်ဟောင်းက ဖျောက်ရခဲသားလား၊ ဒီလို လေ့ကျင့်ခန်း လုပ်တာမျိုးက ခန္ဓာကိုယ် အတွက် ရော စိတ်ခွန် အား အတွက်ပါ အကျိုးရှိတယ်ကွ၊ မင်းလည်း တချိန်ကျ ဒီလိုမျိုး စမ်းကြည့်သင့်တယ်၊ မင်း ကိုယ် အလေးချိန် သေချာပေါက် ကျသွားစေရမယ်”
သူမက သူ့ကို ကျီစယ်သည့် ဟန်ဖြင့် လက်နှင့် လှမ်းတွန်းလိုက်ရင်း “အမ်မလေး အခုတောင် ပိန်နေရတဲ့ ကြားထဲ၊ ရွာထဲက ကောင်လေးတွေအားလုံးက အဲ့လိုပဲ ပြောနေကြတာ၊ သူတို့က အယ်လီနာ ကာရစ်လို အကြီးစားမျိုးမှ ကြိုက်ကြတာ၊ သိတယ် မဟုတ်လား၊ အယ်လီနာက ကောင်လေးတွေနဲ့ ကမ်းခြေဖက် လိုက် လိုက်သွားပြီး ပိုက်ဆံ ပေးမယ် ဆို သူ့အင်္ကျီ ကြယ်သီးတောင် ဖြုတ်ပြသေးတာ”
“မနေ့က သူ့ကို ရွာထဲမှာ တွေ့လိုက်မိသလားလို့၊ သူ့ပုံစံက ဝဖီးနေတဲ့ နွားကြီး အတိုင်းပါပဲကွာ၊ မင်းဆို သူ့ထက် နှစ်ဆ လောက် ချောတာ”
“တကယ်၊ ဦးလေးကြီး အဲ့လိုပဲ ထင်တယ်လား”
“ထင်တာပေါ့ကွ” ဟု ပြောရင်း နျူမန်က သူ့ကိုယ် ပေါ်က သဲများကို လက်နှင့် ခါချနေသည်။ “အေး ရှေ့ ဆက်လျှောက်လိုက်ဦးမယ်၊ နင်မို့ဆို ဒီလို အေးပုံမျိုး နဲ့ တောင့်တောင့်ကြီး ဖြစ်သွား မှာစိုးလို့”
“ကျမ အဖေါ်လိုက်ခဲ့ပေးရမလား”
နျူမန်က ခေါင်းငြိမ့်ပြလိုက်သည်။ ဒီကလေးမလေး သူနှင့် လိုက်လာလို့လည်း ဘာမှ ပြဿနာ မရှိနိုင်၊ ကြည့်ရ သည်မှာ ဂျင်နီ ကိုဗီးလ်ဆိုသည့် မြီးကောင်ပေါက်မလေးသည် သူ့အပေါ် ကျ နေ ပုံ ရသည်မှာ သိသာနေသည်။ နေ့တိုင်းလို အကြောင်းမရှိ အကြောင်းရှာပြီး ဒိုရသီတို့ အိမ်သို့ ရောက်လာတတ်သည်။ မေရီက ညစာ စားပြီးမှ ပြန်လို့ ပြောလာတိုင်းလည်း ငြင်းသည်ဟူ၍ တခါမျှ မရှိ၊ နျူမန်ကတော့ ကလေးမလေး အား လိုတာထက် ပို၍ အရေးမပေးမိအောင် သတိထားနေရသည်။ သူမနှင့် နှစ်ယောက်တည်း ရှိနေမည့် အနေအထားမျိုး မရောက် အောင် ရှောင်ရှားနေရပြန်သည်။
အခု အခါတွင်တော့ ပေးလာသည့် အခြေအနေကို အသုံးချသည့် အနေဖြင့် သူ့ကို ရွာထဲရှိ လူများ ဘယ်လို သဘောထား နေကြသည်ကို တီးခေါက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့ နှစ်ဦးသား စကားမပြောဖြစ်ဘဲ တိတ်ဆိတ်စွာ လျှောက်လာခဲ့ကြသည်။ ဂျင်နီ က ပင်လယ်ပြင်ကြီး ရှိရာ ငေးမော ကြည့်နေသည်။ နျူမန်က ခဲလုံးများကို ကောက်ယူလိုက်ပြီး လှိုင်းများ ပေါ်တွင် လျှပ်တိုက်သွားအောင် ပစ်နေသည်။
“ကျမ စစ်အကြောင်း ပြောလို့ ဦးလေးကြီး ဘာမှ မဖြစ်ပါဘူးနော်”
“မဖြစ်ပါဘူးကွာ၊ ပြောလို့ရပါတယ်”
“ဦးလေးကြီး ဒဏ်ရာတွေက တော်တော် ဆိုးဆိုးဝါးဝါး ကြုံခဲ့လို့ ရလာတာလား”
“စစ်မြေပြင် မှာ ဆက်တိုက်လို့ မရအောင်အထိ ဖြစ်ခဲ့တယ် ဆိုပါတော့ကွာ၊ တပ်က တခါတည်း ငါ့ကို ပြန်ပို့လိုက်တော့တာပဲ”
“ဒဏ်ရာက ဘယ်နားမှာလဲ ဟင်”
“ခေါင်းမှာကွ၊ မင်း နဲ့ နောက် ပိုင်း ပိုပြီး ရင်းနှီးလာတဲ့ အခါကျမှ ဆံပင်တွေ ဖယ်ပြီး အထဲက အမာရွတ်ကို ပြမယ်”
“ဦးလေးကြီး ခေါင်းက ကျမ ကြည့်ရတာတော့ နဂိုအတိုင်းပါပဲ”
“ဟေ..မင်း အဲ့ဒါ ဘာဆိုလိုတာလဲ”
“ကျမ ပြောတာ ဦးလေးကြီး က ချောတုန်းပဲလို့၊ ပြီးတော့ ထက်မြက်ပုံလည်း ရတယ်၊ ကျမ မြင်တာနဲ့ သိတယ်”
လေတချက် ဝေ့သွားသဖြင့် ဂျင်နီ ဆံပင်များ မျက်နှာပေါ် ဝဲကျသွားပြန်သည်။ သူမ က ဆံပင်များကို စုစည်းပြီး ခေါင်းပေါ်က ကက်ဦးထုပ်ထဲ စု ထည့်လိုက်သည်။
“ဦးလေးကြီ’ ဟမ်တမ် ဆန်းလို ရွာမျိုး မှာ ဘာလာလုပ်နေတာလဲ ဆိုတာ နားကို မလည်တော့ဘူး”
ဒီအတိုင်းဆိုက သူဘယ်သူ ဘယ်ဝါ ဆိုသည် အပေါ် ရွာမှ လူများ သံသယ ရှိနေပုံရသည်။
“ဘာရယ် မဟုတ်ပါဘူးကွာ၊ ကောင်းကောင်း ကျန်းမာလာတဲ့ အထိ အနားလေး ဘာလေးယူဖို့ နေရာရှာနေတုန်း၊ ဒိုရသီတို့ လင်မယားကလည်း သူတို့နဲ့ လာနေဖို့ ခေါ်တာနဲ့ အတော် ဖြစ်သွားတယ်”