D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၈၅)

by Hla Soewai - Dec 26 2021

“မလွှတ်ချင်ပေမယ့်လည်း မင်းက ဂျာမဏီအတွက် တန်ဖိုးမဖြတ်နိုင်အောင် အရေးပါနေတော့ စစ်ကြီး အတွင်း ဘာလင်မှာ ထားလို့ကို မဖြစ်ဘူး၊ မင်းအနေနဲ့ ရန်သူ ခံစစ်စည်းရဲ့ နောက်ကြောကို ထိုးဖေါက်နိုင်ဖို့ အင်္ဂလန်ကို သွားမှကို ဖြစ်တော့မယ်”

 

ပြောရင်း ဗိုဂဲလ် က စကားကို ခဏရပ်လိုက်ပြီး စီးကရက် မီးညှိလိုက်ပြန်သည်။

 

“ပြီးတော့ နောက်ထပ် ငါတွေးမိတာ တခု ရှိသေးတယ်၊ မင်းလို မိန်းမချော တယောက်က ငါလို လူမျိုးကို ချစ်ကြိုက်ခဲ့ရတာလဲလို့၊ တွေးရင်းနဲ့ ငါအဖြေတခု ရလာတယ်၊ ဘာလဲဆိုတော့ အဲ့လို လူမျိုးက မင်းကို ပြန်ချစ်လာခဲ့ရင် အင်္ဂလန်ကို လွှတ်တော့မှာ မဟုတ်ဘူးလို့ မင်း ထင်ထားလို့ပဲ ဖြစ်မယ်”

 

“ကျမ အနေနဲ့ အဲ့လိုမျိုး ကောက်ကျစ်တဲ့ အတွေး မရှိပါဘူး”

 

“မင်းမှာ သိပ်ကို ရှိတာပေါ့၊ ဒါကြောင့်လည်း ငါ ရွေးခဲ့တာပဲ”

 

သူမ ရင်ထဲတွင် ဒေါသများ တလိပ်လိပ် တက်လာနေသည်။

 

“ဒါပေမယ့် ငါတို့ အတူ နေခဲ့ရတဲ့ အချိန်တွေကို ငါ အမြတ်တနိုး တန်ဖိုးထားပါတယ်၊ အီမီလီယိုက မင်းဟာ အိပ်ယာထဲမှာလည်း အရမ်း ကျွမ်းကျင်တယ် လို့ ပြောတယ်၊ သူ့ဘဝ မှာ မင်းလို ကောင်းတဲ့ မိန်းမမျိုး တခါမှ မကြုံခဲ့ဖူးဘူး ဆိုပဲ၊ အီမီလီယိုက စကား အပြောတော့ နဲနဲ ညစ်ညမ်းတယ်၊ သူရဲ့ အငယ် အနှောင်း အဖြစ် စပိန်မှာပဲ ထားချင်တယ် ဆိုလို့ ငါ့မှာ ပုံမှန် သူ့ကို ပေးတဲ့ ဈေးထက်ကို နှစ်ဆ ပေးခဲ့ရတယ်၊ ပေးရကျိုး နပ်တယ် လို့ ငါပြောတဲ့ စကားကို မင်း ယုံလိုက်တော့”

 

သူမက မတ်တပ် ထရပ်လိုက်သည်။ “ဒီနေရာကနေ ရှင် အခုထွက်သွား၊ မနက်ကျ ကျမ သွားမယ်၊ ဒီလို နေရာမျိုး မှာ ဒီထက် ဆက်နေဖို့ မကောင်းဘူး”

 

“မှန်တာပေါ့၊ မနက်ကျ မင်းသွားရမယ့် အချိန်ရောက်ပြီလေ၊ မင်း ထင်ထားတဲ့ နေရာတော့ မဟုတ်ဘူး၊ မင်း မှာ ပြဿနာ တခု ရှိနေသေးတယ်၊ မင်းကို လေ့ကျင့်ပေးတဲ့ လူက လူတယောက်ကို သတ်ဖို့ ဓါး သုံးရမှာကို မင်း ဝန်လေးနေတုန်းပဲ ပြောတယ်၊ သေနတ်ပစ်တော့ အမျိုးသားတွေထက်တောင် လက်ဖြောင့်တယ် ဆိုပဲ၊ မင်းကို ပေးထားတဲ့ ဓါးစူးချွန် နဲ့ တော့ နှေးနေသေးတယ် တဲ့”

 

သူမက ဘာစကားမှ ထပ်မပြောဘဲ ကြမ်းပြင်ပေါ်တွင် လှဲနေဆဲ ဖြစ်သည့် ဗိုဂဲလ်အား မီးဝင်းဝင်းတောက်သော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။

 

“ငါ မင်းကို အကြံတခု ပေးလိုက်မယ်၊ မင်း ဓါးချွန် ကို သုံးဖို့ ကြုံလာတိုင်း စိတ်ထဲမှာ ငါ့ကို ငယ်ငယ်က ဒုက္ခ ပေးခဲ့တဲ့ လူ ကို ပုံဖေါ်ကြည့်လိုက်”

 

သူမသည် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ထိုအကြောင်းကို သူမ ဘဝတွင် လူတဦးကိုသာ ဖွင့်ပြောပြခဲ့ဖူးသည်။ ထိုလူသည် မာရီယာ ပင် ဖြစ်သည်။ မာရီယာက အီမီလီယို ကို ပြန်ပြောပြထား၍သာ ဗိုဂဲလ် သိနေခြင်း ဖြစ်မည်။

 

“ရှင် ဘာတွေ လာပြောနေတာလဲ၊ ကျမ မသိဘူး” ဟု ပြန်ပြောလိုက်သည့် သူမ အသံက အားပျော့နေပေ၏။

 

“မင်း သိသမှ သိပ်ကို သိတာပေါ့ကွာ၊ ဒီလို ဖြစ်ခဲ့လို့လည်း မင်း ခုပုံစံ ဖြစ်လာရတာပေါ့၊ နှလုံးသား မဲ့၊ အကြင်နာကင်းတဲ့ ကောင်မ”

 

သူမ သည် ချက်ချင်းလို ပင် ရှေ့ကိုတိုးပြီး ဗိုဂဲလ်၏ မေးဖျား ကို တအား ကျုံးကန်ပြစ်လိုက်သည်။ ဗိုဂဲလ်၏ ခေါင်း သည် နောက်သို့ လန်သွားပြီး ကြမ်းပြင် နှင့် မိတ်ဆက်သွားသည့် အသံကြီးက ကျယ်လောင်စွာ ထွက်ပေါ် လာသည်။ ထို့နောက် သူ့ ခန္ဓာကိုယ်သည် မလှုပ်မရှား ငြိမ်သက်သွားသည်။ လောကကြီး နှင့် အဆက်ပြတ်သွား ပုံရသည်။ သူမ၏ ဓါးစူးချွန်အား မီးလင်းဖို ဘေး တွင် လဲလျှောင်းရက်သား တွေ့လိုက်ရသည်။ သူမအား လေ့ကျင့် ပေးခဲ့စဉ်ကပင် တချိန်လုံး ကိုယ်နှင့် လက်လှမ်းမီသည့် နေရာတွင် ထားရန် ပို့ချပေးခဲ့ပြီး ဖြစ်သည်။ ဓါးစူးချွန် ကို ကောက်ယူပြီး ခလုတ်ကို နှိပ်လိုက်ရာ ပြောင်လက်သော ရှည်မျောမျော ဓါးသွားက ထောက်ကနဲ ဆို ထွက်လာ သည်။ မီးဖို အလင်းရောင် နှင့် ရဲရဲတောက် နေသလို ထင်ရ၏။

 

သူမသည် ဗိုဂဲလ် လဲကျနေရာသို့ တိုးကပ်လာသည်။ သူမ စိတ်ထဲတွင် ဗိုဂဲလ်အား သတ်ပြစ်ချင်စိတ်က ကြီးစိုး နေသည်။ ရန်သူ၏ ချက်ကောင်း ဟု သင်ပြထားသော နှလုံး နှင့် ကျောက်ကပ်ရှိသည့် နေရာ၊ သို့မဟုတ် နားရွက် နှင့် မျက်လုံးပေါက် တခုခုကို ထိုးစိုက် လိုက်ချင်သည်။ ဗိုဂဲလ်သည် လက်တဖက် ကို တံတောင်ဆစ် နှင့် ထောက် ပြီး ကျန်လက်တဖက်က သေနတ် နှင့် သူမ၏ ခေါင်းတည့်တည့် ကို ချိန်ရွယ်ထားပြီး ဖြစ်သည်ကို တွေ့လိုက်ရ သည်။

 

သူ၏ ပါးစပ်မှ သွေးများ စီးကျလျှက် ရှိရင်းက “ဘရာဗို..ဒီလောက်ဆို မင်း အဆင်သင့် ဖြစ်နေပြီ လို့ ငါ ယူဆလိုက်ပြီ၊ မင်း ဓါးကို ဘေး ချထားလိုက်တော့၊ ကဲ..ထိုင်၊ ငါ မင်းကို ပြောစရာ ရှိသေးတယ်၊ အင်္ကျီ လေး ဘာလေး ပြန်ဝတ်လိုက်စမ်းပါဦး၊ အဲ့ဒီလို ကြီး ငါ့ရှေ့လာရပ်နေတာ ကိုက အတော်ရီစရာ ကောင်းလွန်းလို့”

 

သူမက ညဝတ် ခြုံထည်ကို ကောက်ဝတ်လိုက်ပြီး မီးခဲများကို ထိုးမွှေနေလိုက်သည်။ ဗိုဂဲလ် လည်း အင်္ကျီ ပြန်ဝတ်ပြီး ပါးစပ်က သူ့ဒဏ်ရာ ကို လက်နှင့် ထိ ကြည့်နေသည်။

 

“ရှင် ဟာ အတော်ကို ယုတ်မာတဲ့လူ၊ ရှင်လို လူမျိုး နဲ့ အလုပ်ဆက်လုပ်မယ် ဆိုရင် ကျွန်မ ရူးနေလို့ပဲ ဖြစ်မယ်”

 

“အခုလို အချိန်ကျမှ ပြန်လှည့်ထွက်ဖို့ မကြံနဲ့ မိန်းကလေး၊ မင်းအဖေက ဖူးဟား အပေါ် ဘယ်လောက်ထိ သစ္စာ ဖေါက်ခဲ့တယ် ဆိုတဲ့ မှတ်တမ်း အပြည့်အစုံကို ဂက်စတာပို ကို ငါပေးလိုက်လို့ ရတယ်နော်၊ ဒီကောင်တွေက လူတွေကို ဘယ်လို ရက်ရက်စက်စက် စီရင်တယ် ဆိုတာ မင်း အသိပဲ၊ မင်း အင်္ဂလန် ရောက်လို့ ငါ့အပေါ် ကလိန်ကကျစ် လုပ်မယ်ဆိုရင် ဗြိတိသျှ တွေကို မင်း ဘယ်သူဘယ်ဝါ ပါ ဆိုတာ ငါက အကြောင်းကြားလိုက် ရုံပဲ၊ မင်းငယ်ငယ်တုံးက အဲ့ဒီလူ ရဲ့ အလုပ်ခံရတာထက် စာရင် နံစော်နေတဲ့ ဗြိတိသျှ အစောင့်စစ်သား တွေ ထပ်တလဲလဲ အဓမ္မ ကျင့်ခံရတာက အဆတရာမက ပိုဆိုးသွားမယ်၊ မင်းကိုလည်း လက်လွှတ်ချင်တော့မှာ မဟုတ်လို့ ကြိုးပေး ကွပ်မျက် ခံရလိမ့်မယ်တောင် ငါ မထင်ဘူး”

 

သူမသည် မှောင်ရိပ်ထဲတွင် မလှုပ်မယှက် ရပ်နေဆဲပင်။ ဗိုဂဲလ်၏ ဦးခေါင်းကိုလည်း မီးခဲများ မွှေသည့် တုတ်နှင့် ဘယ်လို စိစိညက်ညက်ကျေအောင် ရိုက်ခွဲရပါ့မလဲဟု စဉ်းစားနေမိပြန်သည်။ သို့သော် ဗိုဂဲလ် က လက်ထဲက သေနတ်ကို မချပဲ ဖြစ်နေသည်။ သူမသည် ဗိုဂဲလ်၏ အသုံးချခြင်းကို ခံလိုက်ရပြီဟုလည်း သဘောပေါက်လိုက် သည်။ အစက သူမအနေနှင့် ဗိုဂဲလ်ကို လိမ်လည် လှည့်ဖျားနိုင်ခဲ့သည်ဟု ယူဆထားမိခဲ့သည်။ သူမ ဖက်က အခြေ အနေများကို ထိန်းချုပ်ထားနိုင်သည်ဟုလည်း ထင်ထားခဲ့မိပြန်သည်။ တကယ်တမ်းတွင် သူမအပေါ် တချိန်လုံး လှည့်စားထားနိုင်သူမှာ ဗိုဂဲလ်ပင် ဖြစ်သည်။

 

ဗိုဂဲလ်သည် သူမအား လူ သတ်လိုစိတ် ရှိလာရန် ရိုက်သွင်းပေးနေခြင်းလည်း ဖြစ်သည်။ ဗိုဂဲလ် ကို မချီးကျူးဘဲ မနေနိုင်တော့။

 

ဗိုဂဲလ်ဆီမှ စကားသံ ထွက်လာပြန်သည်။ “ဒါနဲ့ အကယ်၍များ ဒီည ငါ မင်းနဲ့ အတူ အခုလို အိပ်နေရင်းက မင်းကို သတ်လိုက်မိပြီ ဆိုပါတော့၊ အသက် နှစ်ဆယ့် ခုနှစ် နှစ်ရှိ အင်နာ ကက်ထရီးနား ဗွန် စတိန်းနား အမည်ရှိ အမျိုး သမီးသည် လွန်ခဲ့သော တနာရီခန့်က ဘာလင် မြို့ပြင် တနေရာတွင် ယာဉ်မတော်တဆ မှု ဖြင့် သေဆုံးသွား သည်၊  ကဲ..အဲ့လိုများဆို ဘယ်လောက်များ နှမျောစရာ ကောင်းလိုက်မလဲလို့”

 

ဗိုဂဲလ်က သူ့ပါးစပ် ကို ရေဆွတ်ထားသော အဝတ်စ တစ ဖြင့် ပွတ်လိုက်သည်။ အဝတ်စ တွင် သွေးစများ ကပ်ပါလာသည်။

 

“မနက်ကျရင် ငါတို့ စီစဉ်ထားတဲ့ အတိုင်း မင်း ဟော်လန်ကို သွားရလိမ့်မယ်၊ အဲ့ဒီမှာ ခြောက်လ လောက် ကြာ အောင် နေရမယ်၊ မင်း ဘယ်သူဘယ်ဝါ ဆိုတာ လူတွေ သိအောင်လုပ်၊ ပြီးမှ မင်း အင်္ဂလန်ကို သွား၊ ဟောဒီမှာ ဟော်လန် မှာ နေဖို့ မင်းလိုတဲ့ စာရွက်စာတမ်း၊ ငွေ နဲ့ ရထား လက်မှတ်၊ အမ်စတာဒမ်မှာ ရှိတဲ့ ငါ့လူတွေက မင်းကို လာ ဆက်သွယ်ပြီး လိုအပ်တာတွေ ပြောပြကြလိမ့်မယ်”

 

ပြောရင်း ဗိုဂဲလ်သည် သူမ ရှေ့တည့်တည့်တွင် လာရပ်လိုက်သည်။

 

“အင်နာ ရဲ့ ဘဝက ဒီမှာ အလဟဿ ဖြစ်ခဲ့ပေမယ့် ကက်သရင်း ဘလိတ် ကတော့ ဒီထက် အများကြီး လုပ်နိုင်ခွင့် ရှိနေတယ်”

 

ဗိုဂဲလ် အပြင်ကို လှမ်းထွက်သွားပြီး တံခါးပြန်ပိတ်သွားသည့် အသံနှင့် တဆက်တည်း ဆိုသလိုပင် နှင်းတောထဲ ဖြတ်လျှောက်သွားသည့် သူ၏ ဘွတ်ဖိနပ် သံ တရှပ်ရှပ်ကို ကြားလိုက်ရသည်။ ထို့နောက်တွင်တော့ ပြတင်း ပေါက် အပြင်ဖက်မှ ထင်းရူးပင် လေတိုးသံများ၊ မီးလင်းဖိုရှိ မီးခဲများက ထွက်လာသော တဖေါက်ဖေါက် မြည်သံများ မှ လွဲ၍ ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်သွားသည်။

 

သူမသည် နေရာမှာပင် မလှုပ်မရှားဘဲ ငြိမ်သက်စွာ ရပ်နေရင်း သူမ၏ ခန္ဓာကိုယ်တခုလုံး တသိမ့်သိမ့် တုန်လာ နေသည်ကို သတိထားမိလိုက်သည်။ ထို့အတွက် ဆက်လက်ရပ်နေ၍ မဖြစ်တော့သဖြင် မီးလင်းဖိုရှေ့တွင် ဒူးထောက် ထိုင်ချလိုက်ရင်း အသံထွက်အောင် ငိုချလိုက်မိတော့သည်။

 

                                    *********************