ကက်သရင်း သည် သူ့အမေးကို ချက်ချင်း ပြန်မဖြေသေးဘဲ မီးလင်းဖို မှ မီးတောက်များကို စိုက်ကြည့်နေသည်။ “ကျမ အိမ်ထောင် ပြုခဲ့ဖူးပါတယ်၊ ကျမ အမျိုးသား နာမည်က မိုက်ကယ်ပါ၊ ဗြိတိန် ကို ထိုးစစ် စဆင်လာတဲ့ တိုက်ပွဲကြီး အစ မှာပဲ ရေလက်ကြား ပေါ်မှာ သူ့လေယာဉ် ပစ်ချခံလိုက်ရတယ်၊ အလောင်းကို ပြန်မရခဲ့ဘူး၊ အဲ့ဒီအချိန်က ကျမ ကိုယ်ဝန်ကြီးနဲ့၊ ကလေး လည်း အဖတ်မတင်ခဲ့ဘူး၊ ဆရာဝန်က မိုက်ကယ် သေတဲ့ သတင်း ကြားလိုက်ရလို့ ကျမ ထိတ်လန့် တုန်လှုပ်သွားတာကြောင့် ဖြစ်ရတယ် ပြောတာပဲ” ဟု ပြောရင်း မီးပုံကို ကြည့်နေရာမှ ဂျော်ဒန်ဖက် ပြန်လှည့်လိုက်သည်။
“သူက ရုပ်လည်း ချောပြီး သတ္တိလည်း ရှိတော့ ကျမ ဘဝ အတွက် အားကိုးရာ ဖြစ်ခဲ့တော့တာပါပဲ၊ သူသေပြီး အချိန်အကြာကြီးမှာ ကျမ ဘယ်ယောကျ်ားကို မှ နှစ်ခါပြန် မကြည့်မိ ခဲ့ဘူး၊ သိပ်မကြာခင်လောက်ကမှ အမျိုးသား တယောက် နဲ့ ရည်ငံသလို ဖြစ်သွားပေမယ့် တည်တည်တံ့တံ့ အဆင့်အထိ ရောက်မလာခဲ့ဘူး၊ အဲ့ နောက် တော့ အမှောင်ချထားတဲ့ အချိန် လက်နှိပ်မီး မသုံးဘဲ ထွက်လာရဲတဲ့ မိုက်ရူးရဲ အမေရိကန် တယောက်ကို တွေ့ခဲ့ရတော့တာပဲ”
ထို့နောက် သူတို့ နှစ်ဦးလည်း ဘာစကားမှ ဆက်မပြောကြတော့ပဲ တိတ်ဆိတ်သွားကြသည်။ မီးပုံက တဖြေးဖြေး အရှိန်ကျလာသည်။ အပြင်တွင် မိုးနှင့် အတူ မုန်တိုင်းက ကပ်ပါလာပြီ ဖြစ်၍ ပြတင်းပေါက် မှ တဆင့်အ ပြင်ရှိ ပလက်ဖေါင်းကို ရိုက်ခတ်နေသော မိုးပေါက်များ၏ အသံကို အတိုင်းသား ကြားနေရသည်။ ယခုလို ဘရန် ဒီခွက်ကို လက်မှကိုင်ကာ မီးပုံဘေးတွင် စာနာစိတ် ရှိသည့် လူကြီးလူကောင်း အမျိုးသား တဦးနှင့် အတန်ကြာ ဆက်နေသွားခွင့် ရှိနေမှန်းလည်း သိလိုက်သည်။ သူ့ဘေးရှိ လူကို မုန်းတီးစိတ် ဝင်လာရန် ကြိုးစား ကြည့်မိသော် လည်း မအောင်မြင်ဘဲ ဖြစ်နေသည်။ သူမ အဖို့ ထိုလူကို မဖြစ်မနေ သတ်ပစ်ရလောက်သည်အထိ သူမကို ခြိမ်းခြောက်လာမည့် အပြုအမူ မျိုး လုပ်မလာပါစေနှင့် ဟုလည်း ကြိတ်ပြီး ဆုတောင်းလိုက်မိပြန်သည်။
သူမသည် လက်က လက်ပတ်နာရီကို ကြည့်လိုက်ဟန် ပြုလိုက်သည်။ “ဘုရား..ဘုရား၊ ဆယ်တစ် နာရီတောင် ထိုးပါပေါ့လား၊ အချိန်တောင် အတော်လင့်နေပြီ၊ အားနာလိုက်တာရှင်၊ ကျမ ပြန်မှ ဖြစ်တော့မယ်”
“ခုနလေးက ခင်ဗျား ဘာတွေ တွေးနေတာလဲ” ဟု သူမပြောခဲ့သည့် စကားများကို တစွန်းတစမျှ မကြားခဲ့ သည့်ဟန်ဖြင့် ဂျော်ဒန်က မေးလိုက်သည်။
သူမ ဘာတွေ တွေးနေမိပါလိမ့်၊ ဤသည်က မေးသင့်သည့် မေးခွန်းမျိုး ဖြစ်သည်။
“ရှင့် အနေနဲ့ ရှင့် အလုပ်အကြောင်း ပြောလို့ မရဘူးဆိုတာတော့ သိထားပြီးပါပြီ၊ ကျမ တခုပဲ မေးစရာ ရှိနေတယ်၊ ကျမကိုတော့ အမှန်အတိုင်း ဖြေစေချင်တယ်”
“ဖြေမယ်ဗျာ” ဟု ဆိုကာ ရင်ဘတ်ပေါ် လက်နှစ်ဖက် ကို ကြက်ခြေခတ် လုပ်ပြလိုက်သည်။
“ရှင် ရုတ်တရက် ပျောက်သွားပြီး ကိုယ် အသက် ဆုံးတဲ့ အထိ မစွန့်စားပါဘူးလို့”
“အဲ့လို ကိုယ့်ကိုယ်ကိုယ် အသက်သေတဲ့ အထိ ဘာအလုပ်မှ မလုပ်ဘူးလို့ ကတိပေးတယ်ဗျာ”
သူမက သူ့ဖက် ကပ်လိုက်ပြီး နှုတ်ခမ်းကို ဖိနမ်းလိုက်သည်။ သို့သော် သူ့၏ နှုတ်ခမ်း ဆီမှ တုန့်ပြန်လာမှု မရှိပေ။
သူမ က လူချင်း ခွာလိုက်ပြီး အမှားတခု ကျူးလွန်လိုက်မိသလို ဖြစ်သွားလား၊ ဒါမှမဟုတ် ထိုအဆင့် အထိ ရောက်ဖို့ သူ့ဖက်က အဆင်သင့် ဖြစ်ပုံမရသေးတာလား အစရှိသဖြင့် ဝေခွဲမရ ဖြစ်သွားသည်။
“ကျွန်တော်ကို ခွင့်လွှတ်ဗျာ၊ ဒီလိုမျိုး မကြုံခဲ့တာ ကြာလှပြီ ဆိုတော့”
“ကျမလည်း ရှင့်လိုပါပဲ၊ ဒီလို အဖြစ်မျိုး မရှိခဲ့တာ ကြာနေပါပြီ”
“ဒါဆို နောက်တကြိမ် ထပ် လုပ်ကြည့်ရအောင်”
သူမက ပြုံးလိုက်ရင်း နောက်တကြိမ် ပြန်နမ်းလိုက်သည်။ ဒီတကြိမ်တွင်တော့ သူ့နှုတ်ခမ်း က တုန့်ပြန်လာမှုကို ရလိုက်သည်။ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သဖြင့် သူမ၏ ရင်သားများ နှင့် သူ့ကိုယ်မှာ ထိကပ်နေသည့် အထိအတွေ့ကို ခံစားလိုက်ရသည်။
တအောင့်လောက် အကြာတွင် သူမက လူချင်း ခွာလိုက်သည်။
“ကျမ အခုမှ မပြန်ရင် ဘယ်တော့မှ ပြန်ဖြစ်တော့မယ် မထင်ဘူး”
“ခင်ဗျား ကို ပြန်စေချင်လား ဆိုတာ ကျွန်တော်ကိုယ် ကျွန်တော် မဝေခွဲနိုင်တော့ဘူး ဖြစ်လာနေပြီ”
သူမက နောက်ဆုံးအကြိမ် အနမ်းပေးလိုက်ရင်းက “ကျမတို့ နောက်ဘယ်တော့လောက် ထပ်တွေ့နိုင်ဦးမလဲ”
“မနက်ဖန်ည ခင်ဗျား နဲ့ အတူ ညစာ အတူစားရအောင် တနေရာသွားကြတာပေါ့၊ က လို့ ပြုလို့ ရမယ့် အဆင့်အတန်း ရှိတဲ့ တနေရာရာပေါ့”
“ကျမ အဲ့တာမျိုး သဘောကျတယ်”
“ဒါဆိုရင် ဆာဗွိုင်း မှာ မနက်ဖန် ည ရှစ်နာရီ ထပ်တွေ့ကြတာပေါ့၊ ဘယ်နှယ်လဲ”
“သင့်မြတ်လှပါသတဲ့ ရှင်”
****************
အပြင်ကို ထွက်လာသော ကက်သရင်း ဘလိတ် တယောက် ပြင်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များ နှင့် ရပ်ထားသော ဗင်ကားထဲမှ စောင့်ကြည့်နေသည့် ပုပ် နှင့် ဒစ်ကီ တို့ကို မြင်လိုက်ရ၍ လက်တွေ့ဘဝထဲသို့ ချက်ချင်းလို ပြန်ရောက်သွားခဲ့ရသည်။ ယခုထိတော့ သူတို့ ဖက်က ဘာမှ လှုပ်ရှားလာဟန် မရှိသေးပေ။ သူမကို ခပ်လှမ်းလှမ်း မှ စောင့်ကြည့်ခွင့် ရနေသည်ကို ကျေနပ်နေပုံရှိသည်။
ညဉ့်နက်လာပြီ ဖြစ်၍ ယာဉ်သွား ယာဉ်လာက ပါးလာနေသည်။ သူမက ဘရွန်တန် လမ်းပေါ်တွင် တက္ကစီ တစီးကို လက်ပြပြီး တားလိုက်သည်။ ကားထဲ ဝင်ထိုင်ပြီးသည်နှင့် ဒရိုင်ဘာအား ဝိတိုရိယ ဘူတာ သို့ မောင်းရန် ပြောလိုက်သည်။ နောက်ကို လှည့်ကြည့်လိုက်သည့်အခါ ပုပ် နှင့် ဒစ်ကီ တို့ ကား ကပ်ပါလာသည်ကို တွေ့လိုက် ရသည်။
ဝိတိုရိယ ဘူတာ တွင် တက္ကစီ ခ ပေးပြီး အထဲသို့ ဝင်လာခဲ့သည်။ အချိန်နောက်ကျ၍ ရောက်လာ ဟန် ရှိသော ရထားမှ ဆင်းလာသည့် လူအုပ်ကြီး ထဲ ဝင်ရောလိုက်သည်။ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ ဘူတာရုံထဲ တောင်ကြည့် မြောက်ကြည့် နှင့် အပြေးအလွှားလိုက်ဝင်လာသော ဒစ်ကီ ဘော့ဖ်ကို တွေ့လိုက်ရသည်။
သူမလည်း ချက်ချင်း လို တဖက် တံခါး ပေါက်မှတဆင့် အပြင်သို့ ထွက်လိုက်ပြီး အမှောင်ထု ထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့တော့သည်။
*********************
အခန်း (၂၇)
BAVARIA, GERMANY: MARCH 1938
ဗိုဂဲလ်၏ ရွာလေးတွင် သူမ အတွက် ပေးထားသော အိမ်ငယ်လေးက ခနော်နီ ခနော်နဲ့ ဆောက်ထားပြီး လေဝင် လေထွက် ရှိနေ၍ သူမ ဘဝ တွင် အအေးဆုံး အနေအထားနှင့် ပထမဆုံး အကြိမ် ကြုံတွေ့လာခဲ့ရသည်။ မီးလင်းဖို တခု ရှိသော်လည်း နေ့ခင်းဖက်များတွင် ဝိုင်ယာလက်စ် စက်များ၏ သင်္ကေတများ၊ ပေးပို့ပုံ နည်း စနစ် များကို လေ့လာ ကျက်မှတ်နေစဉ်တွင် အပ်ဗဲယား မှ ဝန်ထမ်းတဦးသည် ညအတွက် ထင်းရူးတုံးများကို လာ ထည့်ပေးတတ်သည်။
မီးတောက်သည့် အရှိန် သိပ်မကောင်းလှသဖြင့် အကြား မှ အိမ်ထဲသို့ လေအေးများ စိမ့်ဝင်လာနေသည်။ မကြာ ခဏ ထပြီး ထင်းတုံးများကို ထည့်ပေးနေရသည်။ ဗိုဂဲလ်ကတော့ ကြမ်းပြင်ပေါ်တွင် သူမနှင့် အတူ လဲလျှောင်းနေ တတ်သည်။ ဗိုဂဲလ်သည် အချစ်ရေးရာ တွင် ကျွမ်းကျင်မှု မရှိလှ၊ စိတ်လှုပ်ရှားစရာ မကောင်း၊ တကိုယ်ကောင်း ဆန်တတ်သူ တဦးလည်း ဖြစ်သည်။ သူမအလိုကို ဖြည့်ရန် ကြိုးစားလို ပုံရှိသော်လည်း သူ၏ ခပ်ကြမ်းကြမ်း နှင့် သူ့အလို ဖြည့်ရန်သာ အာရုံ ရောက်နေသည့် စိတ်ကို ဖျောက်ဖျက် နိုင်စွမ်း မရှိပြန်ပေ။ သူ့အား မြှူဆွယ် ပြီး ထိုအခြေအနေ ရောက်လာခဲ့ရသည်ကပင် အံ့ဩစရာ ဖြစ်နေသည်။ မြှူဆွယ်ခဲ့ရသည်မှာ သူမတွင် အကြောင်း ပြချက်များ ရှိနေသည်။
အကယ်၍သာ ဗိုဂဲလ်သည် သူမကို စွဲစွဲလမ်းလမ်း ဖြစ်လာသည်ဆိုလျှင် အင်္ဂလန်သို့ လွှတ်ရန် စိတ်ကူးတော့မည် မဟုတ်ဟု တွက်ဆထားခဲ့၍ ဖြစ်သည်။ သူမ စိတ်ကူးထားသလို ဖြစ်လာပုံရသည်။ သူ့ကိုကြည့်ရသည်မှာ သူမနှင့် လိင်ဆက်ဆံစဉ်အတွင်း သူမအား ချစ်ကြောင်း တတွတ်တွတ် ပြောနေတတ်သော်လည်း ပြီးဆုံးသွားသည့် အခါ ကြမ်းပြင်ပေါ်ရှိ ကော်ဇောပေါ်တွင် ဆန့်ဆန့်ကြီး လှဲကာ မျက်နှာကြက်ကို စိုက်ကြည့်နေတတ်ပြီး ခုနက ပြောခဲ့ သည့် စကားများ အတွက် နောတရနေပုံ ရှိသည်။
“တခါတခါလည်း ကိုယ်မင်းကို မသွားစေချင်ဘူး”
“ဘယ်ကိုလဲ”
“အင်္ဂလန်ကို”
သူမက သူ့ဘေးတွင် ပြန်လှဲလိုက်ပြီး နမ်းလိုက်ပြန်သည်။ ပါးစပ်မှ စီးကရက်၊ ကော်ဖီ နံ့များ ကြောင့် ထွက်လာသည့် အနံ့သည် အတော် ဆိုးနေသည်။
“ဪ..ဗိုဂဲလ်ရယ်၊ ရှင့်ကို သနားလိုက်ပါဘိ၊ ရှင် နှလုံးသား တွေ ကျမကြောင့် ဗြောင်းဆန်ကုန်ပြီ ထင်ပါရဲ့”
“အင်း..ကိုယ်လည်း အဲ့လိုထင်မိတယ်၊ တခါတခါလည်း ဘာလင်ကို ပြန်ရင် ကိုယ်နဲ့အတူ တခါတည်း ပြန်ခေါ် သွားချင်စိတ်တွေ ပေါ်လာမိပြန်ရော၊ ဘာလင်မှာ မင်းနေဖို့ တိုက်ခန်းတခန်း ကိုယ် စီစဉ်ပေးနိုင်တယ်”
“ကောင်းသားပဲ” ဟု ပါးစပ်ကပြောလိုက်သော်လည်း သူမအဖို့ စစ်ကြီး အတွင်း ကပ် ဗိုဂဲလ်၏ အငယ်အနှောင်း တယောက် အဖြစ် ဘာလင်ရှိ တိုက်ခန်း ခပ်စုတ်စုတ်တလုံးတွင် နေရမည်ထက် MI5 ၏ အဖမ်းအဆီး ခံရသည်မှ တော်ပေသေးသည်ဟု တွေးနေမိသည်။