D-Day နောက်ကွယ်က သူလျှိုမဟုတ်သော သူလျှိုများ (၈၃)

by Hla Soewai - Dec 24 2021

ရေခဲသေတ္တာ ဖွင့်လိုက်မှ ကြက်ဥမွှေကြော် ကို ဘယ်လို လုပ်ရမှန်း မသိသည့် အဖြစ်ကို သတိရ လိုက်မိသည်။ မာရီယာကတော့ အရသာ ရှိအောင် လုပ်တတ်၍ သူလုပ်သည့် အတိုင်း လိုက်လုပ်ဖို့သာ ရှိတော့သည်။ ရေခဲ သေတ္တာထဲမှ ကြက်ဥသုံးလုံး၊ ထောပတ်အနည်းငယ် နှင့် ဒိန်ခဲခြောက် တဖဲ့ကို ထုတ်ယူလိုက်သည်။ မီးဖို ချောင်ရှိ ဘီရို အပေါ်ဆင့်တွင် ခရမ်းချဉ်သီး ဘူး နှင့် ဝိုင်ပုလင်းကို တွေ့ရ၍ ဖေါက်ပြီး ဝိုင်ခွက် နှစ်ခွက်ကို ထုတ်၍ထည့် သည်။ ဂျော်ဒန် ရောက်လာသည့်အထိ မစောင့်နိုင်တော့ဘဲ မြည်းကြည့်လိုက်ရာ အတော်လေး အရသာ ရှိနေ သည်။ ဝိုင် အရသာသည် တောရိုင်းပန်းများ၊ လာဗင်ဒါ ရေမွှေးနံ့ နှင့် တရုတ်ဆီးသီး နံ့များ ရောပြွမ်း နေ၍ သူမ စိတ်ကူးထဲမှ အိမ် အကြောင်း ခေါင်းထဲ ရောက်လာခဲ့ရပြန်သည်။

 

ခရမ်းချဉ်သီးဘူးထဲက ရေများကို စစ်ထုတ်ပြီး လှီးကာ ဒယ်အိုးထဲသို့ ပြစ်ထည့်လိုက်သည်။ မကျက်သေးမီ မှာပင် ဝိုင် ကို ထပ်သောက် လိုက်ပြန်သည်။ ကြက်ဥကို ဖေါက်ပြီး ခွက်တခုထဲ ထည့်ကာ ချိစ်နှင့် ရောမွှေလိုက်သည်။ ယောကျ်ားတယောက် အတွက် ညစာ ချက်ပြုတ်ပေးနေရသည့် အဖြစ်က သူမမှာ အထူး အဆန်းသဖွယ် ဖြစ် နေ၍ ပြုံးမိသေးသည်။ ကပ် ဗိုဂဲလ် အဖို့ အပ်ဗဲယား စပိုင် သင်တန်းကျောင်းတွင် ချက်နည်းပြုတ်နည်း သင်တန်း တခု ထပ်တိုးသင့်သည်ဟုလည်း တွေးမိလာသည်။

 

ကက်သရင်း တယောက် ကြော်လှော်နေချိန်တွင် ဂျော်ဒန်က ညစာစားပွဲကို အဆင်သင့်ပြင်၍ စောင့်နေသည်။ ဂျော်ဒန်သည် ကာကီ ဘောင်းဘီရှည် နှင့် ဆွယ်တာကို လဲလှယ်ဝတ်ဆင်လာသည်။ ‌ဂျော်ဒန် အား နောက်ထပ် ပုံစံတမျိုး နှင့် မြင်လိုက်ရ၍ သူမစိတ်ထဲတွင် ကြည့်ကောင်းသလို ထင်မိပြန်သည်။ သူမလည်း ဆံပင်များကို ဖြန့်ချပြီး ဆွဲဆောင်မှု ပိုရှိလာအောင် လုပ်ချင်စိတ် ပေါက်လာသည်။ သို့သော် သူမအတွက် သီးသန့်ဖန်တီးထား သည့် ပုံစံ ခွက်ထဲ တွင် နေမှ ဖြစ်မည်။ သူမ၏ ကြက်ဥမွှေကြော်က အံ့အားသင့်စရာ ကောင်းလောက်အောင် အရသာ ရှိနေ သည်။ သူတို့နှစ်ဦးစလုံး အေးမသွားမီ ခေါင်းမဖေါ်တမ်း စားလိုက်သည်။ ထို့နောက် ဝိုင် နှင့် မျှောချ လိုက်ကြသည်။ ဝိုင်ပုလင်းသည် ဂျော်ဒန် နယူးယောက် မှ ယူလာပုံရသည့် စစ်မဖြစ်မီ ဘော်ဒို အမျိုးအစား ဖြစ် သည်။

 

ညစာ စားပြီးချိန်တွင် ကက်သရင်း၏ စိတ်သည် ပေါ့ပါးလန်းဆန်း၍ လာသည်။ ဂျော်ဒန်လည်း ထိုနည်း နှင်နှင် ပင် ဖြစ်ပုံရှိသည်။ သူ့ပုံစံက သံသယ စိုးစိမျှ ရှိပုံမရပေ။ သူတို့ နှစ်ယောက် တွေ့ဆုံပုံကိုလည်း မမျှော်လင့်ဘဲ ဆုံစည်းခဲ့ရမှု အဖြစ် လက်ခံထားပုံရသည်။

 

“ခင်ဗျား အမေရိကန်ကို ရောက်ဖူးလား” ဟု သူတို့နှစ်ဦး ပန်းကန်များကို သိမ်းဆည်းနေစဉ် ဂျော်ဒန်က မေးလာ သည်။

 

“အင်း..တကယ်တမ်း ပြောရရင် ကျမ ငယ်ငယ် ကလေး ဘဝက ဝါရှင်တန်မှာ နှစ်နှစ်လောက် နေခဲ့ဖူးတယ်”

 

“တကယ်”

 

“ဟုတ်တယ်၊ ကျမအဖေက နိုင်ငံခြားရေး ရုံးမှာ လုပ်တယ်၊ သံတမန်တဦးပေါ့၊ ၁၉၂၀ အစောပိုင်းလောက်မှ ဝါရှင်တန် မှာ တာဝန်ကျခဲ့တယ်၊ စစ်ကြီး အပြီး ဆိုပါတော့၊ ကျမ အဲ့မှာ နေရတာ အရမ်းသဘောကျတာပဲ၊ ပူတာက လွဲလို့ပေါ့၊ ပူတာ ဆိုလို ပြောရဦးမယ် ဝါရှင်တန်က နွေဆိုရင် မတရားပူတာပါပဲလား၊ အဖေလည်း နွေရာသီမှာ ကျမတို့ သွားနေလို့ ရအောင်ဆိုပြီး ချက်စပီ ကမ်းခြေ ဖက်မှာ အိမ်ကလေး တလုံး ငှားပေးခဲ့ရတဲ့ အထိပဲ၊ ကျမလေ အဲ့ဒီတုန်းက နေခဲ့ရတာတွေ အရမ်းကို သတိရမိနေတာပဲ”

 

ကက်သရင်း ပြောပြခဲ့သည်က အားလုံးအမှန်ကြီးပဲ ဖြစ်သည်။ တခု ရှိသည်မှာ သူမအဖေသည် ဂျာမန် နိုင်ငံခြား ရေး ဝန်ကြီးဌာန ၏ သံတမန် တဦး ဖြစ်ပြီး ဗြိတိသျှ နိုင်ငံခြားရေး ရုံးမှ စေလွှတ်ခဲ့ခြင်း မဟုတ် ဆိုသည်က လွဲ၍ ဖြစ်သည်။ ကက်သရင်းသည် တတ်နိုင်သမျှ သူမ ဘဝအကြောင်းကို ဖွင့်ထုတ်ဖို့ အချိန်ရောက်ပြီဟု ဆုံးဖြတ် လိုက်သည်။

 

“ခင်ဗျား အဖေက အခုထိ သံတမန်ဖက်မှာလား”

 

“ကျမအဖေက အခု စစ်ကြီး ဖြစ်မလာမီတည်းက ဆုံးသွားပြီ”

 

“ဒါနဲ့ အမေကကော”

 

“အမေက ကျမ ငယ်ငယ်လေးထဲက ဆုံးသွားခဲ့ပြီလေ” ဟု ပြောရင်း ပန်းကန်များကို လက်ဆေးကန်ထဲ တခုစီ ဆင့်ထပ်လိုက်ပြီး “ကဲ..ကျမ ဆေးမယ်၊ ရှင်က ခြောက်အောင် ပြန်သုတ်”

 

“ထားလိုက်ပါဗျာ၊ အိမ်ကို တပတ်မှာ တခါ နှစ်ခါလောက် အမျိုးသမီးတယောက် သန့်ရှင်းရေး လာလာ လုပ် တယ်၊ မနက်ဆို ရောက်လာဖို့ ရှိတယ်၊ ဘရန်ဒီ တခွက်တဖလား လောက် သောက်ပါဦးလား”

 

“ကောင်းသားပဲ”

 

မီးလင်းဖို အပေါ်ဆင့်တွင် ငွေ နှင့် ကွပ်ထားသော ဓါတ်ပုံ မှန်ဘောင်များ တင်ထား၍ ဂျော်ဒန် ခွက်ထဲသို့ ဘရန် ဒီများ ထည့်နေစဉ် သူမက ဓါတ်ပုံများကို လိုက်ကြည့်နေမိသည်။ ဂျော်ဒန်က ဘရန်ဒီ ခွက်ကို ကိုင်ကာပြန် ရောက်လာပြီး သူမအား ကမ်းပေးလိုက်သည်။

 

‘’ရှင့် အမျိုးသမီးက အတော် ချောတာပဲ”

 

“အဲ့တာတော့ အမှန်ပဲဗျ၊ သူ့အတွက် ကျွန်တော် ဖြေမဆည် နိုင်အောင် ခံစားလိုက်ရတယ်ဗျာ”

 

“ဒါဆို ရှင့်သားကော၊ သူ့ကို ဘယ်သူက စောင့်ရှောက်ပေးနေလဲ”

 

“မာဂရက်ရဲ့ ညီမ ဂျိမ်း လေ”

 

သူမက ဘရန်ဒီကို တငုံခန့် စုပ်သောက်လိုက်ပြီး ပြုံးပြလိုက်သည်။ “ရှင့် ပြောပုံကြည့်ရတာ သိပ် သဘော မကျသလို ပဲ”

 

“ဘုရားရေ..အဲ့လောက်တောင် သိသာနေပြီလား”

 

“ဟုတ်တယ်..သိသာနေတယ်”

 

“ဂျိမ်း နဲ့ ကျွန်တော်က တယောက် နဲ့ တယောက် အပြောအဆို အဆင်ပြေလှတယ် မဟုတ်ဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘီလီ ကို သူ့ဆီမှာ မထားချင်တာတော့ အမှန်ပဲ၊ သူက ကလေးဆန်တယ်၊ တကိုယ်ကောင်းလည်း ဆန်တယ်၊ မိဘတွေက အလိုလိုက်ထားတော့ ပျက်စီးနေတာ၊ သူ့ဆီမှာ ထားခဲ့ရတဲ့ ဘီလီ လည်း သူ့လို ဖြစ်လာ မှာ စိုးရိမ်နေတယ်၊ ဒါပေမယ့်လည်း အခြား ရွေးစရာ လမ်း မရှိတော့လည်း ထားခဲ့ရတာပဲ၊ ကျွန်တော် ရေတပ်ထဲ ရောက်ရောက်ခြင်းနေ့ပဲ ဝါရှင်တန် ကို လွှတ်တာ ခံခဲ့ရတယ်၊ အဲ့မှာ နှစ်ပတ်လောက် နေပြီး လန်ဒန်ကိုရောက် လာခဲ့ရတာပဲ”

 

“ဘီလီကြည့်ရတာ သူ့အဖေနဲ့ တပုံစံတည်း ဆိုတော့ အဲ့လောက်လည်း စိုးရိမ်နေစရာ မလိုပါဖူးလေ”

 

ဂျော်ဒန်က ပြုံးလိုက်ရင်း “ခင်ဗျား ပြောတဲ့ အတိုင်း ဖြစ်လာပါစေ လို့ ဆုတောင်းရမှာပဲ၊ ကဲလေ ထိုင်ပါဦး”

 

“ရှင် သေချာရဲ့လား၊ ကျမ ရှိနေလို့ အလုပ်တွေ ဘာတွေ ပျက်နေပါဦးမယ်”

 

“ကျွန်တော်မှာ ဒီလို ကြည်နူးစရာ ကောင်းတဲ့ ညနေခင်း လေး ကွယ်ပျောက်နေတာ ကြာခဲ့ပါပြီလေ၊ ကျေးဇူး ပြုပြီး ခဏလောက် ထပ်နေပေးပါလား”

 

သူတို့လည်း ဆိုဖာရှည်ကြီး ပေါ်တွင် ဘေးချင်းယှဉ် ထိုင်လိုက်ကြသည်။

 

“ကဲ..လင်းစမ်းပါဦး၊ ခင်ဗျားလို ချောမောလှပတဲ့ အမျိုးသမီးတယောက်က ဘာလို ခုထိ အိမ်ထောင် မပြု သေးတာလဲ ဆိုတာ”

 

သူ့စကား ကြောင့် ကက်သရင်း မျက်နှာ ရှက်သွေးဖြန်းသွားသည်။

 

“ဘုရားရေ..ခင်ဗျား တကယ်ကို ရှက်သွားတာပါလား၊ ခင်ဗျားလှပါတယ် ဆိုတဲ့ စကား အခုမှ ကြားဖူး တယ်လို့တော့ ကျွန်တော်ကို မပြောနဲ့နော်”

 

သူမက ရှက်ပြုံး ပြုံးလိုက်ရင်းက “မဟုတ်ပါဘူး၊ ဒါပေမယ့် အခုလို မကြားရတာတော့ ကြာခဲ့ပါပြီ”

 

“ဒါဆိုလည်း ကျွန်တော်တို့ နှစ်ယောက် အတူတူ လို့ ထားလိုက်ပါဗျာ၊ ကျွန်တော်လည်း ဘယ်အမျိုးသမီး ကိုမှ လှတယ်လို့ မပြောခဲ့တာ အတော်ကြာလှပြီ၊ တကယ်တမ်း ပြောရရင် ကျွန်တော် အဲ့လို နောက်ဆုံး ပြောခဲ့တဲ့ နေ့ကိုတောင် အမှတ်ရနေတယ်၊ အဲ့ဒီနေ့က မာဂရက် ဆုံးမယ့်နေဗျ၊ အိပ်ယာ ထထ ချင်း ကျွန်တော်ကို လာနှိုးတဲ့ မာဂရက်ကို တွေ့လိုက်ရတော့ ကျွန်တော် အဲ့လို ပြောလိုက်မိတယ်၊ အဲ့နောက်ပိုင်း သူ့လို လှတဲ့ အမျိုးသမီးမျိုး ကျွန်တော် ထပ်တွေ့လိမ့်မယ် လို ထင်မထားခဲ့မိဘူး၊ ပြီးခဲ့တဲ့ ည က မှောင်ကြီးထဲ ခင်ဗျား ကို ဝင်တိုက်မိပြီးမှ ကျွန်တော့် အတွေး တွေ ဘယ်လောက် ရူးနှမ်းခဲ့သလဲ ဆိုတာ သိလိုက်ရတော့တယ်၊ ခင်ဗျား ကြောင့် ကျွန်တော် အသက်ရှူတွေ မှားကုန်တယ်..ကက်သရင်း”

 

“ကျေးဇူးတင်ပါတယ် ရှင်၊ ရှင်လည်း ဆွဲဆောင်မှု ရှိတယ် ဆိုတာ ကျွန်မ ပြောပါရစေ”

 

“ဒါဆိုလည်း ဘာလို့ ခင်ဗျား ဖုံးနံပါတ် ကျွန်တော့်ကို မပေးခဲ့ရတာလဲ”

 

“ကျမကို ခပ်လွယ်လွယ် အမျိုးသမီးတယောက်လို့ ထင်သွားမှာ စိုးလို့ပေါ့”

 

“ဟာ..သွားပြီ၊ ကျွန်တော်က ခင်ဗျားကို ခပ်လွယ်လွယ်ထဲက ဖြစ်ပါစေ ဆုတောင်းနေမိတာ”

 

“ပီတာနော်” ဟု ပြောရင်း သူ့ပေါင်ကို ကက်သရင်း က လက်နှင့် ပုတ်လိုက်သည်။

 

“ခင်ဗျား ..ခုနက မေးတဲ့ မေးခွန်း မဖြေရသေးဘူးနော်၊ ဘာ‌ကြောင့် အိမ်ထောင် မပြုသေးတာလဲ ဆိုတာ”