ပဒူအုံကို တုတ်နှင့် ထိုးပြီ

by Hla Soewai - Dec 24 2021

သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အား အကြမ်းဖက် စစ်ကောင်စီ၏ တရားရုံး ဆိုသည်တွင် လုပ်ကြံ ဖန်တီးထားသော ပြစ်မှုများဖြင့် ထောင်ဒဏ် လေးနှစ်စီ အပြစ်ဒဏ်ချ မှတ် လိုက်ပြီ ဖြစ်သည်။

 

၁၉၆၂ ခုနှစ်မှ စပြီး တိုင်းပြည်၏ ဖိနှိပ်အုပ်ချုပ်ရေး ယန္တရားကြီးက ပို၍ အရှိန်အဟုန် ပြင်းစွာ လည်ပတ် လာနေသည်။ လူများကို လမ်းပေါ်တွင် ကား နှင့် တိုက်သတ်ရဲသည့်အထိ ပို၍ ရက်စက် ကြမ်းကြုပ် သော၊ စဉ်းစားဆင်ခြင်ဉာဏ် နည်းပါးလှသော၊ စစ်ဘီလူးများမှ အုပ်ချုပ်လာနေကြသည်။

 

ယင်းနှင့်အတူ တိုင်းပြည်ကို ပို၍ ရက်စက်ကြမ်းကြုပ်စွာ အုပ်ချုပ်သွားရန် နှင့် ၎င်းတို့ အား ဆန့်ကျင်သူများကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်းသွားမည်ဟု ဟန်ဆောင်ပန်ဆောင် ပင် မလုပ်တော့ဘဲ သတ်ကွင်း အဖြစ် ပြောင်းလဲ ကျင့်သုံးလာနေပြီ ဖြစ်သည်။

 

သမိုင်း ဘီးကြီးသည် ရှေ့သို့သာ လည်ပတ်ရစမြဲ ဖြစ်ပြီး မိမိတို့ထက် မိမိတို့ သားမြေးများသည် ပို၍ လူတန်း စေ့စေ့ နေထိုင်ကြရစမြဲ ဖြစ်သော်လည်း မြန်မာပြည် သည်ကား စစ်အာဏာရူးများကြောင့် သမိုင်းဘီးမှာ နောက်ပြန်လည်ကာ အမှောင်တိုက်ကြီးထဲသို့ ဆွဲခေါ်နေပြီ ဖြစ်၍ ပြည်သူများ အဖို့ တခါတရံ ပေါ်လာ တတ်သော အလင်းရောင် ဖျော့ဖျော့ လေးကိုသာ အားကိုးတကြီးဖြင့် စမ်းတဝါးဝါး လျှောက်လှမ်းနေရပြီ ဖြစ်သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထိုနီ ဘလင်ကင် မှ ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံထားရသော တိုင်းပြည် ခေါင်း‌ဆောင်များကို ယခုကဲ့သို့ ပြုမူလိုက်ခြင်းသည် တရား ဥပဒေ နှင့် ဒီမိုကရေစီ အရေးအား ထပ်မံ စော်ကားလိုက်ခြင်းသာ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြီး ရှုတ်ချလာခဲ့သည်။ မြန်မာ စစ်အာဏာသိမ်း အဖွဲ့၏ တရားဥပဒေ ကို မထေမဲ့မြင် ပြုမှုနှင့် ပြည်သူများ အပေါ် အကြမ်းဖက်မှု များ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာနေခြင်းများကြောင့် တိုင်းပြည်သည် ဒီမိုကရေစီ လမ်းကြောင်းကို အမြန် ပြန်လည် ရောက်ရှိနိုင်မှသာ ဖြစ်မည်ဟု ဖေါ်ပြထားခဲ့သည်။

 

ကုလ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ ဖြစ်သူမှလည်း “အရေခြုံ တရားစီရင်မှု” အဖြစ် ခေါ်ဝေါ် ရှုတ်ချလိုက်သည်။

 

တရုတ်မှ ထိုအရေးကို ဝေဖန် ပြောကြားရန် ငြင်းဆိုလိုက်ပြီး “သက်ဆိုင်သူများ အားလုံး တိုင်းပြည်၏ ရေရှည် အကျိုးစီးပွားကို မျှော်ကိုး၍ ကွဲလွဲမှု များကို ကျဉ်းမြောင်းအောင် ပြုလုပ်ကာ ရခဲ လှသည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည် ဖေါ်ရန်” သာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်မှ မှတ်ချက်ချသွားခဲ့သည်။

 

အာဏာသိမ်း အကြမ်းဖက် အဖွဲ့ကတော့ ကွဲလွဲမှုများကို ကျဉ်းမြောင်းအောင် လုပ်နိုင်သည့် တခုတည်းသော နည်းမှာ ဆန့်ကျင်သူများ အားလုံး ကို နည်းမျိုးစုံဖြင့် ဖယ်ရှားရန်ဟု ခံယူထားပြီး ဖြစ်သည်။ ထို့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်အား ကြောက်သည့် စိတ်၊ ၎င်းတို့ကိုယ် ၎င်းတို့ မလုံခြုံသလို ခံစားနေရသည့် စိတ်သက် သက် ဖြင့် တိုင်းပြည်ကို မီးဟုန်းဟုန်း တောင်လာအောင် မီးမွှေးပေးလိုက်လေပြီ။ ထိုပုဂ္ဂိုလ်များ၏ အမျှော်အမြင် နည်းပါးမှုက အံဩ၍ မကုန်နိုင်အောင် နည်းပါးလွန်းလှသည့် အဖြစ်ကို ကမ္ဘာသို့ ချပြလိုက်ကြပြန်သည်။

 

ဥရောပ သမဂ္ဂ အီးယူ မှလည်း ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေး အရ ဖိနှိပ်ခြင်း သက်သက် ဖြစ်ပြီး လူ့အခွင့် အရေး အား ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ကာ ရှုတ်ချလိုက်ပြီ ဖြစ်သည်။ စစ်တပ်၏ တရားမဝင် အာဏာသိမ်း လုပ်ရပ်အား လက်မခံ ငြင်းဆန်ခဲ့ကြသော မြန်မာ ပြည်သူများ ကိုလည်း ချီးကျူးသွားခဲ့သည်။

 

၎င်းကိုယ်၎င်း သာသနာ ဦးလျှောင်ဟု တကိုယ်တည်း စိတ်ကူးယဉ် ရူးသွတ်နေရှာသော အာဏာသိမ်း ခေါင်း ဆောင်ကြီးက သမ္မတ ကြီး နှင့် နိုင်ငံတော် အတိုင်ပင်ခံ၏ ပြစ်မှုကို တဝက် လျော့ချပေးလာပြန်သည်။ ကလေး ကလား အတွေးဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် မချမှတ်မီ တရက်တွင် သူသည် NLD ကို မုန်းတီး နေခြင်း မဟုတ်။ လူကောင်းများကို ရင်းနှီးစွာ ဆက်ဆံ နိုင်သည် ဆိုကာ စကားလေးလုံးပင် မကွဲရှာသော NLD နာယက ဖြစ်သူကို သွားတွေ့ပြီး နိုင်ငံရေး အမြတ်ထုတ်ကာ မျက်နှာပြောင် တိုက်ခဲ့ပြန်သည်။

 

မည်သူတဦးတယောက်မှလည်း မည်သို့ အပြစ်ဒဏ်မျိုး ချမည်ကို ရင်ခုံစွာ စောင့်စားနေကြခြင်းမျိုး မရှိတော့၊ ဖေဖေါ်ဝါရီ ၁ ရက် နေ့ မနက် မိုးမလင်းမီ ဒေါ်အောင်ဆန်းစုကြည်ကို စစ်သားများက နေအိမ်မှ ခေါ်ထုတ် သွားသည့် အချိန်မှစ၍ သူမအတွက် သတ်မှတ်ပြဋ္ဌာန်းပြီးလည်း ဖြစ်သည်ဟု အီကော်နော်မစ် မဂ္ဂဇင်းက ရေးသားလာသည်။

 

၎င်းတို့အနေနှင့် ကမ္ဘာ အသိုက်အဝန်းထဲသို့ တိုးဝင်ရန် သက်သက်ဖြင့် ဟန်ဆောင်ပန်ဆောင် ပြုလုပ်ပေးရမည့် ရွေးကောက်ပွဲကြီးတွင် သူမ နှင့် NLD ပါတီကြီးကို အနားသို့ မသီ နိုင်ရန် လူပြိန်း အတွေးဖြင့် စီမံ ဖန်တီးမှု၏ တစိတ်တပိုင်းလည်း ဖြစ်သည်။

 

သို့သော် ၎င်းတို့၏ အကြောက်တရားဖြင့် အုပ်ချုပ်သွားရန် ကြံစည်နေမှုသည် ပြည်သူများက ဒူးထောက် လာအောင် မလုပ်နိုင်ခဲ့ရုံမက ပို၍ပင် ပြင်းထန်သော တွန်းလှန်မှုကြီး နှင့် ကြုံလာကြရတော့မည်ကို စစ်ဗိုလ်ချုပ်များ မကြာမီ အတွင်းမှာ သိရှိလာကြလိမ့်မည်ဟု မဂ္ဂဇင်းက ရေးသားထားသည်။

 

လက်ရှိတွင် ကားနှင့် တိုက်သတ်၍ သေဆုံးသွားသူများ အတွက် လက်တုန့်ပြန်သည့် အနေဖြင့် စမ်းချောင်း၊ လှိုင်သာယာ၊ ဒဂုံ၊ သုံးခွ နှင့် ဆိပ်ကမ်းမြို့နယ်များ တွင် တိုးမြှင့် တိုက်ခိုက်လာခဲ့၍ စစ်ကောင်စီ ဩဇာခံ တပ်သား အများ အပြား သေဆုံးဒဏ်ရာ ရသွားခဲ့သည်ဟု သိရသည်။ သုံးခွတွင် ၄၀မမ လက်နက်ကြီးများပင် အသုံးပြု လာပြီ ဖြစ်သည်။

 

ပေါက်၊ ကန်ပက်လက်၊ မုံရွာ မြို့ များ တွင်လည်း အလားတူ လက်တုန့်ပြန် တိုက်ခိုက်လာကြသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်ရေး စစ်ပွဲကြီးက အရှိန်အဟုန် မြှင့်လာနေပြီး နှစ်ပေါင်း သုံးဆယ်ကျော် ရပ်နား ထားသော ဗမာပြည် ကွန်မြူနစ် ပါတီသည်ပင် လက်နက်ပြန်လည် စွဲကိုင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်ဟု ပါတီ ပြောခွင့်ရမှ ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!