လန်ဒန် ရှိ ဂါဒီးယန်း သတင်းစာကြီး၏ ခေါင်းကြီးပိုင်းမှ ပြတ်သားစွာ ဝေဖန် ရေးသားလိုက်ပြီ

by Hla Soewai - Dec 24 2021

စစ်တပ်သည်လူထု ၏ ရွေးချယ်တင်မြှောက်ခံ နိုင်ငံရေးသမားများထံမှ အာဏာကို လုယက်ယူငင်သွားခဲ့သော်လည်း လူထုကို ၎င်းတို့ အလိုကျ နာခံလာအောင် ချိုးနှိမ်နေရဆဲ ဖြစ်သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့်တို့ အား တရားစွဲဆိုကာ စီစဉ်ထားသည့် အတိုင်း မလွဲမသွေ ပြစ်ဒဏ် စီရင်ခဲ့ခြင်းသည် စစ်တပ်မှ မိမိတို့ မည်မျှ ပြတ်သားကြောင်း ပြဆိုနိုင်ခဲ့ပြီဟု ယူဆ ခဲ့ကြသော်လည်း တကယ်တမ်းတွင် သူတို့၏ ကျရှုံးမှုကို ထုတ်ဖေါ်လိုက်ကြခြင်းသာ ဖြစ်ပေသည်။

 

အဆိုပါ ခေါင်းဆောင် နှစ်ဦးသည် “တရားခံများ မဟုတ်ကြဘဲ ဓါးစာခံ အဖြစ် ဖမ်းဆီးထားသူများ” ဖြစ်သည်ဟု မြန်မာအရေး ကုလ လူ့အခွင့်အရေး ညှိနှိုင်းမှု တာဝန်ခံ တွန် အင်ဒရူးက ရှုမြင်ထားခဲ့ပြီး ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်များသည် တံခါးပိတ် တရားခွင် ဖန်တီးပြီး ၎င်းတို့ ဖမ်းဆီးထားမှုကို လူအများ လက်ခံလာရန် ကြိုး ပမ်းခဲ့ကြသော်လည်း မည်သူတဦးတယောက်ကိုမျှ လှည့်စား၍ မရနိုင်ခဲ့ပေ။ ၎င်းတို့ အာဏာသိမ်း ခဲ့ပြီး ဆယ်လ အတွင်း ဖိနှိပ်မှုများက များသည်ထက် များလာနေခဲ့သည်။ ဤသည်မှာလည်း ထိုသို့ လုပ်ရန်သာ သိနားလည် ထားကြသူများ ဖြစ်နေ‌သော ကြောင့်ပင်။

 

စစ်ခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်သည် အာဏာစတင် သိမ်းယူခဲ့စဉ်က အကြီးအကျယ် အတွက်အချက် မှားသွားခဲ့ပေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် အောင်ပွဲခံနိုင်ခဲ့သော်လည်း စစ်တပ်သည် ၎င်းတို့ အပေါ် အမြင့်ဆုံး အာဏာ အပ်နှင်းပေးထားပြီး ဖြစ်သည့် အစီအစဉ်များကို မှောက်လှန်ပြစ်ခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းတို့အဖို့က နိုင်ငံရေး အတိုက်အခံများကို နှိပ်ကွပ်၊ အသက် ၇၆ နှစ် ရှိပြီ ဖြစ်သည့် အမျိုးသမီးကြီးအား လုံလုံ ခြုံခြုံတနေရာတွင် ပိတ်လှောင်ထားရုံသက်သက်ဖြင့် ယခင် ကာလများကဲ့သို့ ပြန်လည်၍ အုပ်ချုပ် နိုင်လိမ့်မည် ဟု ယူဆခဲ့ရှာသည်။

 

တွက်ဆထားခဲ့သည့် နောက်ထပ်အကြောင်း တခုမှာ ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာ မူဆလင်များ အပေါ် စစ်တပ်၏ ရက်စက်စွာ ဆက်ဆံပြုမူ ခဲ့မှုများကို နိုင်ငံတကာ တရားရုံးသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ခုခံ ချေပ ပေးခဲ့မှု ကြောင့် သူမ၏ ဂုဏ်သိက္ခာသည် မှေးမှိန် သွားခဲ့ရပြီ ဖြစ်၍ ယခုတကြိမ် ဖမ်းဆီးထားမှုကို နိုင်ငံတကာသည် ရေငုံနှုတ်ပိတ်နေလိမ့်မည်ဟူ၍ ဖြစ်သည်။

 

သို့သော် သူမကို ဖမ်းဆီး အပြစ်ပေးခဲ့ခြင်းသည် ဒီမိုကရေစီ ကို ကိုယ်စားပြု ရပ်တည်ပေးနေခြင်းကြောင့် ဖြစ်သည်ကို အားလုံးက သိထားခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ယခု အရေးသည် လူပုဂ္ဂိုလ် တဦးတယောက် အတွက် မဟုတ်တော့ဘဲ လူ ၅၄ သန်း နှင့် သက်ဆိုင်လာခဲ့ခြင်းပင် ဖြစ်သည်။

 

အာဏာသိမ်းမှု ကြောင့် ရိုက်ခတ်လာခဲ့မှုများက တနိုင်ငံလုံး အတိုင်းအတာ အထိ သက်ရောက်လာနေခဲ့ပြီး တိုင်းပြည်၏ စီးပွားရေးလည်း ပျက်စီး ယိုယွင်းသွားခဲ့ရသည်။ ဖေဖေါ်ဝါရီလ မှစ၍ ကပ်ရောဂါကြီးပါ ယှက်နွယ် လာခဲ့မှု နှင့်အတူ တနိုင်ငံလုံး ရှိ အိမ်ထောင်စု စုစုပေါင်း လေးပုံ သုံးပုံခန့်သည် ဝင်ငွေများ ဆုံးရှုံးသွားခဲ့ရပြီး ကျန်းမာရေး နှင့် ပညာရေး ကဏ္ဍများလည်း ပြိုလဲသွားခဲ့ရပြီ ဖြစ်သည်။

 

အာဏာသိမ်းမှုကို ဆန့်ကျင် တွန်းလှန်လာခဲ့သည့် အတွက် ရိုက်ခတ်ခဲ့မှုများကလည်း ထိုအတိုင်းပင် တူညီသော ပမာဏ နှင့် သက်ရောက်လာခဲ့ရပြန်သည်။ ထောင်နှင့် သောင်းနှင့် ချီသော ဝန်ထမ်း များက မြို့ပြ အာဏာ ဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်လာခဲ့ကြသည်။

 

ထိုသို့ အနေအထားများ ရင်ဆိုင်လာရသော်လည်း စစ်တပ်သည် ယခင်အခါများကဲ့သို့ အလျှင်အမြန် နှိမ်နှင်း နိုင်လိမ့်မည်ဟု ယူဆခဲ့ကြပြန်သည်။ ယခုအချိန်အထိ အာဏာသိမ်း အဖွဲ့မှ သတ်ဖြတ်ခဲ့သူ ကလေးသူငယ်များ အပါအဝင် စုစုပေါင်း ၁,၂၅၀ ဦး၊ ဖမ်းဆီးခံထားရသူ ၁၀,၀၀၀အထိ ရှိနေပြီဟု ယုံကြည်ရပြီး ဖမ်းဆီးခံထား ရသူများသည်လည်း နှိပ်စက်ညှင်းပမ်းခြင်း၊ အဓမ္မပြုကျင့်ခြင်းများ ခံနေရသည်။

 

သို့သော် ၎င်းတို့အား ခုခံ တွန်းလှန်နေမှုများက အံ့မခန်းဖွယ် ပြောင်မြောက်စွာ ထွက်ပေါ်လာခဲ့သည်။ ပုံမှန် မိသားစုများက စစ်တပ်နှင့် ဆက်နွယ်နေသော ကုမ္ပဏီများကို သပိတ်မှောက်ခြင်း၊ အချို့က လက်နက်စွဲကိုင် လာကြပြီး စစ်ယာဉ်တန်းများ၊ ဒေသ အုပ်ချုပ်ရေး အရာရှိများ ကို တိုက်ခိုက်လာကြပြီး နိုင်ငံ၏ အချက်အချာ ဒေသများ အထိ ပါ မကြုံဘူးအောင် ပစ်မှတ်များကို တိုးချဲ့လာခဲ့ကြသည်။ အချို့ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ချိတ်ဆက်လာကြသည်။

 

စစ်တပ်သည် အရပ်ဖက် လူနေဒေသများကို လက်နက်ကြီး များ ဖြင့် ပစ်ခတ်ပြီး လက်တုန့်ပြန်လာခဲ့သည်။ စက်တင်ဘာလ တွင် အမျိုးသား ညီညွတ်ရေး အစိုးရသည် “ပြည်သူ ခုခံတွန်းလှန်စစ်” ဆင်နွှဲမည်ဟု ကြေညာ လာခဲ့သည်။ ယင်းနှင့် အတူ စစ်တပ် အတွင်း စိတ်ဓါတ်ကျဆင်းမှုများ ဖြစ်ပေါ်လာပြီး တစတစ နှင့် တပ်ကို စွန့်ခွာထွက်ပြေးသူများ ရှိလာနေပြီ ဖြစ်သည်။

 

၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု စစ်တပ်က ပြောဆိုနေသော်လည်း ၎င်းတို့ အာဏာသိမ်းခဲ့သည့် အကြောင်းရင်း တစိတ်တပိုင်း ကလည်း ပြည်သူတို့၏ ယုံကြည်မှုကို မရနိုင်တော့ကြောင်း နောက် ဆုံးတွင် သဘောပေါက်လာခဲ့ကြ၍ ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ များကြောင့် စစ်ဗိုလ်ချုပ်များကို အာဏာမှ အပြီး အပိုင် ဖယ်ရှားပြစ်မှ သာ ဖြစ်ပေတော့မည်ဟု အားလုံးက ခံယူလာခဲ့ကြသည်။ ဤသည်ကို စစ်တပ်က သိမြင် လာသည့် အတွက် ဆန့်ကျင်လာမှု မှန်သမျှ ကို ချေမှုန်းမှ ဖြစ်မည် ဆို‌သော ၎င်းတို့၏ သန္နိဋ္ဌာန်က ခိုင်မာ သည်ထက် ခိုင်မာလာခဲ့ရခြင်းလည်း ဖြစ်သည်။ ၎င်းတို့အနေနှင့် မကြာခင် အချိန်အတွင်း သူ့အလိုလို ထွက်ခွာသွားကြလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်နေကြခြင်းမျိုး မရှိကြတော့ပေ။

 

ဗြိတိန်သည် နှေးကွေးပုံရသော်လည်း ၎င်းတို့အပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ကို မရပ်မနား အရှိန်မြှင့် ပြုလုပ်လာနေသည်။ အခြားသူများက ဗြိတိန်ထက် ပို၍ လုပ်နိုင်စွမ်း ရှိနေသည်။ အထူးသဖြင့် အီးယူ နှင့် အမေရိကန် တို့မှ ရေနံနှင့် သဘာဝဓါတ်ငွေ့များ အပေါ် ပိတ်ဆို့ ဒဏ်ခတ်နိုင်စွမ်း ရှိနေသည်။

 

ပြီးခဲ့သည့် အပတ်အတွင်း ကုလ ကိုယ်စားလှယ် စီစစ်ရေး ကော်မတီသည် အာဏာသိမ်း အဖွဲ့ ထံမှ ကိုယ်စား လှယ် အသစ် ခန့်အပ်ရန် လျှောက်ထားလာမှု အပေါ် ဆုံးဖြတ်ချက် ပေးရန် ရွှေ့ဆိုင်းခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး များသည် တလေးတစား နှင့် ဆက်ဆံခံထိုက်သူများ မဟုတ်ကြပေ။

 

လက်ရှိ အကြပ်အတည်းကြီးသည် အလျှင်အမြန် အဆုံးသတ်သွားရန် လမ်းမမြင် ရသေး၍ ဒီမိုကရေစီ ကို ထောက်ခံသူ မှန်သမျှ သံတမန်ရေးအရရော၊ ဘဏ္ဍာရေးအရပါ ကုလ သမဂ္ဂမှ ဖွဲ့စည်းပေးထားသည့် လွတ်လပ် သော စုံစမ်းစစ်ဆေးရေး ယန္တရားကို ထောက်ခံသင့်ပေသည်။ သို့မှသာ ရေရှည်တွင် လူ့အခွင့်အရေး ကျူးလွန် ဖေါက်ဖျက် ခံခဲ့ရသူများ အတွက် တရားမျှတမှုကို ဖေါ်ဆောင်ပေးလာနိုင်မည် ဖြစ်သည်။

 

(ဒီဇင်ဘာ ၇ ရက်နေ့ထုတ် ဂါဒီးယန်း သတင်းစာကြီး၏ အယ်ဒီတာ အာဘော် ဖြစ်သည့် “Aung San Suu Kyi is now one of many” ကို ပြန်လည် တင်ပြသည်)

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

 

ဓါတ်ပုံ- Al Jazeera