ကလာရီဆာ ဝပ်က မြန်မာ ပြည်သူများ အား ချီးကြူး

by Hla Soewai - Dec 24 2021

CNN သတင်းထောက် ကလာရီဆာ ဝပ်ဒ် က ဗြိတိန် ရှိ Vogue မဂ္ဂဇင်း ကြီး နှင့် အင်တာဗျူးတွင် သူမ အနေဖြင့် စစ်မက်ဇုံများ၊ အာဏာရှင်များ ကြီးစိုးနေသည့် နိုင်ငံများ သို့ အကြိမ်ကြိမ် ရောက်ခဲ့ဖူးသော်လည်း မြန်မာပြည်သူများကဲ့သို့ စစ်သားများ ဝိုင်းနေသည့် ကြားမှ သူမဆီ ချဥ်းကပ်လာပြီး လက်သုံးချောင်း ထောင်ပြကာ ဒီမိုကရေစီ လိုချင် ကြောင်း ပြောရဲသည့် သတ္တိမျိုး မတွေ့ခဲ့ဘူးပါဟု ချီးကျူး ပြောကြားသွားခဲ့သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် မှ ဂျကာတာ တွင် အမေရိကန် မူဝါဒ ရေးရာ မိန့်ခွန်း ပြောကြားရာ၌ မြန်မာ စစ်ကောင်စီ အား ပြစ်တင်ရှုတ်ချသွားခဲ့ပြီး အမေရိကန် အနေဖြင့် မြန်မာပြည်သူ များ၏ ဆန္ဒ ကို ကိုယ်စားပြုသည့် “ငြိမ်းချမ်းသောနည်း ဖြင့် အဖြေရှာရေး” ဆိုသည့် ရည်မှန်းချက်ကို စွန့်လွှတ်မည် မဟုတ်ဟု ထပ်လောင်း အာမခံသွားခဲ့သည်။

 

အရှေ့ နှင့် အရှေ့တောင် အာရှ ဒေသများတွင် အမေရိကန် ဦးဆောင်သော ကွပ်စ် အဖွဲ့မှ တရုတ်၏ ရပ်ဝန်း နှင့် လမ်း စီမံကိန်းများ အား တန်ပြန်နိုင်ရန် ဒေါ်လာ ၄၈ ဘီလီယံ စိုက်ထုတ် လုပ်ဆောင်သွားမည်ဟု သိရသည်။

 

အမေရိကန်သည် ကွပ်စ်၊ အာဆီယံ နှင့် ဩစတေးလျှ၊ ဗြိတိန် တို့ နှင့် ဖွဲ့စည်းထားသည့် အော်ကပ်စ် အဖွဲ့ များနှင့် အရှေ့အာရှတွင် လုံခြုံရေး ဆိုင်ရာ မဟာမိတ်များ ဖွဲ့စည်းရန် အပြင်းအထန် လှုပ်ရှားလာချိန်တွင် စစ်ကောင်စီ သည် ၎င်းတို့၏ မဟာမိတ် ဖြစ်သော တရုတ် ထံမှ တင်းပြည့်ကျပ်ပြည့် ထောက်ခံမှု ထွက်မလာ၍ ဗျာများစ ပြုလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့ ညီညွတ်စွာဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့က ဆင်နွှဲခဲ့သော အသံတိတ် သပိတ်ကြီးသည် ပြည်သူတရပ်လုံး မှ စစ်အာဏာသိမ်း အဖွဲ့ကို မိမိတို့ လက်မခံနိုင်ရုံမက ရွံရှာမုန်းတီးနေပြီ ကို ကမ္ဘာသိ ပြသနိုင်ခဲ့ခြင်းကပင် စစ်ကောင်စီ အား ပိုနေမြဲ ကျားနေမြဲ ဆက်ဆံချင်ကြသော နိုင်ငံများအား နောက်တွန့်သွားစေခဲ့သည့် လွန်စွာ အရေးပါသော လှုပ်ရှားမှုကြီး လည်း ဖြစ်သည်။

 

ထိုလှုပ်ရှားမှု အတွက် သတင်းမှတ်တမ်းများ လိုက်လံ ရိုက်ကူးခဲ့သော အလွတ်တန်း ဓါတ်ပုံ သတင်းထောက် ကိုစိုးနိုင် ဆိုသူ ကို စစ်ကောင်စီ တပ်များက သောကြာနေ့တွင် ဖမ်းဆီး သွားခဲ့ပြီး အင်္ဂါနေ့တွင် သေဆုံးသွားပြီဟု မိသားစုအား အကြောင်းကြားလာခဲ့ကြောင်း ကမ္ဘာသတင်းများတွင် ပါရှိလာခဲ့သည်။ ထိုအရေး အပေါ် နယ်ခြားမဲ့ သတင်း ထောက်များ အသင်းကြီးကလည်း ပြင်းထန်စွာ ရှုတ်ချလာခဲ့သည်။

 

စစ်တပ်ပိုင် မိုင်တဲ အားလည်း ပြည်သူများက ညီညွတ်စွာ သပိတ်မှောက် ဆန့်ကျင်ခဲ့ကြသဖြင့် ဖေဖေါ်ဝါရီ လ မှ ဧပြီလ အတွင်း ဝင်ငွေ ဒေါ်လာ ၂၄.၉ သန်း နှင့် သုံးစွဲသူ ၂ သန်း ခန့် ဆုံးရှုံးသွားခဲ့ကြောင်း Justice for Myanmar အဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သည်။

 

စစ်ကောင်စီ ၏ အကြမ်းဖက်တပ်များသည် ပြည်သူများအား နေ့စဉ်လို ဆက်လက် သတ်ဖြတ်နေလျှက် ရှိရာ စစ်ကိုင်းတိုင်း မြောင်မြို့နယ် အတွင်းရှိ ဂေါင်းကွယ် နှင့် ကျောက်ရစ်ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ကင်းတာဝန်ကျ ရွာသား ၅ ဦး အား မီးရှို့ သတ်ဖြတ်သွားကြသည်။ အလားတူ အရာတော် မြို့နယ် အတွင်းရှိ ကဲဘာရွာ အားလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် အိမ်ခြေ တရာခန့် မီးလောင်ဆုံးရှုံးသွားခဲ့သည်ဟု သိရသည်။

 

ကေအင်ယူ တပ်မဟာ (၆) ၏ ထိန်းချုပ်နယ်မြေ အတွင်းရှိ ထိုင်းနယ်ခြား အနီး မြဝတီ မြိုနယ် လေးကေကော် မြို့သစ်သို့ စစ်ကောင်စီ တပ်မှ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး တက်ကြွလှုပ်ရှားသူ များကို ဖမ်းဆီး သွားရာ မြောင်းမြ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင် ပါ အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။

 

အဆိုပါ မြို့သစ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရ ထိုင်းနိုင်ငံမှ ပြန်ရောက်လာသော ဒုက္ခသည်များအား နေရာချထားပေးရန် ဂျပန်၏ နီပွန် ဖောင်ဒေးရှင်း ၏ အကူအညီ ဖြင့် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ စစ်ကောင်စီ တပ်များကို တပ်မဟာ (၆) မှ ဝင်ရောက်ခွင့် ပြုခဲ့ခြင်း ရှိမရှိ အတည်ပြုနိုင်ခြင်း မရှိသေးဟု သတင်းများက ဆိုသည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!