Burma Act ပြီ ဆိုတော့လည်း လုပ်ရပြီပေါ့

by Hla Soewai - Dec 24 2021

မင်းအောင်လှိုင်သည် မှော်ရူး၊ နတ်ရူးများ၊ အဂ္ဂိရရူးများ အစီအမံဖြင့် မကြာခင် လိုတရ ဆေးကြိမ်လုံး လက်ဝယ် ပိုင်ဆိုင်တော့မည့်ဟု ယုံကြည်နေသည့်အလား လျပ်စစ်ကားများ၊ မြေအောက်မီးရထားလမ်းများ၊ ဂြိုလ်တုများ လွှတ်‌တင်တော့မည်ဟု သွားလေရာ တွင် ပြောဆိုနေချိန်တွင် ရန်ကုန်ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးသည့် ရုံးတွင်တော့ လူအုပ်ကြီးက ကြောက်ခမန်းလိလိ ကြိတ်ကြိတ်တိုးပြီး အလုအယက် ပြည်ပသို့ ထွက်ခွာရန် စိုင်းပြင်းလျက် ရှိနေကြသည်။

 

ဤဖြစ်စဉ်ကြီးကပင် "သားသားကြီးလာရင် ဘာလုပ်မလဲဟူသော" မိဘများ မေးနေကျ စကား ကို ဖြေဆိုနေသည့် ကလေးသူငယ် တယောက်အလား စိတ်ကူးရသမျှ ပြောဆိုနေသော မင်းအောင်လှိုင်၏ စကားကို မည်သူမျှ အယုံအကြည် မရှိကြောင်း ပြဆိုနေခြင်းလည်း ဖြစ်သည်။

 

လူငယ်များ အဖို့က သာဝ ပညာရေး ဖြင့် မိမိတို့ အနာဂတ် မည်သို့မျှ မျှော်လင့်ချက် မရှိသည်ကို ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည့်အတွက်လည်း တော်လှန်ရေးတပ်ဖွဲ့များ နှင့် ပူးပေါင်းမည်လော၊ ပြည်ပသို့ ထွက်ခွာ မည်လော ဟူ၍ ရွေးချယ်စရာ နှစ်လမ်းသာ ရှိပေတော့၏။

 

လောလောဆယ် တွင် တော့ ပြည်ပသို့ နိုင်ငံခေါင်းဆောင်ကြီး တဦးအဖြစ် ကြွချီ ချင်နေသည့် မင်းအောင်လှိုင်သည် အာဆီယံဥက္ကဌ ဖြစ်လာမည့် ဟွန်ဆန်ကို အထူး မျှော်လင့်နေယုံမက အားတက်လာပြီး နိူင်ငံတော် အတိုင်ပင်ခံကို ထောင်ဝတ်စုံ ဝတ်ခိုင်းသည် အထိ ပြုမူလာခဲ့သည်။

 

မင်းအောင်လှိုင် အဖို့က ၎င်း၏ အပြုအမူများ မှန်သည် မှားသည် ဆိုသည်ကို ရှေရှေဝေးဝေး တွေးနေစရာ မလို၊ နတ်ရူး မှော်ရူးများ နှင့်လည်း တိုင်ပင်စရာ မလို၊ မိမိ အမည်သည် ကမ္ဘာပေါ်တွင် အဘယ်သို့သော အတန်းစားထဲ ရောက်နေသလော၊ နာမည်ဆိုး ဖြင့် ကျော်ကြားနေသလော၊ နာမည်ကောင်း ထွက်နေသည်လော ဆိုသည်ကို လေ့လာယုံမျှ ဖြင့် အလွယ်တကူ သိနိုင်ပေသည်။

 

တိုင်းပြည်သည် မုန်တိုင်းထန်သည့် အဖြစ်ကို မင်းအောင်လှိုင် နားမလည် ဖြစ်နေသည်မှာ အဆန်းတကြယ် မဟုတ်သော်လည်း ဂျပန်-မြန်မာ အသင်းကြီး၏ ဥက္ကဌ နှင့် အတွင်းရေးမှုး ဖြစ်သူ သားအဖ နှစ်ယောက် ဖြစ်သည့် ဝါတာနာဘေး တို့သည် မြန်မာပြည်အတွက် စစ်ကောင်စီသည်သာ မျှော်လင့်ချက်ဟု ဆိုကာ ဂျပန်လုပ်ငန်းရှင်များ ဒေါ်လာ ဘီလီယံ နှင့် ချီ၍ ရင်းနှီးမြုပ်နှံကြရန် ဆော်ဩလျက် ရှိနေသည်။

 

ဝါတာနာဘေးသည် ဂျပန် အမျိုးသားရေးဝါဒီ အဖြစ် ခံယူထားမှုကိုလည်း ဖုန်းကွယ်ရန် ကြိုးစားခဲ့ခြင်း မရှိသူလည်း ဖြစ်သည်။

 

Burma Act

 

မင်းအောင်လှိုင်သည် အာဏာနှင့် စည်းစိမ်ကို ဆုပ်ကိုင်ထားနိုင်ရေး အတွက် ဘာမဆို လုပ်ဝန့်သူ ဆိုသည်ကို သိရှိလာကြသည်နှင့်အမျှ ၎င်း၏ လုပ်ရပ်များအား ဟန့်တားနိုင်ရန် အမေရိကန်မှ BURMA ACT ကိုအထက်နှင့်အောက်လွှတ်တော် နှစ်ရပ်စလုံးမှ အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။

 

Burma Act ဟု အလွယ်ခေါ်ဆိုနေသည့် ဥပဒေ သည် တကယ်တမ်းတွင် Burma Unified through Rigorous Military Accountability (BURMA) ပင် ဖြစ်သည်။

 

အမေရိကန်တို့သည် ထိုသို့ အတိုကောက် နာမည်များ လိုက်လျောညီထွေ သုံးနိုင်ရန် လွန်စွာ နှစ်သက်သူများ ဖြစ်‌၍ ဌာနတခုခု သပ်သပ်ဖွင့်ကာ စကားလုံးများ ရွေးချယ်တတ်သည်၊ ယခုအခါ BURMA အတိုကောက်ဖြင့် စစ်တပ်အား အပြင်းထန်ဆုံး နည်းမျိုး ဖြင့် တာဝန်ခံ စေခြင်းဖြင့် မြန်မာပြည် ပေါင်းစည်းရေး အဓိပ္ပါယ် ရသည့် ဥပဒေ ကို ပါတီကြီး နှစ်ရပ်မှ ပူးပေါင်း တင်သွင်းခဲ့ပြီး ပြင်ဆင်ချက်များ နဲ့ အတူ ဒီဇင်ဘာ ၁၅ ရက်နေ့က အတည်ပြုလိုက်ပြီ ဖြစ်၍ အိမ်ဖြူတော် ဘဲဥပုံ ရုံးခန်းထဲရှိ သမ္မတ စားပွဲပေါ် ရောက်ရှိ‌ တော့မည် ဖြစ်သည်ဟု ဗီအိုအေ မြန်မာပိုင်း တွင် ဖေါ်ပြထားခဲ့သည်။

 

ဒီလို အတည်ပြု ပြဠာန်း နိုင်ဖို့ နှစ်စဉ် အတည်ပြုပေးနေကျ ၂၀၂၂ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေကိုလည်း ပြန်လည် ပြင်ဆင်ချက် ထည့်သွင်းခဲ့ရသည်။

 

ထိုဥပဒေ အတည်ပြုနိုင်ရေး အတွက် ဦးဆောင်ဦးရွက် ပြုခဲ့သူမှာ နိုင်ငံတော် အတိုင်ပင်ခံ ၏ မိတ်ဆွေကြီး ဆီးနိတ် ရီပတ်ဘလီကင် လူနည်းစု ခေါင်းဆောင် မစ်ခ်ျ မက်ကွန်းနယ်ပင် ဖြစ်သည်။

 

၎င်းမှ (၁) စစ်ကောင်စီ အား ထိ‌ ရောက်စွာ ပြစ်ဒဏ် ခတ်နိုင်ရေး၊ (၂) အမျိုးသား ညီညွတ်ရေး အစိုးရအား တရားဝင် အသိ အမှတ် ပြုနိုင်ရေး၊ (၃)ဒီမိုကရေစီ အုပ်ချုပ်‌မှု ပြန်လည် ထွန်းကားရေး နှင့် (၄) အမျိုးသား ရင်ကြားစေ့မှု မြေတောင် မြှောက်ပေးနိုင်ရေး (၅) တရုတ် နှင့် ရုရှားတို့၏ လုပ်ရပ်များ သုံးသပ်ရေး အစီအစဉ်များ အားလုံးအကောင်အထည် ဖေါ်နိုင်ရန် အစိုးရမှ မည်သို့မည်ပုံ ပြင်ဆင်ထားသည်ကို ရက်ပေါင်း ၆၀ အတွင်း ကွန်ဂရက်သို့ ပြန်လည် တင်ပြရမည် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

 

အသေးစိတ် တင်ပြရမည်ဆိုက

 

(၁) မြန်မာ အပေါ် လက်ရှိ အမေရိကန် နှင့် နိုင်ငံတကာမှ ပြစ်ဒဏ် ခတ်မှုများ၏ ရိုက်ခတ်မှုများကို ဆန်းစစ်ပြီး ထပ်မံ အရေးယူ နိုင်မည့် အစီအစဉ်များ ချမှတ်ရေး။

(၂) စစ်ကောင်စီအား အသိအမှတ် ပြုရေးအား ငြင်းပယ်ပြီး NUG အစိုးရနှင့် CDM ဖြင့် တိုက်ပွဲဝင်နေကြသော ဒီမိုကရေစီ အင်အားစုများအား အထောက်အပံ့ ပေးရေး

(၃) မြန်မာပြည်တွင် ဒီမိုကရေစီ ပြန်လည် ထွန်းကားပြီး ပြည်သူများကို အစစ်အမှန် ကိုယ်စားပြုသည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သည့် အရပ်သား အစိုးရ ဖွဲ့စည်းရေး၊ အရပ်သား အုပ်ချုပ်မှုအောက်တွင် တိုင်းရင်းသား ပေါင်းစုံ ပါဝင်စေမှု ထင်ဟပ်စေသည့် စစ်တပ် အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရေး၊ ဖွဲ့စည်းပုံ၊ နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များ ပြဋ္ဌာန်းရေး။

(၄) နိုင်ငံအတွင်း ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများနှင့် လူ့အခွင့်‌အရေး ချိုးဖောက်နေမှုများ တာဝန်ခံမှု ရှိလာစေရေး၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေး နှင့် တိုင်းရင်းသား လူမျိုးစု များ အကြား ပြန်လည် ရင်ကြားစေ့ရေး။ ထိုသို့ အကောင်အထည် ဖေါ်နိုင်ရန် မြန်မာ ဒီမိုကရေစီ အရေး အထူး ညှိနှိုင်း ဆောင်ရွက်ပေးမည့် special coordinator တဦးအား နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ခန့်အပ်ပေးရေး။

 

(၅) တရုတ် နှင့် ရုရှားတို့သည် စစ်အစိုးရအား ထောက်ခံမှု ပေးနေခြင်း၊ လူမျိုးစု ပဋိပက္ခများ ဖြစ်ပေါ်နေအောင် ‌လှုံ့ဆော်နေခြင်း နှင့် မြန်မာ၏ အချုပ်အခြာ အာဏာ ကို အားပျော့သွားစေခြင်းမျိုးများ ဖြစ်ပေါ်အောင် လုပ်ဆောင်ရင်း ၎င်းတို့၏ မဟာဗျုဟာ အကျိုးစီးပွားများ ဖေါ်ဆောင်နေမှု ကို သုံးသပ်နိုင်ရေး တို့ပင် ဖြစ်သည်။

 

အဆိုပါ ဥပဒေကြမ်းသည် သမ္မတ မှ လက်မှတ်ထိုးပြီးသည် နှင့် ဥပဒေကဲ့သို့ အာဏာသက်ဝင်လာတော့မည် ဖြစ်၍ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူ အညီ ပေးရေး အဖွဲ့၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ မဟာဗျူဟာ မြောက် အစီအမံများ ရေးဆွဲတင်ပြရဖို့ ရှိနေသည်။

 

တနည်းအားဖြင့် ဆိုလျှင် ယင်း ဥပဒေသည် NUG အား ထိရောက်စွာ အကူအညီ ပေးပြီး ပြည်သူများ ဆင်နွှဲနေသော တော်လှန်ရေးကြီး အောင်မြင်ရန် လမ်းဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ထို့အတွက် ဘိုင်ဒင် အစိုးရမှ မည်သို့ မည်ပုံ ဆောင်ရွက်လာမည်ကိုသာ စောင့်ကြည့်ဖို့ ရှိပေတော့သည်။

 

အမေရိကန်သည် မြန်မာအရေးကိုသာ အာရုံပြုနေခြင်း မဟုတ် ပဲ အာရှတွင် လစ်ဘရယ် ဒီမိုကရေစီ ဝါဒ အရောင်းထိုင်းလာနေမှု ကို ကာကွယ်နိုင်ရန် သေရေး ရှင်ရေး တမျှ အရေးကြီးနေပြီဟု ယူဆလာနေသည့် အတွက်ကြောင့်လည်း ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း စစ်ရေး နည်းလမ်းမှ အပ ကျန်သည့် နည်းမျိုးစုံကို ထုတ်သုံးဖို့ ဝန်လေးတော့မည် မဟုတ်ပေ။

 

ထိုသို့ အမေရိကန်၏ တက်ကြွစွာ ပါဝင်လာနိုင်သည့် အတိုင်းအတာ ကို လေးနက်စွာ သုံးသပ်နိူင်မည်ဆိုက စစ်ကောင်စီ အောက်တွင် လှေကြုံစီးနေသူများ အဖို့ မိမိတို့ ရပ်တည်ရာ ရပ်တည်ကြောင်းကို စဉ်းစားရတော့မည့် အချိန်ဆိုက်ရောက်လာပြီ ဖြစ်သည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

 

(ကျိုက်ဒေးဝိ စေတီတော်ကြီးတွင် ထီးတော်တင်ရန် ကြိုးစားနေသည့် ဆရာ ဒကာများ ကို တွေ့နိုင်သည်)

 

ကိုးကား - Chindwin.com