PDF အကျိုး နှစ်ဆ တိုး ခံနေရသော စစ်ကောင်စီ တပ်

by Hla Soewai - Dec 24 2021

PDF များက စစ်ကောင်စီ တပ်စခန်းများ၊ ရဲကင်း များကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ ယာဉ်တန်းများကို မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ကြောင့် အကျအဆုံး များစွာ ဖြစ်လာနေသည်။ ထိုသို့ ဖြစ်လာသည့် အခါတိုင်း လက်စား ချေမည် ဆိုကာ အနီးရှိ ကျေးရွာများကို မီးရှို့ခြင်း၊ ရွာသားများကို ဖမ်းဆီး ခေါ်ဆောင်သွားကာ သတ်ဖြတ် လာခဲ့ကြသည်။

 

စစ်ကောင်စီအဖို့ ၎င်းတို့ တပ်များ ထိခိုက်ကျဆုံး၍ နစ်နာရသည်က တကြောင်း၊ ထိုသို့ အသိဉာဏ်မဲ့စွာ မဲမဲ မြင်ရာ ရန်မူ နေသည် အတွက် များ ကြောင့် သူပုန်ဘဝ သို့ ကျရောက်သွားပြီး နဂိုကမှ ၎င်းတို့အပေါ် မုန်းတီး နေကြသော ပြည်သူများ အဖို့ ရွံရှာစက်ဆုပ်လာသည့် အဆင့် အထိ ရောက်ရှိအောင် တမင်တကာ လှုံ့ဆော် ပေးနေသလို ဖြစ်လာ၍ ကျဆုံးခန်း ရောက်ရန် နီးသည်ထက် နီးလာနေသည်။

 

ထိုလုပ်ရပ်များက နိုင်ငံတကာတွင် လူတောတိုးဖို့ အရေး မှာ ဝေးသည်ထက် ဝေးလာနေသည်။

 

ထိုင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ်ကြီး ကွန်ချိ တန်ထရာဗားနစ်ချ် က ဒီဇင်ဘာ ၁၆ မှ ၂၁ ရက်အတွင်း သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထွက်ပြေးခိုလှုံလာကြသော ဒုက္ခသည် ၄,၂၁၆ ဦး ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ ၎င်းတို့ နယ်မြေ အတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်လာမည် ဆိုက ပြန်လည် လက်တုံ့ပြန်သွားမည်ဟုလည်း သတိပေးထားပြီး ဖြစ်သည်။

 

မြန်မာ ပြည်သူတို့ အဖို့လည်း မိမိတို့ ကိုးကွယ် အားထားရာ သာသနာ ဦးသျှောင် ဆရာတော်ကြီးများကလည်း ရေငုံနှုတ်ပိတ်နေကြသည့် အဖြစ်ကို မျက်ဝါးထင်ထင် မြင်တွေ့လာရသဖြင့် ကိုးကွယ်ရာမဲ့ ဖြစ်လာခဲ့ရသည်။

 

ထိုသို့သော အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် KNU အဖွဲ့ကြီးမှ အပြစ်မဲ့ ပြည်သူများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာနေမှုကို အကာအကွယ် ပေးနိုင်ရေးအတွက် လေယာဉ် မပျံသန်းရ ဇုံ သတ်မှတ်ပေးပါရန် တောင်းဆိုလာကြသည်။ ထိုသို့ သတ်မှတ်ပေးနိုင်သည်က အမြင့်ဆုံး အာဏာ ကို ပိုင်စိုးထားသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သာ ဖြစ်နေ၍ အကောင်အထည် ပေါ်လာဖို့ ရန် အဆင့်များစွာ ဖြတ်ကျော်ရဦးမည် ဖြစ်သည်။

 

၂၀၁၅ ခုနှစ်အတွင်း ဆီးရီးယား မှ သုံးနှစ်အရွယ် ကပ်ဒ် ကလေးငယ် အလန် ကာဒီ၏ သက်မဲ့ ရုပ်အလောင်းသည် တူရကီ ဖက်ခြမ်းရှိ မြေထဲပင်လယ် ကမ်းခြေ တနေရာတွင် တွေ့ရှိလာခဲ့သော ဓါတ်ပုံ တပုံသည် ဥရောပ တိုက် ကြီး အား သိမ့်သိမ့်တုန်အောင် လှုပ်ရမ်းလိုက်သလို ဖြစ်သွားခဲ့ပြီး အစိုးရ အသီးသီးက နယ်စပ်ဂိတ်တံခါးများ ဖွင့်လှစ်ပေးသည်အထိ ဖြစ်ခဲ့ရသော်လည်း လက်ရှိ မြန်မာ ပြည်သူများ၏ သောင်ရင်းမြစ်ကို ဖြတ်ကူးကာ အသက်လု ပြေးနေရသည့် အဖြစ်ကို ယခုအချိန်အထိ အာဆီယံ အဖွဲ့ကြီးမှ တလုံးတပါဒမျှ ဝေဖန် ပြောဆိုခြင်း ပင် မရှိသေးပေ။

 

အမေရိကန် မှ ထိုင်း ၏ အကူအညီကို ရယူပြီး လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးနိုင်ရန် စီစဉ်နေပြီ ဖြစ်၍ ထိုကိစ္စအပေါ် အကြောင်းပြု၍ အမေရိကန်တို့မှ တဖက်သတ် လှုပ်ရှားလာနိုင်သည့် အလားအလာမျိုးတော့ ရှိနေပေသည်။

 

အမေရိကန်တို့ဖက်မှ ချီတုံချတုံ ဖြစ်နေစဉ် မှာပင် အာဏာသိမ်းအဖွဲ့သည် တရုတ် နှင့် နီးစပ်သည်ထက် နီးစပ်လာ နေပြီး တရုတ် ၏ ယွမ်ငွေကြေးကို နယ်စပ်ကုန်သွယ်ရေး အတွက် အသုံးပြုနိုင်သည်ဟု တရားဝင် ကြေညာသည့် အထိ ပြုလုပ်လာခဲ့သည်။ တရုတ် အစိုးရ ၏ ဂလိုဘယ် တိုင်းမ် သတင်းစာမှ နိုင်ငံအတွင်း စီးပွားရေး ပိုင်းတွင် ကမောက်ကမ ဖြစ်လာခဲ့၍ ‌အမေရိကန် ဒေါ်လာ နှင့် အခြား ငွေကြေးများ ရှားပါး ပြတ်လတ်လာနေမှုကို ဖြေရှင်း ရန် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ရေးသားလာခဲ့သည်။

 

ထိုလုပ်ရပ်သည် တရုတ်အစိုးရအဖို့ နှလုံးပီတိ ဂွမ်းဆီထိ ဖြစ်လာခဲ့ရသည်။ တရုတ် အစိုးရသည် ယွမ်ငွေအား ကမ္ဘာတဝှမ်းတွင် ဒေါ်လာ နှင့် ယှဉ်ပြိုင်နိုင်သည့် အဆင့်အထိ ရောက်ရန် အမြဲလို အားထုတ်နေ၍ ဖြစ်သည်။ သို့သော် တရုတ် ဗဟိုဘဏ်သည် အမေရိကန်ကဲ့သို့ လွတ်လပ်သော အဖွဲ့အစည်း အဖြစ် မရပ်တည်နိုင်‌သေး သရွေ့ မည်သူကမျှ အယုံအကြည် ရှိမည် မဟုတ်ပေ။ မြန်မာ စစ်ကောင်စီ ကဲ့သို့ ကောက်ရိုးမျှင် တမျှင်ကို အားကိုးအားထား ပြုနေရသူများ အတွက်က ရွှေတောင်ကြီး အလား ပင် ဖြစ်သည်။

 

ယခင်က တရုတ်နှင့် ခွာပြဲရန် မြစ်ဆုံ စီမံကိန်းကိုပင် တဖက်သတ် ဖျက်သိမ်းပြစ်သည်အထိ လုပ်လာခဲ့သော စစ်ခေါင်းဆောင်များ အတွက် ကြံရာမရ ဖြစ်လာကာ တရုတ် ရင်ခွင်ထဲသို့ ပြန်တိုးဝင်ရသည့် ဒုံရင်း ဒုံရင်း ဘဝ ဆိုက်ရောက်သွားခဲ့ရသည့် ဖြစ်စဉ်ကြီးပင် ဖြစ်သည်။ ထိုသို့ စစ်ကောင်စီ အဖို့ အယောင်ယောင် အမှားမှား ပြုလုပ်လာရသည့်အထိ ဖြစ်လာခြင်းကပင် ပြည်သူ့ ‌တော်လှန်ရေး၏ အသီးအပွင့် များပင် ဖြစ်သည်။

 

ယခုအခါ တရုတ်၏ ရပ်ဝှမ်း နှင့် လမ်း စီမံကိန်းများ အား အမြန် ပြန်လည် စတင်ရန် အတင်းပင် ဖိတ်ခေါ်နေပြီ ဖြစ်သည်။ ရည်ရွယ်ချက်ကား နှစ်ချက် ရှိနေသည်။ ပထမအချက်က တရုတ် ယွမ်ငွေများ ရရှိလာရေး နှင့် စီမံကိန်း များ အရှိန်အဟုန်နှင့် အကောင်အထည် ပေါ်လာပါက ၎င်းတို့အား အ‌ရေးယူမည့် ကုလ အစီအစဉ် များကို တရုတ်က ယခုထက် ပို၍ ခါးခါးသီးသီး ဆန့်ကျင်လာမည်ဟု ယူဆလာ၍ ဖြစ်သည်။ တရုတ်တို့ ဖက်ကလည်း ၎င်းတို့ကိုယ် ၎င်း တို့ ကာကွယ်နိုင်စွမ်း မရှိ ဖြစ်နေသည်ကို တွေ့မြင်ရသဖြင့် ဆင်ကန်းတောတိုး လုပ်ရဲမည့်ပုံ မပေါ်ပေ။

 

စစ်ကောင်စီ အဖို့က မည်သည့် အဖွဲ့အစည်းကမျှ ငွေချေးငှားခြင်း မပြုကြတော့သဖြင့် နိုင်ငံခြားငွေကို ဖြစ်သည့် နည်းနှင့် ရရှိ‌ပြီး လက်နက်များ ဝယ်ယူ နိုင်ရေးသည် လောလောဆယ်တွင် အဓိက ဖြစ်နေသည်။ တိုင်းပြည်သည် တရုတ်အကြွေး လည်ပင်းခိုက်လာမည့် အရေး နှင့် ပြည်သူ တဝက်ခန့်သည် ကုလ ၏ ဆင်းရဲမွဲတေမှု မျဉ်း၏ အောက်ဖက် ဘဝ ဖြင့် ရပ်တည်သွားရမည့် အရေးကိုကား ၎င်းတို့ ခေါင်းထဲတွင် မရှိသည်မှာ သေချာနေသည်။

 

တိုင်းပြည်၏ လျှမ်းလျှမ်းတောက် စီးပွားရေး ပညာရှင်များ၊ အတတ်ပညာရှင် များ အားလုံး နီးပါးလည်း ဖမ်းဆီး ထိန်းသိမ်း ခံနေရပြီ ဖြစ်၍ စစ်ကောင်စီ အဖို့ NLD က အရည်အချင်း မပြည့်ဝ သဖြင့် အသုံးပြုခြင်း မခံရသည့် ဒုတိယတန်းစား အဆင့်ရှိ လူများ နှင့် စခန်းသွားနေရသည့် အဖြစ်ကလည်း ရင်လေးစရာပင်။ ထိုသို့သော လူများက တရားဥပဒေမဲ့ လုပ်ရပ်များ၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲတွင်း နက်မှု များကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေသူ လွန်စွာ နည်းပါးနေမည်မှာလည်း ဖြစ်သည်။

 

ထိုမျှသာမကသေး တပ်တွင်း မိသားစု ဝင်များ အား စစ်သင်တန်းများ ပေးလာခြင်း မှ အစပြုပြီး တနိုင်ငံလုံးကို militarized စစ်ဝါဒ ရိုက်သွင်းရန် ကြံစည်လာသည့် အထိ မိုက်မဲလာကြပြန်သည်။

 

၎င်းတို့၏ အာဏာသိမ်း လုပ်ရပ်ကို ဆန့်ကျင် ရှုတ်ချခဲ့သည့် ဆိုသည့် အမှုတခုတည်းဖြင့် စွဲချက်တင်ကာ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန်း အား လာရှိုး အကျဉ်းထောင် အတွင်းရှိ တရားရုံးမှ အလုပ်ကြမ်း နှင့် ထောင်ဒဏ် လေးနှစ် စီရင်ခြင်း ခံခဲ့ရသည်ဟုလည်း သိရသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ တုတ် နှင့် ၎င်းတို့ ပြန်အရိုက်ခံရပြီး မိုက်ဇတ်သိမ်းဖို့ နီးသထက် နီးလာနေပြီ ဖြစ်၍ ပြည်သူများ အညံ့မခံကြရန် အရေးကြီးလာနေသည့် အချိန်ရောက်လာနေပြီ ဖြစ်သည်။

 

တော်လှန်ရေးကြီး မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - TIME MAGAZINE