အကြမ်းဖက် စစ်ကောင်စီမှ ပြည်သူ များ အပေါ် ဗုံးကြဲ တိုက်ခိုက်လာပြီ ဖြစ်

by Hla Soewai - Dec 24 2021

အကျအဆုံး များလာပြီ ဖြစ်သော အနေအထားကို မည်သို့မျှ သည်းခံ နိုင်စွမ်း မရှိတော့၍ ရှုံးမဲ မဲလာနေပြီ ဖြစ်သော စစ်ကောင်စီသည် ဒီဇင်ဘာ ၂၂ ရက်တွင် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ တိုင်း၊ ကချင်၊ ချင်း နှင့် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၂၀ နီးပါးအား ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ သုံးကာ အရပ်သားများ၊ PDF များ နှင့် တိုင်းရင်းသား လက်နက်ကိုင်များကို တချိန်တည်း တွင် တိုက်ခိုက်လာကြပြီ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ၏ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း အား ကိုးကား၍ ဧရာဝတီ သတင်းတွင် ဖေါ်ပြလာခဲ့သည်။

 

စစ်ကောင်စီသည် ဂျီနီဗာ ကွန်ဗင်းရှင်း နှင့် နိုင်ငံတကာ၏ လူသားချင်းစာနာ ထောက်ထားသည့် ဥပဒေ များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ အရပ်ဖက် ပြစ်မှတ်များကို ရွေးချယ် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဝန်ကြီး က ပြောဆိုခဲ့သည်။

 

လေကြောင်းမှ တိုက်ခိုက်ခြင်းသည် တောတောင်များ အကြား အလွယ်တကူ ခြေရာဖျောက် နိုင်၍ မည်သူမျှ ထိရောက်ခြင်း ရှိမည် မဟုတ်ဘဲ ပြည်သူများ မြေစာပင် ဖြစ်ခဲ့ရသည်သာ အဖတ်တင် ပေသည်။ ပြည်သူများ၏ အရှိန်အဟုန်ဖြင့် ကြီးထွားလာနေသော တော်လှန်‌ရေး စိတ်ဓါတ်ကို ရိုက်ချိုး နိုင်ရန် မြေပြင်တွင်လည်း ကျေးရွာ များကို မီးတင်ရှို့လာလေသည်။ စစ်ကောင်စီသည် ရခိုင်ပြည်နယ် မှာကဲ့သို့ ဒေသ များကို “ရှင်းလင်းရန်” လက် အောက်ခံတပ်များကို ညွှန်ကြားခဲ့သည့် အထောက်အထားများကို ဓါတ်ပုံနှင့် တကွ ဖေါ်ပြပြီး ဝါရှင်တန် ပို့စ် သတင်းစာကြီး မှ ဖေါ်ပြခဲ့သည်။ ၎င်းတို့၏ လုပ်ရပ်များကို ဓါတ်ပုံများ၊ ဗီဒီယို ဖိုင်များ နှင့် တကွ သတင်းစာ ကြီးက “Burn it all down” ခေါင်းစဉ်တပ်၍ ရေးသားလာခဲ့သည်။ ထန်တလန် မြို့ လူထု အား ၎င်းတို့ နှင့် ပူးပေါင်းလာခြင်း မရှိက ပြာပုံ ဖြစ်သည်အထိ မီးလောင်တိုက်သွင်း ပြစ်မည်ဟု မြို့လူထုကို ခေါ်ယူ သတိ ပေးခဲ့ပြီး တလ အကြာတွင် မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်ဟု ထန်တလန် ဘုရားကျောင်း မှ သင်းအုပ် ဆရာ တဦး၏ အပြောကိုလည်း ကိုးကား ဖေါ်ပြခဲ့သည်။

 

စစ်ဘေးဒဏ်မှ ထွက်ပြေး တိမ်းရှောင်လာကြသော ဒုက္ခသည်များ အတွက် အကူအညီများ ပေးကြပါရန် NUG မှ နိုင်ငံတကာ သို့ အရေးတကြီး တောင်းဆိုလာသည်။ ထို့အပြင် လေယာဉ်မပျံသန်းရ ဇုံ သတ်မှတ်ပေးရေး အရေးပေါ် အစည်းအဝေး ခေါ်ယူ ပေးပါရန်လည်း လုံခြုံရေး ကောင်စီ သို့ ပန်ကြားခဲ့ပြန်သည်။

 

ငြိမ်းချမ်းရေး မြို့ ဟု ဆိုကာ တခါက ကင်ပွန်းတပ်ပေးခဲ့သော လေးကေကော် မြို့အား စစ်ကောင်စီ တပ်များ ဝင်ရောက် စီးနင်းပြီး လူ အများအပြား အား ဖမ်းဆီးသွားပြီးနောက် ဖြစ်ပေါ်လာသော တိုက်ပွဲများကို ဦးစီးရန် အထူးစစ်ဆင်ရေး ဗျူရို မှ တပ်မှူး ဒုဗိုလ်ချုပ် အောင်စိုး ဆိုသူအား ဦးစီးရန် စေလွှတ်လိုက်သည်။

 

ထိုသို့ စစ်ကောင်စီမှ တိုက်ပွဲ အရှိန် မြှင့်တင်ရန် ကြိုးပမ်းလာခဲ့မှုသည် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ရှန်ဂလာ ရောက်ရှိလာချိန်နှင့် တိုက်ဆိုင်နေပေသည်။

 

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးသည် နိုင်ငံ၏ အရှေ့မြောက် ဒေသအတွင်း သောင်းကျန်းမှု အရှိန် မြင့်တက်လာနေမှု နှင့် မဏိပူရ ပြည်နယ် အတွင်း အာသံ ရိုင်ဖယ် တပ်ရင်းမှူး၊ ဇနီးနှင့် လူမမယ် အရွယ် သားဖြစ်သူ အပါအဝင် အများအပြား သေဆုံးခဲ့ရသော ချုံခိုတိုက်ခိုက်ခံရခြင်း အတွက် စိုးရိမ်မကင်း ဖြစ်ကြောင်းကို စစ်ကောင်စီ ခေါင်းဆောင်များ နှင့် တွေ့ဆုံ စဉ် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

 

ထို့ပြင် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးမှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ပေးရန် တောင်းဆိုမှုကိုလည်း ပယ်ချခြင်း ခံခဲ့ရသည်။

 

အိန္ဒိယ သည် မြန်မာ ဖက်မှ တရုတ်နှင့် ပေါင်းပြီး ကဏ္ဋကောစ လုပ်လာမည့် အရေးကြောင့် မချစ်သော်လည်း အောင့်ကာနမ်းသွားမည် ဟူသော မူ ကို လက်ခံထားဟန်ရှိသည်။

 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စောလျှင်သမျှ အစောဆုံး ပြန်လည် ရရှိရေးအတွက် အိန္ဒိယ မှ အထူး အလေးထား စောင့်ကြည့်နေပြီး ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ အချက် ငါးချက်ပါ ရပ်တည် ချက်ကို အခြေခံပြီး အာဆီယံ၏ ဦးဆောင်ဦးရွက် ပြုနေမှုကို ထောက်ခံကြောင်းလည်း အခြား ခေါင်းဆောင်များ ကဲ့သို့ ပြောရိုးပြောစဉ်မျိုးသာ ပြောဆိုခဲ့သွားခဲ့ပြန်သည်။

 

ထိုသို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ရှန်ဂလာသည် မြန်မာ အရေး နှင့် ပတ်သက်ပြီး အခြား ကမ္ဘာခေါင်းဆောင်များကဲ့သို့ ဂါထာ မန္တာန် များ ရွတ်ဖတ်သွားမှု ကို စစ်ကောင်စီက လေးကေကော့် ဒေသ KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာပြီး မြေပြင်ထိုးစစ်ကြီး ဆင်နွှဲရန် လမ်းခင်းလာနေခြင်း ဖြင့် အဖြေပေးလိုက်ပြီ ဖြစ်သည်။

 

မြန်မာသည် ယခုအခါ နှစ်နိုင်ငံ ပုံစံမျိုး ဖြစ်လာနေသည်။ စစ်တပ်သည် လက်နက်အားကိုး ဖြင့် တနိုင်ငံလုံးကို ထိန်းချုပ်ထားနိုင်သော်လည်း လူထုထောက်ခံမှု ပိုင်းတွင် စိုးစိမျှ မရှိသည့် အဖွဲ့ အဖြစ်သာ ရပ်တည်နေနိုင်စွမ်း ရှိနေသည်။ စစ်အာဏာသိမ်း အဖွဲ့သည် ထိုသို့ လူထု၏ ထောက်ခံမှု ရရှိရန် မည်သို့မျှ စွမ်းဆောင် ခြင်းငှာ မတတ် နိုင်တော့၊ ၎င်းတို့၏ အုပ်ချုပ်ရေး အသက်ဆက်နိုင်ရန် လူထုကို နည်းမျိုးစုံဖြင့် အကြမ်းဖက် ဖိနှိပ်အုပ်ချုပ် သွားမည့် လမ်းကိုသာ ရွေးချယ်ထားရသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Illustration – American University