ရွှေဘုတ် ဖြစ်လာတော့မည်လော

by Hla Soewai - Jan 31 2021

ယနေ့ရရှိသော သတင်း အရ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ ရလဒ် များကို ပြောင်းပြန်လှန်ပြစ်ရန် အင်အားသုံး ခြိမ်းခြောက်မှု မျိုးကို လက်မခံ ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြောခွင့်ရ ပုဂ္ဂိုလ်က ထုတ်ဖေါ် ပြောကြားလိုက်ပြီ ဖြစ်သည်၊ အလားတူ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကလည်း မြန်မာနိုင်ငံ၏ အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်းနှင့် ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာကြရန် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

 

မနေ့က ကြေးမုံသတင်းစာ တွင်တော့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်ဟိုင်း က မြန်မာ တွင် အစိုးရသစ် ဖွဲ့စည်း ဖြစ်ပေါ်လာမည် ကို ကြိုဆိုကြောင်းနှင့် ပြောင်းလဲလာနေသော ကမ္ဘာအခြေအနေ အသစ် ဖြစ်ပေါ်လာမှု များ နှင့်အတူ ဆွေမျိုး ပေါက်ဖေါ် ချစ်ကြည်ရေး စာမျက်နှာ သစ် ဖွင့်လှစ် နိုင်ခဲ့ပြီ အစချီကာ တမျက်နှာပြည့် ဆောင်းပါး ထည့်သွင်း ဖေါ်ပြလိုက်ခြင်းကပင် တရုတ်၏ သဘောထား မည်သို့ ရှိကြောင်း သွယ်ဝိုက် ဖွင့်ဆိုလိုက်ခြင်းဟု အဓိပ္ပါယ်ရပေသည်။ သို့သော် ခက်နေသည်က သူတို့ အဖို့ သွယ်ဝိုက် ပြောသည်များကို ခံယူ နားလည်နိုင်စွမ်း မရှိ ဖြစ်နေပြန်သည်။ အားလုံးကလည်း တတ်နိုင်သမျှ မတော်အောင် ကြိုးစားနေကြရင်းက အကျင့်ပါ ကုန်ကြဟန်တူသည်။

 

တရုတ် အဖို့က မြန်မာပြည်တွင် ပြည်တွင်း မငြိမ်သက်မှု များ ဖြစ်လာပါက ၎င်းတို့သမ္မတကြီး ရှီကျင့်ဖျင်၏ ပိုးလမ်းမ စီမံကိန်းကြီး ပျက်ပြားသွားဖို့သာ ရှိတော့သည်။ တရုတ်သည် နိုင်ငံရေး တည်ငြိမ်မှု ရှိသော လက်ရှိ အစိုးရ အဖွဲ့ကိုသာ ဦးဆောင်စေချင်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်ပင် အနှစ် နှစ်ဆယ်အတွင်း တရုတ် အကြီးအကဲ တဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် လာရောက် အားပေးခဲ့ဖူးသည် မဟုတ်ပါလား၊ ယခု စစ်တပ်၏ လုပ်ရပ်သည် ၎င်း၏ မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်သွားပေလိမ့်မည်။

 

နောက်တချက်မှာ မြန်မာနှင့် နယ်နမိတ်ထိစပ်နေ၍ ပြည်တွင်း မငြိမ်မသက် ဖြစ်လာပါက တရုတ်တို့ ထိန်းချုပ်နိုင်ပါပြီ ဆိုကာ ကမ္ဘာတွင် လက်မထောင်နေသော ကိုဗစ်-၁၉ ၏ ကူးစက်ခြင်းကို တကျော့ပြန်ခံရပေဦးမည်။ မိုင်ပေါင်း ၁,၃၀၀ ကျော် ရှည်လျားသော နယ်နမိတ် မျဉ်းကို မည်သို့မျှ ကာကွယ်နိုင်စွမ်း ရှိမည်မဟုတ်။

 

ရုရှားကလည်း မြန်မာကို စစ်လက်နက် ပစ္စည်းများ ရောင်းချဖို့ကလွဲပြီး ဘူမိနိုင်ငံရေး အနေအထားကို စိတ်လည်း မဝင်စား၊ အကျိုး အမြတ်လည်းရရှိဖို့ မရှိ၊ ပြီးခဲ့သည့် အပတ်ကပင် ဈေးကွက်တွင် မည်သူမျှ မဝယ်သော ဒရုန်းများကို မြန်မာပြည်တွင် ဗွေဆော်ဦး လာရောက် ရောင်းချသွားပြီး ဖြစ်သည်။ ယခုအခါ ပူတင်သည် ရုရှားတွင် မရှူနိုင် မကယ်နိုင် ဖြစ်လာနေသည့် အနေအထားသို့ ဆိုက်ရောက်လာနေပြီ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ခေါင်းဆောင်တိုင်း လိုလိုသည် မြန်မာ စစ်တပ်ကဲ့သို့ ၎င်းတို့ အပေါ် ခြွင်းချက်မရှိ လုပ်ချင်ရာလုပ် သစ္စာခံမည့် စစ်တပ်မျိုး လက်ဝယ် ပိုင်ဆိုင်ထားသည့် အခွင့် အရေး မရရှိကြပေ။

 

ယခုအခါ နိုင်ငံတကာက သတိပေးစကား ပြောလာပြီ ဖြစ်၍ တပ်မတော်သည် သူတို့ ပြောသလို မိုက်ရူးရဲ လုပ်ရပ်အတွက် အီရတ် နှင့် မြောက်ကိုရီယား ကဲ့သို့ ကုလသမဂ္ဂ ဦးဆောင်သည့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု ကြီး နှင့် ပထမဦးဆုံး ထိတ်တိုက်တိုးလာရဖို့ ရှိနေသည်။

 

နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းနေသည်က စာဖတ်သူကြီးပင် ဖြစ်သည်။ စာဖတ်သူကြီး သည် ဆယ်စုနှစ် တခုကျော် အချိန်ယူ ရေးဆွဲထားခဲ့သော ဖွဲ့စည်းပုံ ကြီးကို ဖျက်သိမ်းမည် ဆိုသည့် အရေးကို မည်သို့မျှ မဝေဖန်တော့ဘူးလား၊ ယခု အရေးသည် လတ်တလော အာဏာရရေး အတွက် တစုံတဦး ၏ အဆင်ခြင်မဲ့သော လုပ်ရပ်မျိုး ဖြစ်သည်။ အောင်မြင်သွားမည် ဆိုလျှင် ၎င်း၏ အကျိုး မည်သို့မျှ ယုတ်လျော့သွားစရာ မရှိသည့်အပြင် သူ၏ ရုပ်ထုများပင် မြို့ရွာ အနှံ ထွက်လာနိုင်သေးသည်။ သို့သော် မအောင်မြင်ပါက ဇရာထောင်းချိန်ရောက်မှ မိသားစု ထောင်နန်းစံရဦးတော့ မည့် အရေး ဖြစ်သည်။ အာဏာသိမ်းသည်ဆိုသည်ကလည်း အောင်မြင်ဖို့ ၅၀-၅၀ သာ ဖြစ်ပေမည်။ ထိုသို့သော လောင်းကစားမှု မျိုးကို ၎င်းကိုယ်တိုင် ခွင့်ပြုပါမည်လော။

 

ရွေးကောက်ပွဲ ကော်မရှင်ကလည်း မဲစာရင်းတွင် ချို့ယွင်းချက်များ ရှိသော်လည်း လက်ရှိတွင် မဲဆန္ဒရှင်များ ထံမှ တိုင်တန်း စာ ၉၄ ခု နှင့် ကိုယ်စားလှယ်လောင်းများထံမှ တိုင်တန်းစာ ၁၉၃ ခု လက်ခံရရှိထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ မဲစာရင်းများ ထပ်နေသည် ဆိုသော်လည်း လက်သန်းမှင်စွန်းနေသော လူတဦးသည် မည်သို့မျှ အကြိမ်ကြိမ် မဲပေး၍ မရကြောင်း ဖြင့် ခြောက်မျက်နှာပါ ကြေညာချက်ကို ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။

 

ပြည်သူများ အဖို့က မိမိတို့ တိုင်းပြည်၊ မိမိတို့ သားသမီး မြေးမြစ်များ၏ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်နိုင်ခွင့် ရရှိရေး အတွက် ကပ်ရောဂါဆိုးကြီး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့်ကြားမှ စွန့်စွန့်စားစား မဲပေးခဲ့ကြ၍ မဲလာပေးသူ အရည်အတွက်ပင် စံချိန်တင်သွားခဲ့ရသည့် အထိ တာဝန်ကျေခဲ့ကြသည်။ ယခုအခါ မိမိတို့အား လူ့အောက်သူ့အောက် ကျစေမည့် အမှောင်ထုကြီးထဲသို့ ဆွဲခေါ်ခံရတော့မည်။ အင်တာနက် ဖေ့စ်ဘုတ်များလည်း ဖြတ်တောက်ခံရပြီး ဖေ့စ်ဘုတ် အစား မိမိတို့ မိသားစု စားသောက်နေပုံ၊ အလှပုံများသာ တင်ခွင့်ရတော့မည့် “ရွှေဘုတ်” အဖြစ် အသွင်ပြောင်းသွားပေတော့မည့် အရေးနှင့် ကြုံလာရဖို့ ရှိနေသည်။

 

စစ်တပ်က ထိုအရေး များကို ခေါင်းထဲတွင် ထည့်မထားနိုင်အား၊ နောင်ခါ နောင်လာဈေး ဆိုကာ မည်သို့ အကြောင်းပြရမည်ကိုသာ စဉ်းစားနေသည်။ ၎င်းတို့ အကြောင်းပြချက်ကလည်း မဲစာရင်း အမှား ဟူ၍သာ ပြောနိုင်သည်။ အာဏာမသိမ်းနိုင်ခဲ့လျှင်ပင် ရှေ့လျှောက် ကန့်လန့်တိုက်ကာ ဒုက္ခပေးတော့မည် ဖြစ်သည်။ နိုင်ငံရေး အကျပ်အတည်းကြီးများ အမြဲလို ဖြစ်ပေါ်အောင် ဖန်တီးပေတော့မည်။ ထိုသို့သော နိုင်ငံမျိုးကို မည်သူကကော လာရောက် ရင်းနှီးမြုပ်နှံပေဦးမည်နည်း။ ထိုကဲ့သို့ ဖန်တီးလိုစိတ် ရှိသူများ လုပ်နိုင်ခွင့် ရနေသရွေ့ မည်သို့မျှ ထပ်မံရောက်ရှိလာတော့မည် လည်း မဟုတ်ပေ။

 

လက်ရှိ ဗြိတိန် နှင့် တောင်အာဖရိကတွင် ဖြစ်ပွားနေသော ကူးစက်မြန် ပုံစံပြောင်း ကိုဗစ် သည် တကမ္ဘာလုံးကို ထပ်မံ ခြိမ်းခြောက်လာနေပြီ ဖြစ်၍ ဆင်းရဲသော မြန်မာ နိုင်ငံရှိ ပြည်သူများ အဖို့ ကာကွယ်ဆေး အတွက်ပင် အလှူခံ နေရရှာသဖြင့် ထိတ်လန့်တုန်လှုပ်နေချိန်လည်း ဖြစ်သည်။ ၎င်းတို့၏ အသက်အန္တရာယ် ကို အနီးကပ် ခြိမ်းခြောက်နေသော ကိုဗစ် အရေးကိုပင် မစဉ်းစားနိုင်လောက်အောင် မိုက်လုံးကြီးလာနေကြပြီ ဖြစ်သည်။ ဘယ်လို ပုံစံနှင့် ဆက်၍ အုပ်ချုပ်သွားမည်ဆိုသည်ကိုလည်း ခေါင်းထဲတွင် မရှိကြ။

 

ယခုအခါ ဒို့တာဝန် အရေး သုံးပါး ကို ဦးထိပ်ထားပါသည် ဆိုသော တပ်မတော်သည် ထိုအရေး သုံးပါးကို တစစီ ဆွဲဆုတ် လွှင့်ပြစ်ရန်အထိပင် မိုက်မဲလာနေကြပြီ ဖြစ်သည်။

 

သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးသည့် အခမ်းအနားသို့ ပြုံးပြုံးရွှင်ရွှင် နှင့် လာရောက် အားပေးနေသည့် သတင်းတွေကပင် လူထုအတွက် စိုးရိမ်ကြောင့်ကြနေမှုများကို အထိုက်အလျောက် သက်သာ လျော့ပါးသွားစေခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ ၎င်းတို့ ရင်ဆိုင်နေရသော ကိုဗစ် ကပ်ဆိုးကြီး၏ အန္တရာယ်ကြီးအား သူမထက် ပို၍ ကာကွယ်ပေးနိုင်မည်သူ တဦးတလေကိုမျှ မျက်စိထဲ တွင် ပေါ်လာမည်လည်း မဟုတ်ပေ။

 

ယင်း နှင့် အတူ ယခုလို တိုင်းပြည်သည် ငြိမ်းငြိမ်းချမ်းချမ်း နှင့် တိုးတက်လာနေသည့်အဖြစ်ကို တပ်မတော်သည် လစ်လျူ ရှုကာ တဦးတယောက်၏ အာဏာရရေး အတွက် ဝိုင်းဝန်း ပံ့ပိုးပေးနေသည်ကို ကြည့်ကာ စိတ်မကောင်းခြင်း ကြီးစွာ ဖြင့် စောင့်ကြည့်နေကြမည်သာ ဖြစ်ပေတော့သည်။