တကယ့်လူများ ဟုသာ ပြောရတော့မည်ပင်

by Hla Soewai - Jan 31 2021

ယမန်နေ့ နေ့လည်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး မှ ဖွဲ့စည်းပုံ ဖျက်သိမ်းပြစ်ရမည် ဆိုသော စကား သည် မီဒီယာ များက နားလည်မှု လွဲမှားခြင်းသာ ဖြစ်ကြောင်း တပ်မတော် အရာရှိသင်တန်းသားများကို ဥပမာပေး ခိုင်းနှိုင်းခြင်းသာ ဖြစ်သည်ဟု အစချီပြီး ကြေညာချက်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ နဲ့ ထုတ်ပြန်သွားတဲ့ အတွက် အခြေအနေတွေ ပြန်လည် တည်ငြိမ်စ ပြုလာနေပါတယ်။

 

အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ သင့်တင့်လျှောက်ပတ်တဲ့ ဖြေရှင်းချက် သာ ဖြစ်ပြီး ပြည်သူများက တပ်မတော်သည် ရွေးကောက်ပွဲ အပေါ် ထင်ဟပ်ခဲ့သည့် ပြည်သူဆန္ဒကို လက်ခံသော အဖွဲ့အစည်း တခု အဖြစ် ရှုမြင်လိုကြောင်း ဒေါက်တာ မျိုးညွန့်က ပြောသွားပါတယ်။

 

နိုင်ငံတွင်း ရှိ သံတမန် အဖွဲ့အစည်း များ က စစ်တပ်မှ ယခုလို ခြိမ်းခြောက်လာနေမှုများကို ပြစ်တင်ရှုတ် ချလိုက်ပြီး လူထု ၏ ဆန္ဒ ကို ထင်ဟတ်စေသည့် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် ကြိုးပမ်းမှု မှန်သမျှ ကို ဆန့်ကျင်သွားမည်ဟု တညီတညွတ်တည်း ပြောဆိုလာခဲ့ပြီးနောက် တရက်အကြာမှာ ယခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

 

တကမ္ဘာလုံးရှိ အစိုးရ အသီးသီးက ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကြီး ၏ နောက်တကြိမ် ခြိမ်းခြောက်လာနေသည့် အန္တရာယ်ကြီးမှ သူတို့၏ နိုင်ငံသားများအား အကာအကွယ်ပေးနိုင်ရန် အကြောက်အကန် ရုန်းကန် နေရချိန် တွင်တော့ မြန်မာ့ တပ်မတော်သည် မဲစာရင်းမှား၍ ဆိုကာ အာဏာသိမ်းရန် ကြံစည်လာနေသည် အဖြစ်ကို ရင်သပ်ရှုမော အံ့ဩ မဆုံး ဖြစ်ကြမှာလည်း ဧကန်မလွဲပါဘဲ။

 

၎င်းတို့အဖို့က ၁၉၅၈ တွင် ဗိုလ်နေဝင်းက ဦးနုထံမှ ထိုကဲ့သို့ အင်အားပြ ခြိမ်းခြောက်ရယူကာ အလွယ်တကူပဲ အိမ်စောင့်အစိုးရ ပုံစံမျိုး နဲ့ အာဏာ ရယူခဲ့ဖူးပါတယ်။ ကြေးမုံ ဦးသောင်း ၏ “ဘီလူးတို့ ရွာ” စာအုပ်တွင် ယခုလို ဖေါ်ပြထားခဲ့ပါတယ်။

 

“၁၉၅၈ ခု၊ စက်တင်ဘာ (၂၆) ရက်နေ့တွင် ဝင်ဒါမီယာ ရပ်ကွက်တွင်ရှိသော ဝန်ကြီးချုပ်ရုံးနှင့် အိမ်ကို အမြှောက်နှင့် ချိန်ရွယ်ထားပြီး ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီး အောင်ကြီးနှင့် ဗိုလ်မှူးကြီး တင်ဖေတို့ကို ကိုယ်စားလှယ်စေလွှတ်ကာ သန့်ရှင်း အစိုးရသည် အခြေခံ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကြီး၏ အနှစ်သာရကို ဖောက်ဖျက်နေသဖြင့် တပ်မတော်က သည်းမခံနိုင်ဟု တင်ပြစေသည်။

 

ဦးနုမှ “အာဏာသိမ်းတယ်ဆိုတာ လူကြားလို့ မကောင်းပါဘူး”… ဆိုကာ လွှဲပေးခဲ့ခြင်းပင် ဖြစ်ပါတယ်။ ယခုလည်း ထိုပုံစံအတိုင်း သမ္မတရာထူးကို အင်အားပြကာ အတင်းခြိမ်းခြောက် တောင်းယူရန် ကြံစည် လာခြင်းလည်း ဖြစ်ပါတယ်။

 

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ဦးနု မဟုတ်၊ နိုင်ငံတကာက လေးစားရသော Statesman တယောက် ဖြစ်နေသူပင်၊ ဒီလို လေးစားခြင်း သည် အကြောင်းမဲ့ မဟုတ် ဆိုသည်ကို ပြည်သူ တရပ်လုံးက ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ပို၍ပင် သိရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာ မက်မောသူ မဟုတ်သည့် အပြင် သားသမီး ဆွေမျိုး တသိုက်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်လည်း မရှိ၊ ဒီလိုလူမျိုးကို အင်အားပြ ခြိမ်းခြောက်၍ မည်သို့များ မှုပေမည်နည်း။ ယခုလည်း ဒီလို အန္တရာယ်ကြီး နဲ့ ကြုံလာသည့် အခိုက် ခေါင်းအေးအေး နဲ့ ပြည်သူများ ရှေ့မှာ မားမားရပ်ပြသွားနိုင်ခဲ့ပါတယ်။

 

၎င်းတို့ တချက် လှုပ်လာတိုင်း လူထုကြီးမှ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံမှု ပိုတိုးလာအောင် လုပ်ပေးသလို ဖြစ်နေပါတယ်။ ဒါတွင် မကသေး ယခင်က မြန်မာပြည်သည် ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်လှမ်းနေပြီ ဆိုကာ အစိုးရ အပေါ် နည်းမျိုးစုံ နဲ့ တတ်သရွေ့ မှတ်သရွေ့ ဝေဖန်လာနေသူများလည်း ယခုလို တစ္ဆေကြီး တင်းပုတ်ကိုင်ကာ အကောင်အထည် ပြလာမှပင် အိပ်ယာမှ လန့်နိုးလာသလို ဖြစ်သွားခဲ့ကြတာလည်း အမြတ် ထွက်ခဲ့ပြန်ပါတယ်။

 

နောက်တကြောင်းမှာ တဦးတယောက်၏ ဆန္ဒအတွက် ပြည်သူတရပ်လုံးကို ကန္တေကောစ လုပ်ပြီး ဝိုင်းဝန်း ပံ့ပိုးပေးနေကြတဲ့ တပ်မတော် အရာရှိကြီးများ၏ ဆင်ခြင်တုံတရား မဲ့မှု နှင့် တိုင်းပြည်၏ ရှေ့ရေးကို လားလားမျှပင် စဉ်းစားနိုင်စွမ်း မရှိမှုကိုလည်း ပြည်သူတရပ်လုံးက အထိတ်တလန့် သိမြင်ခွင့်ရသွားခဲ့ပြန်ပါတယ်။ ယခုလုပ်ရပ်တွင် တပ်မတော်အတွက် မည်သို့များ အကျိုးအမြတ် ထွက်လာခဲ့ပေသနည်း၊ ခုတ်ရာတလွဲ ရှရာတခြား ဖြစ်ကာ တပ်မတော်ကို အားနည်းသည်ထက် နည်းအောင် ဖန်တီးပေးနေသလို ဖြစ်လာခဲ့ရုံမက လူထု၏ မုန်းတီးမှုကို တန်ဖိုးကြီးကြီး ပေးကာ ဝယ်ယူခဲ့ရပြီ ဖြစ်ပါတယ်။ အများပြည်သူတို့၏ ကောင်းကျိုးချမ်းသာ အတွက် ဘာတခုမျှ ထိထိရောက်ရောက် လုပ်မပေးသည့် အပြင် ၎င်းတို့ အာဏာ တည်မြဲရေး ဆိုသည့် ကွက်ကွက်ကလေးလောက်သာ မျက်မွှေးတဆုံး ကြည့်တတ်သူများ ပီပီ မှော်ရူး နတ်ရူးများ နှင့် ပေါင်းကာ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစား ပြုနေပြီး အများပြည်သူတို့၏ အကျိုးစီးပွား ကို ဖျက်လိုဖျက်ဆီးပင် လုပ်ရန်အထိ မိုက်မဲစွာ ကြံစည်လာခဲ့ကြပြီ ဖြစ်ပါတယ်။

 

၎င်းတို့ လုပ်ရပ်ကြောင့် တမျိုးသားလုံး အန္တရာယ်ကြီး ကျရောက်တော့မည့် အရေးကို နားလည်နေကြပြီ ဖြစ်သော ပြည်သူတရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်လာခဲ့သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကပင် လက်မခံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

 

ထို့အတွက်လည်း နောက်ကြောင်း ပြန်ဆုပ်သွားကြခြင်းသာ ဖြစ်သဖြင့် သတိဝိရိယ ထားကာ စောင့်ကြည့် နေကြရမှာ ဖြစ်ပါတယ်။ ယခုအခါတွင်တော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက် ထိုးနှံသွားကြပြီ ဖြစ်ပါတယ်။

 

ထိုသို့ တင့်ကားများ ပတ်ပတ်လည် ချထားသည့် အကြားမှ ခေါင်းဆောင် ဖြစ်သူ၏ စကားကို နားထောင်ပြီး စိတ်လိုက်မာန်ပါ တုန့်ပြန်ခြင်း မရှိ၊ ပြည်သူများက ပုခုံးပေါ် လွှဲပြောင်းတင်ပေးလိုက်သော တာဝန်ကြီးကို ထမ်းဆောင်ရန်သာ နေပြည်တော်သို့ မမှိတ်မသုံ တည်ငြိမ်စွာ ဖြင့် လာရောက် စုရုံးခဲ့ကြသော ပြည်သူ့ ကိုယ်စား လှယ်များကို လည်း ချီးကျူးကြရမည်သာ ဖြစ်ပါတယ်။

 

မည်သို့ပင် ဖြစ်စေ ပြည်သူတို့ မျှော်လင့် စောင့်စားနေသည့် ပြည်ထောင်စု လွှတ်တော်ကြီး အောင်မြင်စွာ ကျင်းပလာနိုင်သည်နှင့် အမျှ စိတ်သစ် လူသစ် ဖြင့် ထွက်ပေါ်လာမည်ဟု ယူဆရသည့် တပ်မတော် သစ်ကြီးနှင့် အတူ လက်တွဲ၍ ကျွန်တော် ည က တင်ထားသည့် ကမ်မလာ ဟာရစ်၏ စာအုပ်နိဒန်းတွင် ဖေါ်ပြထားသည့် သာဂူး မာရှယ်၏ မိန့်ခွန်း အတိုင်း နိုင်ငံတော် နှင့် ပြည်သူများ တိုးတက် စည်ပင် ဝပြောရေး အတွက် လက်တွဲ တည်ဆောက်သွားကြပါစို့။

 

“ကျွန်တော်တို့ ငှက်ကုလားအုပ်လို အန္တရာယ်နဲ့ ကြုံလာတိုင်း မြေကြီးထဲ ခေါင်းတိုး ဝင်ပုန်းနေလို့ မရဘူး၊ ဒီမိုကရေစီ ဆိုတာ အကြောက်တရား ရှိနေသရွေ့ ရှင်သန်နိုင်မှာ မဟုတ်ဘူး၊ လွတ်လပ်ခြင်းတရားသည် အမုန်းတရားကြားက ပေါက်ဖွားမလာနိုင်ဘူး၊ တရားမျှတရေး သည် ဒေါသမာန်တွေ ကြားမှာ အမြစ်မတွယ်နိုင်ဘူး၊ အမေရိကား အဖို့ အလုပ်လုပ်ကြရတော့မယ်၊ တုံဏှိဘာဝေ နေမှုတွေကို ဆန့်ကျင်ကြရမယ်၊ စိတ်မပါ့တပါနဲ့လည်း လုပ်လို့ မရဘူး၊ အကြောက်တရား၊ အမုန်းတရား တွေနဲ့ မယုံကြည်မှုတွေ အားလုံးကို ခဝါချပြစ်ကြရမယ်”