နိုင်ငံတော်ကို ဖေါက်ခွဲရန် ကြံစည်မှုကြီး

by Hla Soewai - Jan 29 2021

Coup ဆိုသည်ကား ပြင်သစ်စကား ဖြစ်သည့် Coup d’ etat မှ ဆင်းသက်လာခြင်း ဖြစ်ပြီး အဓိပ္ပါယ်မှာ “blow of state” နိုင်ငံတော်ကို ဖေါက်ခွဲမှု ကြီး ဟူ၍ ပင် ဖြစ်သည်။

 

ကမ္ဘာ ပေါ်တွင် တောင်ဗီယက်နမ်မှ လွဲ၍ အာဏာသိမ်းပွဲ ဟူသမျှသည် ည တွင် လျှပ်တပြက် ဆင်နွှဲကြခြင်း ဖြစ်သည်။ သတင်းမပေါက်ကြားအောင်လည်း အထူးလျို့ဝှက်ထားကြရသည်။ ဗိုလ်နေဝင်းသည် မတ်လ ၁ ရက်နေ့ညက တရုတ်ယဉ်ကျေးမှု ကဇာတ် ကြည့်ချင်ယောင်ဆောင်ပြီး ဟန်မပျက် နေပြခဲ့ရသည်။

 

မြန်မာတွင်တော့ အာဏာသိမ်းမည်ဟု သတင်းစာ ရှင်းလင်းပွဲ ခေါ်ယူ ကျင်းပကာ သတိပေးလာခဲ့ရသည့် အထိ မကြုံစဖူး အဖြစ်ရောက်လာခဲ့သည်။

 

ပြည်သူများမှ တခဲနက် ရွေးချယ် ထောက်ခံခဲ့ကြသော လူထု အစိုးရ ကို လက်နက်အားကိုးဖြင့် ဗြောင်ကျကျ ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။ စာအုပ် အစိမ်းကြီးတွင် အမျိုးသား နိုင်ငံရေး ကို တပ်မတော်သည် ဦးဆောင်မှု အခန်း မှ ပါဝင်ရမည်ဟူသော စကားတလုံးဖြင့် တိုင်းပြည်အာဏာကို ၎င်းတို့၏ ဘိုးစဉ်ဘောင်ဆက် အမွေရထားသည့်အလား မှတ်ယူနေကြသူများ ဖြစ်သည်။

 

ယခုအခါ ၎င်းတို့၏ အာဏာသိမ်းရန် ခြိမ်းခြောက်မှုကြီးသည် တကမ္ဘာလုံး သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ထိုသို့အဖြစ်သည် ဤကမ္ဘာမြေမဟီတွင် မြန်မာ တနိုင်ငံထဲသာ ရှိမည်ဟု သေချာပေါက် ပြောရဲသည်။ သတင်းစာ ရှင်းလင်းပွဲ ကို တိုက်ရိုက် ထုတ်လွှင့်ရာတွင် စခရင် ပေါ်သို့ တက်လာသည့် ha..ha များနှင့် အပြည့်ဖြစ်နေသည်။ မန့်များမှာလည်း ဖတ်ပင် မဖတ်ရဲလောက်အောင် ပြင်းထန်လှသည်။ ကာယကံရှင်များကတော့ မည်သို့ နေမည် မသိ၊ မည်သို့မျှ မနေလျှင် အရေထူလွန်းလှသည်ဟု ဆိုရမည် ဖြစ်သည်။

 

၂၀၁၁ တွင် ဂျိုနသန် ပါဝဲလ် ဆိုသူမှ Journal of Peace Research တွင် တင်သွင်းခဲ့သော “Global Instances of Coups from 1950 to 2010” စာတမ်းတွင် ၁၉၅၀ မှ ၂၀၁၀ တွင် အာဏာသိမ်းပွဲပေါင်း ၄၅၇ ကြိမ် ဖြစ်ခဲ့သော်လည်း တဝက်နည်းပါး သာ အောင်မြင်ခဲ့သည်ဟု ဆိုသည်။ များသော အားဖြင့် အာဖရိက နိုင်ငံများတွင် ဖြစ်သည်။

 

အာဏာသိမ်းမည်ပဲထား၊ တတိုင်းပြည်လုံးက အမေစု..အမေစု ဖြင့် ချစ်စနိုး ခေါ်ဝေါ်နေကြသော နိုင်ငံတော် အတိုင်ပင်ခံ ကို မည်သို့ ကိုင်တွယ်ကြမည်နည်း။ သူမ၏ နောက်တွင် တနိုင်ငံလုံး ရှိ ပြည်သူ ၉၀% ကျော်က မားမားမတ်မတ် ရပ်တည်ပေးနေကြသည်။

 

တနိုင်ငံလုံး ငြိမ်ဝပ်ပိပြားရေး ကို အနယ်နယ် ရှိ တပ်များ ထုတ်နှုတ် ရွှေ့ပြောင်း၍ ထိန်းသိမ်းရမည့် တာဝန်ကြီး၊ ရပ်ကွက် မြို့ရွာများ တွင် လူအချင်းချင်း အကြမ်းဖက်မှုကြီးက ဖြစ်ပေါ်လာမည်မှာ ကျိန်းသေလှပြီး တနိုင်ငံလုံး ထိန်းမရ သိမ်းမရ ဖြစ်လာမည်။

 

အဆိုပါ တပ်မှူးများ အတွင်း မိမိအပေါ် မည်မျှ အထိ သစ္စာစောင့်သိကြပေမည်နည်း။ တနိုင်ငံလုံး အုံကြွမှုကြီး နှင့် ကြုံလာရသည့် အချိန်တွင် တပ်တတပ်မှ ပြည်သူများဖက် ပါသွားပြီ ဆိုသည်နှင့် ဒိုမီနို အလား ဆင့်ကဲဆင့်ကဲ ပြိုဆင်းသွားပေဦးမည်။ ထိုသို့ဖြစ်လာပါက ဆီရီယား ကဲ့သို့ ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်လောင် လာပေတော့မည်။

 

ဆီရီယား ပြည်တွင်းစစ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူထုကြီးအား သေနတ်နှင့် ရက်ရက်စက်စက် စတင် ပစ်ခတ်ရာမှ တပ်ရင်း အချို့ ဘက်ပြောင်းခဲ့ပြီး စတင်လာခဲ့ခြင်းပင် ဖြစ်သည်။

 

ဆီရီးယားကဲ့သို့ ဖြစ်လာလျှင် ပြည်ပ နိုင်ငံများ ပါဝင် ပတ်သက်လာမည်။ ၎င်းတို့ အကျပ်ရိုက်နေမှုကို အခွင့်ကောင်း ယူပြီး တိုင်းရင်းသား လက်နက်ကိုင်များက လွတ်မြောက်နယ်မြေ များ ဆိုကာ သူတလူ ငါတမင်း ဗိုလ်လုပ်လာကြပေမည်။ ဘင်္ဂလားဒေ့ရှ်ကလည်း နယ်စပ် မတော်တဆ ဖြစ်မှုကို အကြောင်းပြခြင်းဖြင့် ဝင်ရောက် တိုက်ခိုက်ပြီး “ရို” နိုင်ငံကြီး ဖြစ်ပေါ်လာပေတော့မည်။ တရုတ်မှ ဒုက္ခသည်များ ၎င်းတို့ နိုင်ငံထဲ ဝင်ရောက်လာမည့် အရေးကြောင့် လက်ဦးမှု ယူပြီး နိုင်ငံထဲ ကျူးကျော်ကာ safe zone များ ထူထောင် လာကြပေမည်။

 

စပိန်ပါလီမာန်ထဲသို့ စစ်တပ်မှ ဝင်ရောက်စီးနင်းကာ အာဏာသိမ်းမှုကြီးကို ၁၉၈၁ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သဖြင့် စပိန်ပြည်သူများ၏ မမေ့နိုင်သော ကြေကွဲဖွယ်ရာ ဖြစ်ရပ်ကြီး အား 23-F ဟု အတိုကောက် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ပါလီမာန် အမတ်များကို နာရီ ၂၀ ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပါလီမာန် အဆောက်အဦး၏ မျက်နှာကြက်များ တွင် ခြိမ်းခြောက် ပစ်ခတ်လိုက်သည့် သေနတ်ကျည်ဆံများနှင့် ဗလပွ ဖြစ်ကျန်ခဲ့သည်။ လမ်းများ ပေါ်တွင်လည်း တင့်ကားများ တဂျိမ်းဂျိမ်း နှင့် ဖြစ်နေသည်။ နောက်ဆုံးတွင် မိမိတို့ ရရှိထားသော ခြောက်လတာ သက်တမ်းရှိ ဒီမိုကရေစီ အသက်နှင့် ခုခံကာကွယ်သွားမည်ဟူသော ပြည်သူတို့၏ ပြင်းပြသော စိတ်ကြောင့် အာဏာသိမ်း ခေါင်းဆောင်တို့ လက်နက်ချခဲ့ကြရပြီး စစ်သားများလည်း လွတ်ရာ ကျွတ်ရာသို့ ပြတင်းပေါက်မှ ခုန်ချထွက်ပြေးသွားခြင်း ဖြင့် အဆုံးသတ်သွားခဲ့ရပေသည်။ (ပုံတွင်တွေ့နိုင်သည်)

 

နောက်တကြောင်းမှာ ကမ္ဘာ အလယ်တွင် တရားဝင် အစိုးရ အဖြစ် မည်ကဲ့သို့ ရပ်တည်ကြပေမည်နည်း၊ မည်သူကမျှလည်း ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ လက်နက်အားကိုးဖြင့် ဗိုလ်ကျလာသော အဖွဲ့အား တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုမည်နည်း၊ သူရူးသာလျှင် ပြုဖို့ ရှိပေမည်။

 

ပထမဆုံး ကုလသမဂ္ဂမှ ကုန်သွယ်ရေး အပါအဝင် ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ကာ ဒဏ်ခတ်မှုများ နှင့် စတင်ရင်ဆိုင်ရပေမည်။ ထိုအရေးကို ထရန့်က လစ်လျူရှုကောင်း ရှုနိုင်သော်လည်း ဘိုင်ဒင်ကတော့ သူကိုယ်တိုင် ခံထားခဲ့ရပြီး ဖြစ်၍ ပြင်းထန်စွာ တုန့်ပြန်လာမည်ကား အသေအချာပင် ဖြစ်သည်။ ဆက်ဒမ် ဟူစိန် လက်ထက်တွင် အီရတ် ဆိုက ပြည်သူများ အတွက် မရှိမဖြစ် လိုအပ်သော စားကုန်များ၊ ဆေးဝါးများ၊ စက်ရုံများလည်ပတ်နိုင်ရန် အပိုပစ္စည်းများ ဝယ်ယူတင်သွင်းခွင့် ရဖို့ပင် ကုလသမဂ္ဂရှိ ဆန်းရှင်း ကော်မတီ ထံမှ ကြိုတင် ခွင့်ပြုချက် တောင်းခံခဲ့ရသည်။ တောင်းခံ ပြန်တော့လည်း ဗျူရိုကရေစီ ကြိုးနီစနစ်ကြောင့် တခါတရံ ခြောက်လ တနှစ်ပင် ကြာမြင့်ခဲ့ရသည်။

 

၎င်းတို့အဖို့ကား မည်သို့မျှ မနေ၊ ပန်းပန်လျှက်ပင် ရှိနေမည် ဖြစ်သည်။ အတိဒုက္ခရောက်ကြရမည်ကား ပြည်သူများပင် ဖြစ်သည်။

 

ထိုအရေးများ မဖြစ်နိုင်လောက်ဟု မည်သူပြောရဲပေသနည်း။

 

ထိုသို့သော အရေးများကို တွက်ဆမိပြီးသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် စစ်တပ်၏ ခြိမ်းခြောက်မှု ကို အရေးလုပ်စရာ မလိုဟု သဘောထားနိုင်သော်လည်း မိမိတို့ ရင်ဆိုင်နေရသည်ကား တွေးတော ဆင်ခြင်တတ်သူများနှင့် မဟုတ်၊ လက်နက်အားကိုးဖြင့် ဗိုလ်ကျနိုင်ဖို့လောက်သာ စိတ်ကူးနေသူများ ဖြစ်၍ သတိ ဝီရိယ ရှိစွာဖြင့် နေသင့်ပေသည်။ ဤအရေးမှာ တနိုင်ငံလုံး ပေါက်ကွဲထွက်သွားမည့် အရေးလည်း ဖြစ်နေသည်။

 

ပြည်သူများဖက်က မိမိတို့ အစိုးရ၏ ဦးဆောင်မှု အောက်တွင် စုစည်းစွာ ရပ်တည်သွားပြီး ဆင်ထားသော အကွက်ထဲ ဝင်မသွားရန် စိတ်လိုက်မာန်ပါ မတုန့်ပြန်ဖို့ လိုသည်၊