(၂၀၂၁ ဇန်နဝါရီ ၂၅ ရက်နေ့ Nikkei Asia Review ပါ သောမတ်စ် ကိန်း ၏ Myanmar’s Rakhine problem is a domestic and international challenge ဆောင်းပါးကို ပြန်ဆိုသည်။ သောမတ်စ် ကိန်းသည် ရန်ကုန်တွင် အခြေစိုက်သည့် နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ (International Crisis Group) ၏ အတိုင်ပင်ခံ တဦး နှင့် Frontier Myanmar ၏ အယ်ဒီတာချုပ်လည်း ဖြစ်သည်)
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာ အတော်များများက ခန့်မှန်း နိုင်ခဲ့သည်ချည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့မှု၊ စစ်တပ်နှင့် မဟာမိတ်ပြုထားသော အတိုက်အခံများဖက်မှ ရွေးကောက်ပွဲ မသမာမှုများ ရှိနေသည်ဟူသော စွပ်စွဲလာမှုများ နှင့် တိုင်းရင်းသား ပါတီများမှ စိတ်ပျက်ဖွယ် ကောင်းလောက်အောင်၊ ထင်ထားသလောက် အောင်မြင်ခဲ့မှုများ ထွက်ပေါ်လာခဲ့ခြင်းမရှိ တို့ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲကြောင့် ဆယ်စုနှစ်ပေါင်း များစွာ အတွင်း အပြင်းထန်ဆုံး ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းသွားလိမ့်မည် ဆိုသည်ကိုတော့ ခန့်မှန်းသည့် အထဲတွင် မပါဝင်ခဲ့ပေ။
ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း တပ်မတော် နှင့် အေအေ လက်နက်ကိုင် တပ်များ အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နှစ်ဖက်စလုံး ထောင်နှင့် ချီ၍ သေဆုံးခဲ့ကြရပြီး ရခိုင် နှင့် ချင်းပြည်နယ်များရှိ သိန်းချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
ယမန်နှစ် မတ်လအတွင်း အစိုးရမှ အေအေ ကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခဲ့ပြန်သည့် အတွက် ငြိမ်းချမ်းရေး အလားအလာများ အလှမ်းဝေးသွားခဲ့ရသည်။ ထို့အပြင် ရွေးကော်မှ ရခိုင်ပြည်နယ် အတွင်းရှိ နေရာအတော်များများ တွင် ရွေးကောက်ပွဲကျင်းပရန် ပယ်ဖျက်ခဲ့မှုကြောင့် ပဋိပက္ခသည် ပိုမို နက်ရှိုင်းသွား ရပြန်သည်။
သို့သော် ရွေးကောက်ပွဲ အပြီး ရက်အနည်းငယ်အတွင်းမှာပင် တပ်မတော် နှင့် အေအေ မှ အဆိုပါ ဒေသများ တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် အတိုင်အဖေါက်ညီညီ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုထက်ပို၍ သိသာလာသည့် အချက်ကတော့ ထိလွယ် ခိုက်လွယ်သော အပြစ်အခတ် ရပ်စဲရေး သဘောတူညီချက်နှင့်အတူ သေနတ်သံများ တိတ်ဆိတ်သွားခဲ့ခြင်းပင် ဖြစ်သည်။ အလွတ်သဘော အပြစ်အခတ်ရပ်စဲထားမှုသည် နှစ်လ ကြာမြင့်သည်အထိ ခိုင်မြဲလာခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် သိန်းချီသော အရပ်သားများ နေရပ်သို့ ပြန်လာနိုင်ခွင့် ရသွားခဲ့သည်။ ထိုအတောအတွင်း ပဋိပက္ခ အဆုံးသတ်ရေး အတွက် နောက်ထပ် ခြေလှမ်း တရပ်အနေဖြင့် နှစ်ဖက် ကိုယ်စားလှယ်များ သုံးကြိမ်တိုင်တိုင် ဆွေးနွေးဖြစ်ခဲ့ကြသည်။
စိတ်ချရသည့် အဆင့်အထိ မရောက်နိုင်သေးသည့် ငြိမ်းချမ်းရေး တွင် အဓိက အခန်းမှ ပါဝင်လာခဲ့သူမှာ ဂျပန်ပင် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်င်ငံ ဆိုင်ရာ ဂျပန် သံတမန် ယိုဟီ ဆာဆာကာဝါ ကြောင့်ဟု ဆိုရမည်။ ထိုကဲ့သို့ လွန်စွာ အရေးပါသော ပြဿနာကြီးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၎င်းနှင့် ဆွေးနွေးရန် လိုလိုလားလား ရှိခဲ့ခြင်းမှာလည်း ပုဂ္ဂိုလ်ရေး အရ ယုံကြည်မှု ရှိခဲ့သည့်အပြင် နိုင်ငံရေး သဘောအရ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်သည် မြန်မာ၏ လူမျိုးစု လက်နက်ကိုင် ပဋိပက္ခများတွင် ကာလကြာမြင့်စွာ ဩဇာသက်ရောက်မှု ရှိနေခဲ့မှုကြောင့် ဖျန်ဖြေသူ ဖြစ်လာခဲ့ခြင်းမှာလည်း သဘာဝကျပေသည်။ သို့သော် စစ်တပ်အကြီးအကဲ ဖြစ်သူသည် တရုတ် နိုင်ငံလုပ် လက်နက်များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လက်ဝယ်တွင် ကြိမ်ဖန်များစွာ တွေ့လာရမှု အပေါ် စိတ်ပျက်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ထို့သို့သော အခြေ အနေများကြားတွင် ဂျပန် ပါဝင်လာမှု ကြောင့် ဘီဂျင်းသည် နေမထိ ထိုင်မသာ ဖြစ်နေမည်မှာ သေချာ လှပေသည်။
ယခုအချိန်ထိ အေအေ နှင့် ဆွေးနွေးပွဲများတွင် ဂျပန်၏ ကဏ္ဍ နှင့် ပတ်သက်၍ လူသိရှင်ကြား ပြောဆိုခြင်း မရှိသေးပေ။ သို့သော် မကြာမီ က မြန်မာသို့ ရောက်ရှိလာခဲ့သည် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ ခရီးစဉ်အတွင်း ထိုအရေးအပေါ် သေချာပေါက် ပြောဆိုမည် ဖြစ်သော်လည်း ထွက်ပေါ်လာသည့် ကြေညာ ချက်များ တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ မရေမရာသာ ရည်ညွှန်းဖေါ်ပြထားခဲ့သည်။
အေအေ နှင့် စစ်တပ်အကြား မထင်မှတ်ဘဲ သဘောတူညီမှု ရလာခဲ့ကြသော်လည်း လွှတ်တော် အသစ် ပြန်လည် စတင်ရန် ရှိနေသည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရန် အချိန်မကျန် တော့ပေ။ ထို့အတွက်ကြောင့် ပို၍အရေးပါသော ရည်မှန်းချက် ရရှိအောင် ဆက်လက်ပြုလုပ်ရေး အတွက် အဟန့်အတား မဖြစ်သင့်ဘဲ နှစ်လကြာ တည်မြဲခဲ့သည့် အပြစ်အခတ် ရပ်စဲရေးကို တရားဝင် ဖြစ်အောင် ဆက်လက်ကြိုးပမ်းသင့်လှပေသည်။
လက်ရှိ တင်းမာမှု လျော့ကျသွားခဲ့သည့် အနေအထားသည် နှစ်နှစ်အတွင်း ရတောင့်ရခဲ အခွင့်အရေး တခုလည်း ဖြစ်သည်။ နှစ်ဖက်စလုံးက အဆိုပါ အနေအထားကို ထိခိုက်ပျက်ပြားစေမည့် အပြောအဆို များ ရှောင်ရှား ခဲ့ကြပြီး လိုက်လျောမှုများ စတင် ပြုလုပ်လာကြပြီ ဖြစ်သည်။ အေအေ သည် ဇန်နဝါရီ ၁ ရက်နေ့တွင် အောက်တိုဘာလအတွင်း က ၎င်းတို့ ဖမ်းဆီး ခေါ်ဆောင်သွားသော NLD ကိုယ်စားလှယ် သုံးဦးကို အစောပိုင်းက ဖမ်းဆီးထားသော စစ်သားသုံးဦးနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။ တပ်မတော်ဖက်ကလည်း ၎င်းတို့အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားသည့်ကြားမှ တွေ့ဆုံရန် သဘောတူခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်သူများ၏ စားဝတ်နေရေး နှင့် အသက်မွေးဝမ်းကျောင်းမှုများ အတွက်၊ ပို၍ ကျယ်ပြန့် သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ပါ အရေးကြီးသည့် အနေအထားတွင် ရှိနေပေသည်။ အေအေ နှင့် ၎င်း၏ မဟာမိတ်များအား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မှ ဖယ်ထုတ်ထားခဲ့မှုများ ကြောင့် နိုင်ငံတွင်းရှိ လက်နက်ကိုင် အုပ်စုများသာ ကွဲပြားသွားခဲ့ရသည်။ ဖယ်ထုတ်ခံထားရသော အဖွဲ့များက ၂၀၁၅ ခုနှစ် နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ် ရပ်စဲရေး သဘောတူညီချက်များတွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသဖြင့် နိုင်ငံတွင်း ရှိ လက်နက်ကိုင် အဖွဲ့ စုစုပေါင်း၏ တဝက်ခန့်ပင် မရှိသော အဖွဲ့များနှင့်သာ သဘောတူညီချက် ရရှိခဲ့သည်။ တရားဝင် အပြစ်အခတ် ရပ်စဲရေး ရရှိလာမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယ သက်တမ်း အတွင်း ပြန်လည် အသက်သွင်းလာရန် ရှိနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အရှိန်အဟုန် ရလာမည်လည်း ဖြစ်သည်။
သို့သော် NLD ခေါင်းဆောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်အကြား နိုင်ငံရေး အားပြိုင်မှုများ ဆိုးဝါးသည့် အဆင့်အထိ ရောက်လာခဲ့ခြင်းကြောင့် ထိုအခွင့်အရေးကို ဖျက်လိုဖျက်ဆီး လုပ်ခံရမည့် အနေအထား ဖြစ်လာခဲ့ရသည်။ နိုင်ငံကို ဦးဆောင်နေသည့် အဖွဲ့အစည်း နှစ်ခု ၏ ခေါင်းဆောင်များအကြား နှစ်ပေါင်းများစွာ အတွင်း စကားဟူ၍ မယ်မယ်ရရ ပြောဆိုခြင်းမျိုး မတွေ့ခဲ့ရသဖြင့် တင်းမာမှုများ တိုးမြှင့်လာဖွယ် ရှိသည်။ စစ်တပ် အကြီးအကဲသည် လာမည့် ဇွန်လ အတွင်း အနားယူရန်ရှိနေပြီး သူ၏ အနာဂတ် အရေးနှင့် ပတ်သက်ပြီး သဲသဲကွဲကွဲ မရှိလှပြန်ပေ။ သူ့တွင် နိုင်ငံရေးအရ ရည်မှန်းချက်များ ရှိနေကြောင်း ရည်ညွှန်းပြောဆိုမှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲတွင် NLD မှ အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့မှုကြောင့် နိုင်ငံ၏ သမ္မတ ရာထူးအထိ တက်လှမ်းရန် အကြံအစည်များလည်း ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားခဲ့ရသည်။
၎င်း၏ အနာဂတ် အရေး နှင့် ပတ်သက်၍ မရေရာမှုများ ရှိနေသော်လည်း ရွေးကောက်ပွဲ နောက်ပိုင်းမှစ၍ နိုင်ငံရေး တွင် တက်ကြွစွာ ဆက်လက်ရှိနေခဲ့ပြီး ရွေးကောက်ပွဲ မသမာမှုများ ရှိနေသည်ဟု ဆက်လက် သွေးထိုးပေးနေခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ကို ပြန်လည် ဖွဲ့စည်းလာခြင်း၊ ဘာသာရေး နှင့် လူမျိုးစု ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခြင်းများ ဆက်၍ ပြုလုပ်နေမြဲ ဖြစ်သည်။
ထိုသို့သော အနေအထားများကြောင့် စစ်တပ်နှင့် အေအေ အကြား ရုတ်ခြည်း ဆွေးနွေးပွဲများ ပြုလုပ်လာခဲ့ခြင်း အပေါ် NLD ခေါင်းဆောင်ပိုင်းက သံသယ များ တိုးပွားလာခဲ့ရသည်။ မင်းအောင်လှိုင်မှ ၎င်းသည်သာ တိုင်းရင်းသား လူနည်းစုများနှင့် ငြိမ်းချမ်းရေး ရအောင် ဖေါ်ဆောင်ပေးနိုင်သူ ဖြစ်ပြီး NLD သည် အဟန့်အတား ဖြစ်အောင် လုပ်နေသည်ဟု ထင်မြင်လာအောင် ဖန်တီးနေသည်ဟု အတွေးဝင်လာခဲ့ကြသည်။ သို့သော် ရခိုင်တွင် ရေရှည် တည်တံ့ ခိုင်မြဲမည့် အပြစ်အခတ် ရပ်စဲရေး ရရှိနိုင်မည်ဆိုက NLD အတွက် အကျိုးအမြတ်များစွာ ထွက်ပေါ်လာမည် ဖြစ်သည်။
NLD အနေဖြင့် ရှေ့လျှောက် တိုးတက်မှု များ ရရှိရန် အေအေ မှ ၎င်းတို့၏ ကိုယ်စားလှယ်များ ပြန်လွှတ်ပေးခဲ့မှု ကို အသိအမှတ်ပြု တုန့်ပြန်သည့် အနေဖြင့် အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပေးခြင်း၊ အင်တာနက် ဖြတ်တောက်ထားမှု ရပ်ဆိုင်းပေးခြင်း နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးခြင်းများ ပြုလုပ်ပေးသင့်သည်။ သို့သော် လက်ရှိ အနေအထားကို နိုင်ငံရေး ကစားပွဲ သဖွယ် ဖန်တီးနေသည်ဟု ရှုမြင်နေသရွေ့ ထိုသို့ လုပ်လာဖွယ် မရှိပေ။
ထို့အတွက် မင်းအောင်လှိုင်မှ ၎င်းသည် အပြစ်အခတ် ရပ်စဲရေး အပေါ် ရည်ရွယ်ချက်သည် ရိုးသားကြောင်း ၊ သူ၏ အနာဂတ် နိုင်ငံရေး ရည်မှန်းချက် များ အတွက် မဟုတ်ကြောင်း ပြသသည့်အနေဖြင့် လိုက်လျောမှုများ ပြုလုပ်ပေးရန် လိုနေသည်။ ထိုအတွက် ရွေးကောက်ပွဲ မသမာမှုများ အား တပ်မတော် မှ စစ်ဆေး နေသည်ဆိုသော အခြေအမြစ်မရှိသည့် လုပ်ရပ်များကို ရပ်တန့်ပေးလိုက်ခြင်းဖြင့် စတင်သင့်လှပေသည်။
ရခိုင်တွင် အပြစ်အခတ်ရပ်စဲရေး ပေါ်ထွက်လာပါက ဆယ်စုနှစ် တခု အတွင်း အပြင်းထန်ဆုံးသော ပဋိပက္ခကြီးအား နိုင်ငံရေး အရ မှန်ကန်သော စိတ်ရင်းစေတနာ ရှိက အဆုံးသတ်နိုင်သည်ကို ပြဆိုရာလည်း ရောက်ပေသည်။ ထိုသို့ ဖြစ်ပေါ်လာရန် ခေါင်းဆောင်များအကြား နိုင်ငံရေးအရ အားပြိုင်နေမှုများကို ဘေးချိတ်ထားနိုင်မှသာ ဖြစ်ပေမည်။