ကမ်မလာ ဒေဝီ ဟာရစ် (၁)

by Hla Soewai - Jan 25 2021

အသက် ၅၆ နှစ်ရှိ ကမ်မလာ ဟာရစ်သည် ယခုအခါ အမေရိကန် ပြည်ထောင်စု၏ ၄၉ ဦးမြောက် ဒုသမ္မတ ဖြစ်လာခဲ့ပါပြီ။ အမေရိကန် သမိုင်းတွင် အမျိုးသမီး တဦး အဖို့ ပထမဆုံး အဆင့်မြင့်ဆုံး ရာထူးကို ရရှိသွားခဲ့တဲ့ သမိုင်းဝင် ဖြစ်ရပ်ကြီးလည်း ဖြစ်ပါတယ်။ ဂျိုး ဘိုင်ဒင်လို နိုင်ငံရေး လောက မှာ နှစ်ပေါင်း ငါးဆယ် နည်းပါး ကျင်လည် နေခဲ့တဲ့ အီလစ် တယောက်ထက် သူမလို ငယ်ငယ်ရွယ်ရွယ်ကတည်းက မိဘနှစ်ပါး အိမ်ထောင် ပြိုကွဲသွားခဲ့သော်လည်း သူမအနေနှင့် ရှေ့နေကြီး တဦး ဖြစ်လာသည်အထိ ပညာ ကြိုးစားခဲ့ပုံ၊ ၁၉၉၀ ရှေ့နေ ပေါက်စ ဘဝမှ ၂၀၁၆ ခုနှစ်တွင် ကယ်လီဖိုးနီးယား ပြည်နယ် လူဦးရေ ၃၉ သန်းကို ကိုယ်စားပြုတဲ့ အထက်လွှတ်တော် အမတ်အထိ တက်လှမ်းခဲ့ပုံများမှာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်တဖန် အထက်လွှတ်တော် အမတ် ကနေ လေးနှစ်အတွင်း ဒုသမ္မတ ဖြစ်လာပြန်ပါတယ်။ ဂျိုး ဘိုင်ဒင် ပင် အထက်လွှတ်တော်အမတ် အဖြစ် ၃၆ နှစ်ကြာပြီးမှ ဒုသမ္မတ ဖြစ်လာခဲ့တာပါ။

 

သက္ကတ ဘာသာအရ ကမ်မလာ ဆိုတာ ကြာပန်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီအတွက် အမေရိကန် လူဖြူ အများစု ကြီးစိုးနေတဲ့ အမေရိကန် နိုင်ငံရေး ရွှံနွံအိုင်ကြီးထဲက ဖူးပွင့်လာတဲ့ ကြာပန်းတပွင့် ဆိုလည်း မှားမယ်မထင်ပါဘူး။

 

မြန်မာ နိုင်ငံရေး မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ကို မြှင့်တင်နေချိန်၊ အားပေး အားမြှောက် ပြုနေတာကို ကြိုဆိုတဲ့ အနေနဲ့ အမျိုးသမီး တယောက်ရဲ့ နေရာမှ ဝင်ရောက်ခံစားပြီး တင်ပြသွားမှာပါ။ ဒီအတွက်ကိုတော့ နားလည် ခွင့်လွှတ်ပေးစေချင်ပါတယ်။

 

ကြာပန်း တပွင့်၏ သစ္စာ

******************

(The Truths We Hold/ Kamala Harris)

 

နိဒါန်း

 

မနက်တိုင်း လိုလို ကျမ ခင်ပွန်း ဒပ်ခ် သည် အစောဆုံး နိုးလေ့ရှိသူ ဖြစ်ပြီး အိပ်ယာထဲမှာ ထိုင်နေရင်းက သတင်းများ ကို ဖတ်ရှုတတ်သူ ဖြစ်သည်။ ကျမ အဖို့ကတော့ သတင်းဖတ်ရင်း သူ့ထံမှ ထွက်လာသည့် သက်ပြင်းချသံ၊ ငြီးညူသံ၊ အာမေဋိတ် သံများကို နားထောင်ရင်းက ဒီနေ့သည် ဘယ်လိုနေ့မျိုး ဖြစ်လာမလဲ ဆိုသည်ကို မှန်းဆတတ်နေပြီ ဖြစ်သည်။

 

၂၀၁၆ နိုဝင်ဘာ ၈ ရက်နေ့သည် အမေရိကန် ဆီးနိတ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးနေသည့် ကျမ အဖို့ နောက်ဆုံးနေ့လည်း ဖြစ်ပေသည်။ ထိုနေ့ တနေ့လုံး ကျမ အဖို့ မဲဆန္ဒရှင်များကို တနေကုန် လိုက်လံ တွေ့ဆုံ ခဲ့ရသည့် အပြင် ကျမ ကိုယ်တိုင်လည်း အိမ်နားရှိ ရပ်ကွက် စာသင်ကျောင်းတခု တွင် မဲထည့်ရဖို့ ရှိနေသည်။

 

ကျမတို့အဖို့ အတော်လေး စိတ်အားတက်ကြွနေခဲ့သည်။ ရွေးကောက်ပွဲ ည ပါတီ ပွဲအတွက်ပင် ခန်းမကျယ်ကြီး တခု ကို ငှားရမ်းထားခဲ့ပြီး ဖြစ်သည်။ ပထမဆုံး မိသားစုဝင်များ၊ ရင်းနှီးသော မိတ်ဆွေများ နှင့် အတူ ညစာ အတူ စားရန် ထွက်လာခဲ့ရသည်။ ဤသည်ကလည်း ပထမဆုံး ရွေးကောက်ပွဲ စ ဝင်ကတည်းက ကျမအတွက် အစဉ်အလာ တခု လို ဖြစ်လာခဲ့ရသည်။

 

ကျမတို့ ဆွေမျိုးသားချင်း မိတ်ဆွေများသည် အမေရိကန် အနှံ့အပြားမှ ရောက်လာနေကြပြီး ထိုအထဲတွင် ပြည်ပ ကပင် လာရောက်အားပေးသူများလည်း ရှိခဲ့သည်။ ကျမအတွက် လွန်စွာ မှ အရေးပါသော ညတည ဖြစ်သည့် အတွက် အဒေါ်များ၊ ညီအကိုမောင်နှမ ဝမ်းကွဲများ၊ ကျမ ၏ ယောက္ခမများ၊ ညီမ ဖြစ်သူ၏ ယောက္ခမများ အစရှိသည်ဖြင့် အစုံအလင် ရောက်ရှိနေကြပြီ ဖြစ်သည်။

 

ကျမလည်း ကားမှန် ပြတင်းပေါက်မှ အပြင်ကို ငေးကြည့်နေမိရင်းက ကျမ ဖြတ်သန်းလာခဲ့ရပုံများကို တွေးတောနေမိသည်။ ထိုအချိန်မှာတော့ ဒပ်ခ် ထံမှ ကြားနေကြ ငြီးသံတခု ထွက်လာခဲ့သည်။

 

“ကြည့်စမ်းပါဦးကွာ” ဟု ဆိုကာ သူ့လက်ထဲက ဖုန်းကို ကျမထံ ထိုးပေးလိုက်သည်။ သမ္မတ ရွေးကောက်ပွဲ ၏ စောစောစီးစီး သိရသော ရလဒ်များကို သတင်းများက ဖေါ်ပြနေကြပြီ ။ အတော်လေး ဆိုးဆိုးရွားရွား ဖြစ်လာနေသည်ကို တွေ့နေရသည်။ ကျမတို့ စားသောက်ဆိုင်သို့ ရောက်သည့် အခါတွင် သမ္မတလောင်း နှစ်ဦး အကြား ကွာဟချက်က သိသိသာသာ ကို လျော့နည်း လိုက်လာနေသည်။ ကျမ အဖို့ မြင်ရ ကြားနေ ရသမျှ အတွက် အသံမထွက်အောင် စိတ်ထဲမှ ငြီးတွားနေမိသည်။ နယူးယောက်တိုင်းမ်တွင် ပြသနေသော ဖြစ်နိုင်ချေ ခန့်မှန်း မီတာ အရ ဒီည အဖို့ အကျပ်အတည်းကြီးနှင့် ကြုံရတော့မည်ကို ရိပ်စားမိနေသည်။

 

ကျမတို့ စားသောက်ဆိုင်ကြီး အတွင်းရှိ အခန်းငယ်တခုတွင် စုဝေးခဲ့ကြသည်။ အားလုံးသည် စိတ်ခံစားမှု အသီးသီး နှင့် သွေးလည်ပတ်နှုန်းများက မြန်ဆန်နေကြပုံ ရှိသည်။ ဤသည်ကလည်း ကျမတို့ မျှော်လင့် ခဲ့သည်များ ဖြစ်လာတောမည် မဟုတ်သည်ကို ရိပ်စားမိလာသောကြောင့်ပင် ဖြစ်သည်။

 

တဖက်တွင်လည်း ကျမ၏ ကာလီဖိုးနီးယား အတွက် ရလဒ်များက ထွက်မလာသေး၊ သို့သော် ကျမ အနိုင်ရလိမ့်မည် ဆိုသည်ကို သိနေသည်။ ထိုသို့ ဖြစ်လာအောင် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရမှုများ အတွက် အောင်ပွဲခံရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။

 

အားလုံး၏ မျက်လုံးများက တီဗီ ဖန်သားပြင်ပေါ် စူးစိုက်လျှက် ရှိနေကြသည်။ သိရပြီးသော ပြည်နယ်တခုပြီး တခု ရလဒ်များကို ဖေါ်ပြနေပြီ ဖြစ်၍ ကိန်းဂဏန်းများမှာ စိတ်အနှောက်အယှက် ဖြစ်ဖွယ် ဇာတ်လမ်းတပုဒ်ကို ပြောဆိုနေသည့်အလားပင်။

 

တချိန်တွင်တော့ ကျမ ၏ ကိုးနှစ်အရွယ်ရှိ ခေါင်းကိုင်သားလေး အလက်ဇန်းဒါး သည် မျက်ရည်လည်ရွှဲ နှင့် ကျမ အနားကို ရောက်လာသည်။ တယောက်ယောက်က သူ့ကို မခံချင်အောင် စလိုက်၍ဟု ထင်လိုက်မိသည်။

 

“သားလေး အန်တီဆီလာ၊ ဘာဖြစ်သလဲ ပြောစမ်း."

 

အယ်လက်ဇန်းဒါးက တီဗီ ရှိရာကို မော့ကြည့်လိုက်ပြီး ကျမကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြန်သည်။ သူ၏ အသံသည် တုန်ရီနေသည်။

 

“အန်တီ ကမ်မလာ.. ဒီလူကြီး မနိုင်ဘူး မဟုတ်လားဟင်၊ သူ နိုင်မှာ မဟုတ်ဘူးနော်၊ ဟုတ်တယ် မဟုတ်လား အန်တီ”

 

အယ်လက်ဇန်းဒါး ၏ စိုးရိမ်တကြီး ပြောလိုက်သော အသံက ကျမ၏ နှလုံးသည်းပွတ်အထိ စူးနစ် ဝင်ရောက် သွားခဲ့သည်။ ကျမအဖို့က ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးတယောက်အတွက် ထိုသို့ သော စိတ်ခံစားမှုမျိုး မရှိစေချင်ပေ။ ပြီးခဲ့သည့် ရှစ်နှစ်က ဘာရက် အိုဘာမား အနိုင်ရခဲ့စဉ် မျက်ရည်များ စီးကျလာခဲ့သည့်အထိ ဝမ်းသာ ပျော်ရွှင်ခဲ့ရဖူးသည်။ ယခု ကျမ သည် အယ်လက်ဇန်းဒါး၏ စိုးရိမ်ကြောင့်ကြနေသော မျက်လုံးအစုံကို မြင်နေရပြီ ဖြစ်သည်။

 

ကလေး၏ ဖခင် ရက်ဂျီ နှင့် ကျမက သူ့ကို ချော့မော့နှစ်သိမ့်ရန် အပြင်သို့ ခေါ်ထုတ်သွားသည်။

 

“အလက်ဇန်ဒါး.. တခါတလေ ကျရင် ဆူပါဟီးရိုး ဆိုတဲ့ လူတွေတောင် လူဆိုးတွေနဲ့ တွေ့တဲ့ အခါ အန္တရာယ်တွေ နဲ့ ရင်ဆိုင်ကြရတယ် ဆိုတာ သားသိတယ်နော်၊ အဲ့ကျ ရင် ဆူပါဟီရိုးတွေက ဘာလုပ်လဲ”

 

“ပြန်ချတာပေါ့ အန်တီ”

 

“အေး..အဲ့လိုပဲ သူတို့ အားလုံးက အနိုင်မခံ အရှုံးမပေးတဲ့စိတ် နဲ့ ပြန်ချကြတာချည်းပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ အားလုံးမှာ သားလို စိတ်မျိုးတွေ ရှိနေကြလို့ အမြဲလို ပြန်ချခဲ့ကြတာ၊ အခုလည်း အန်တီတို့က အဲ့ဒီလို ပြန်ချကြမှာ”

 

မကြာမီမှာပင် အေပီ သတင်းဌာနက ကျမ၏ ပြိုင်ပွဲ ရလဒ်ကို ကြေညာ လာခဲ့သည်။ ကျမတို့အားလုံးသည် စားသောက်ဆိုင်ထဲမှာပင် ရှိနေပေသေးသည်။

 

“ကျမ နဲ့ အခုလို အစ အဆုံး အတူ ရှိနေပေးခဲ့တဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျမအတွက် မဖေါ်ပြနိုင်အောင် အား တွေ ဖြစ်လာခဲ့ရပါတယ်” ဟု မယုံနိုင်လောက်အောင် မေတ္တာစိတ် သက်သက်ဖြင့် ထောက်ခံအားပေးခဲ့ကြသည့် မိသားစု ၊ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်စကား ပြောဖြစ်ခဲ့သည်။

 

ကျမ စိတ်ထဲမှာတော့ ယခု ည ကျမနှင့် အတူ ရှိနေခဲ့သူများ အပြင် အထူးသဖြင့် ကျမ၏ အောင်မြင်မှုများကို မြင်တွေ့ခွင့် ရမသွားခဲ့သည့် မိခင်ကြီး အပေါ် ပို၍ ကျေးဇူးတင်နေမိသည်။

 

ကျမ ၏ အောင်မြင်ခဲ့မှုအတွက် ခဏတဖြုတ် သာ ကြည်နူးပီတိဖြစ် ခဲ့ရသည်။ အခန်းထဲရှိ ကျမအပါအဝင် လူတိုင်းလိုလိုသည် တီဗီ ဖန်သားပြင် ကို မော့ကြည့်နေကြပြန်သည်။

 

ကျမတို့ ညစာ စားပြီးသည်နှင့် ရွေးကောက်ပွဲည ပါတီ ပွဲ ကျင်းပမည့် နေရာသို့ ထွက်လာခဲ့ကြသည်။ ကျမ သည် အထက်လွှတ်တော် ကိုယ်စားလှယ် လောင်း တဦး မဟုတ်တော့၊ ယခုအခါ ကျမ၏ ပြည်နယ်မှ ပထမဆုံး ရွေးကောက်ခံ လူမည်း အထက်လွှတ်တော် အမတ်တဦး၊ အမေရိကန် သမိုင်းတွင် ဒုတိယမြောက် လူမည်း အထက်လွှတ်တော် အမတ် အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ကျမသည် ယခုအခါ အမေရိကန် လူထုလူတန်းစား အလွှာ အသီးသီးမှ ရှစ်ယောက်လျှင် တယောက် နှုန်း ဖြစ်သော ၃၉ သန်းရှိ လူများကို ကိုယ်စားပြုရတော့မည် ဖြစ်သည်။ ဤသည်မှာ သာမညအဖြစ်တခုသာ ဖြစ်သော်လည်း ကျမအတွက် လွန်စွာ တန်ဖိုး ထားရမည့်၊ ဂုဏ်ယူရမည့်၊ ဖြစ်စဉ်ကြီး လည်း ဖြစ်ပေသည်။