မြန်မာ တို့ ဝဋ်ခံနေရဆဲ

by Hla Soewai - Jan 24 2021

မြန်မာ ထက် ငါးရက်ခန့် စောစီးစွာ ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သော ဂျိုး ဘိုင်ဒင် သည် ယခုအခါ ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတ အဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူသည်လည်း နည်းမျိုးစုံ နဲ့ မဲလိမ် မဲခိုး ခဲ့တယ် ဆိုပြီး သက်သေအထောက်အထား မတင်ပြနိုင်တဲ့ စွပ်စွဲချက် အမျိုးမျိုးကို ခံခဲ့ရတဲ့ အပြင် နောက်ဆုံး ကွန်ဂရက် ကို ဝင်ရောက်စီးနင်းခံခဲ့ရတဲ့ အထိ ကြုံတွေ့ရတဲ့ ကာလများကို ဖြတ်ကျော် ခဲ့ရပါတယ်။

 

ယခုတော့ ဒီမိုကရေစီ အောင်ပွဲခံ နိုင်ခဲ့ပြီလို့ ကြွေးကြော် နိုင်ခဲ့မှု နှင့် အတူ အမေရိကန် မဲဆန္ဒရှင် များလည်း သက်ပြင်း ချနိုင်ခဲ့ကြရပါပြီ။

 

သို့သော် မြန်မာ မှာ တော့ ထိုကဲ့သို့သက်ပြင်း မချနိုင်သေးတဲ့ အပြင် နည်းမျိုးစုံသုံးပြီး လူထုရဲ့ ဆန္ဒကို ချေဖျက်ဖို့ ကြိုးစားနေမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

 

ယခုလည်း စစ်တပ်၊ ၎င်း၏ ပါတီ နဲ့ အခြား ကိုယ်စားလှယ် တဦးတလေမျှ အရွေးမခံရတဲ့ ပါတီများက ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံရေး အကျပ်အတည်းကြီးလို့ ကင်ပွန်းတပ်လိုက်ပြီး ရွေးကောက်ပွဲသည် တရားမျှတမှု ရှိကြောင်း အစိုးရ သို့မဟုတ် ရွေးကော် သို့မဟုတ် လွှတ်တော်က အတည်ပြု ပေးရမှာ ဖြစ်တယ်လို့ စစ်တပ်က ဦးဆောင်ပြီး တောင်းဆိုလိုက်ပြန်ပါတယ်။

 

၎င်းတို့ ကိုယ်တိုင် ရေးဆွဲ ပြီး ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံက “ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပိုင် ဖြစ်သည်”လို့ အတိအလင်း ပြဌာန်းထားပြီး ဖြစ်ရုံမက “ကန့်ကွက်လိုပါက ကော်မရှင်ထံသို့ သက်သေ အထောက်အထားများ နဲ့ တင်သွင်းရမယ်”လို့ ဆိုထားပြီး ဖြစ်ပါတယ်။

 

ယခုအခါ စစ်တပ်သည် မဲစာရင်း စစ်ဆေးသူများ ဖြစ်လာပြီး မြို့နယ်ပေါင်း ၃၁၄ မြို့နယ်ရှိ မဲစာရင်း များတွင် မကိုက်ညီမှု ၇.၆ သန်း တွေ့ရတယ်လို့ ဆိုနေပါတယ်။ ပြဿနာ ဖြစ်လာရသည်က အဆိုပါ မဲစာရင်း တိုက်ဆိုင် စစ်ဆေးနေသူများ အနေနှင့် အထက် က သဘောမကျ ဖြစ်မည်စိုး၍ အရည်အတွက်ကို အပြိုင်အဆိုင် ဖေါင်းကားလာအောင် ပြုလုပ်နိုင်တယ် ဆိုတာပါပဲ။ ဒီလိုမျိုး အစဉ်အလာတွေအနေနဲ့ မဆလခေတ်၊ စစ်အစိုးရ ခေတ် အဆက်ဆက် ကျင့်သုံးလာခဲ့ ကြပြီးလည်း ဖြစ်ပါတယ်။

 

မိမိတို့၏ လုပ်ရပ်များသည် အောင်မြင်မည် မဟုတ်သည့်အပြင် သေချာပေါက် backfire ဖြစ်လာဖို့မှာ ကျိန်းသေနေပါတယ်။

 

တပ်မတော်ကို ပြန်လည် ပြင်ဆင်၍ မရနိုင်လောက်တဲ့အထိ အမဲစက်များစွန်းထင်း အောင် လုပ်နေသည့် အရေးသည် ပြည်သူများ၏ ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်စေမည်လား၊ သို့မဟုတ် မိမိတို့ အကျိုးအတွက် ဆိုသည်လားကို နဖူးပေါ်လက်တင်ပြီး စဉ်းစားသင့်လှပြီ ဖြစ်ပါတယ်။

 

ပြည်သူများဖက်ကလည်း ထိုသို့ ဖြစ်ပျက်နေသည်များကို လွန်စွာ စိတ်ကုန်နေပြီ ဖြစ်ပါတယ်။

 

ယခုအခါ ကမ္ဘာ အင်အားကြီး နိုင်ငံများ ဖြစ်တဲ့ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား နဲ့ အမေရိကန်တို့က မြန်မာ အစိုးရနှင့် ပိုမို နီးကပ်စွာ ဆက်ဆံနိုင်ရေး အတွက် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့များ တဖွဲဖွဲ ရောက်ရှိ နေချိန်လည်း ဖြစ်ပါတယ်။

 

သို့သော် နောက်ထပ် သတိထားရမည့် အကြောင်းတခုက ပေါ်ပေါက်လာနေ ပြန်ပါတယ်။

 

ဘိုင်ဒင် အစိုးရ အဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမည့် အန်တိုနီ ဘလင်ကင်သည် သူ၏ ရာထူး အား အတည်ပြုရန် ဆီးနိတ် ကြားနာရေး ကော်မတီတွင် မေးမြန်းလာသည်များကို ဖြေကြားရာ၌ မြန်မာပြည်သည် ဂျီနိုဆိုက် ကျူးလွန်ပါသည် ဟု သတ်မှတ်ရန် ထပ်မံ စုံစမ်းစစ်ဆေးသွားမယ်လို့ ဖြေကြားသွားပြီး ဖြစ်ပါတယ်။

 

ဘိုင်ဒင် အစိုးရအဖို့ လူ့ကျင့်ဝတ် ဆိုင်ရာ နှင့် မဟာဗျူဟာ အရေးတွင် ဘယ်ဟာကို ဦးစားပေးရမလဲ ဆိုတဲ့ အကျပ်အတည်း နဲ့ ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။

 

တပ်မတော်၏ လုပ်ရပ်များကြောင့် မြန်မာသည် double down နှစ်ဆတိုး ခံရမဲ့ အဖြစ်မျိုးနှင့် ကြုံလာရနိုင်ပါတယ်။

 

အိုင်စီဂျေ မှာ တရားစွဲဆိုထားမှု နှင့် အမေရိကန်၏ ရပ်တည်ချက်သည် မြန်မာ အတွက် အရေးတကြီး ဖြစ်လာနေပြီ ဆိုတာကိုလည်း ခေါင်းထဲထည့်ထားသင့်ပါတယ်။

 

အစိုးရ အနေဖြင့် ကိုဗစ်-၁၉ အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းပြည်စီးပွားရေး ပြန်လည် ဦးမော့လာနိုင်ရေး အစရှိသည့် ပြဿနာများကို ခေါင်းခြောက်အောင် ဖြေရှင်းနေရပြီး ထို့အတွက်လည်း နိုင်ငံတကာ၏ ပူးပေါင်း ဆောင်ရွက်မှုကို အရေးတကြီး လိုအပ်နေတဲ့ အတွက် ၎င်းတို့ ၏ ကလေးကလား တောင်းဆိုနေမှုများကို အရေးမထားနိုင် ဖြစ်နေရပါတယ်။

 

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်မှ မဲစာရင်း တွင် ကွာဟမှုများ ကြောင့် မဲမသမာမှုများ ဖြစ်နိုင်ချေ ရှိသည်ဟု ပြောဆိုနေသည်က အခြေအမြစ် မရှိဘဲ ဘယ်နေရာမှာ ဘယ်သူက ဘယ်လို ကျူးလွန်သွားခဲ့သည် ဆိုသည်ကို ပြောပြနိုင်မှသာလျှင် အရေးယူသွားနိုင်မည် ဖြစ်ကြောင်း ပြောဆိုသွား ခဲ့ပါတယ်။