ယနေ့ ဝါရှင်တန်

by Hla Soewai - Jan 21 2021

ထရန့်သည် အိမ်ဖြူတော်မှ ထွက်ခွာရန် နှစ်ဆယ့်လေးနာရီပင် မရှိတော့သည့် အချိန်၌ သူ၏ အနားတွင် အတွေ့အကြုံ မရှိဘဲ အိမ်ဖြူတော် အကြံပေးများ အဖြစ် ခန့်အပ်ထားသည့် သမီးနှင့် သားမက်မှ လွဲ၍ မည်သူမျှ မရှိ ကြတော့သည့်အပြင် အနောက်ဆောင်တွင် ရှိသော ဝန်ထမ်းများက ၎င်းတို့၏ စားပွဲ များကို ရှင်းလင်းရင်း အလုပ်များနေကြပြီ ဖြစ်သည်။

 

အိမ်ဖြူတော်အတွင်း မျက်နှာလို မျက်နှာရ လုပ်ကာ မကြာခဏ အဝင်အထွက် လုပ်ခဲ့ကြသော ကွန်ဆာဗေးတစ် ခေါင်းဆောင်များသည် ယခုအခါ ထုံးစံရှိသည့် အတိုင်း ထရန့်၏ သမ္မတသက်တမ်း လေးနှစ်အတွင်း အောင်မြင်ခဲ့မှုများကို ချီးကျူးပြောဆိုဖို့ ဝေးစွ၊ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပြီ ဖြစ်သည်။

(McClatchy D.C Bureau News)

 

ထရန့်၏ ဥပဒေ အကြံပေးများက ထရန့် အနေနှင့် သူနှင့် သူ၏သားသမီးများကို သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလုပ်ခြင်းကို မထုတ်ပြန်ရန် ထပ်တလဲလဲ အကြံပေးနေကြသည်။ ထိုသို့ ပြုမည်ဆိုလျှင် မိမိတွင် အပြစ် ရှိကြောင်း ကြိုတင်ဝန်ခံရာ ရောက်မည့်အပြင် ရှေ့လျောက် ဥပဒေကြောင်းအရ လွန်စွာ အန္တရာယ်များသည့် လမ်းကြောင်းပေါ် ရောက်ရှိသွားမည်ဟု ပြောဆိုနေကြသည်။ ထရန့်သည် ထိုသို့ ပြုလုပ်နိုင်ခွင့် အာဏာ အပြည့်အဝကို ဗုဒ္ဓဟူးနေ့ နေလည်ပိုင်းအထိ ရရှိထားသည်။

(CNN)

 

ဒုသမ္မတ မိုက်ပင့်စ် သည် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အမှီပြန်ရမည် ဆိုကာ ထရန့်၏ မရိမ်းဝမ်း ရဟတ်ယာဉ် ဆင်းသက်မည့် အင်ဒရူး လေတပ်စခန်းသို့ လာရောက် တွေ့ဆုံပြီး မနှုတ်ဆက်နိုင်ကြောင်း မိုက်ပင့်စ်၏ ကိုယ်ရေး အရာရှိက ဆိုသည်။ ထရန့်သည် အမေရိကန် သမိုင်းတွင် သမ္မတ သစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ မတက်ရောက်မည့် လေးဦးမြောက် သမ္မတ ဖြစ်လာခဲ့သည်။ သူသည် ထိုမှတဆင့် သူနေထိုင်ရာ ဖလော်ရီဒါပြည်နယ် ပမ်းလ်ဘိချ် ရှိ မာရာလာဂို ကလပ် စံအိမ်ကြီးသို့ လေယာဉ်ဖြင့် ထွက်ခွာမည် ဖြစ်သည်။

 

သို့သော် မိုက်ပင့်စ် အဖို့ကား ပြန်စရာ အိမ်မရှိ ဖြစ်နေသည်။ သူသည် ဒုသမ္မတ စံအိမ်သို့ ပြောင်းရွှေ့မလာမီ အင်ဒီယားနား ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ရှစ်နှစ်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အုပ်ချုပ်ရေးမှူး အိမ်တော်တွင်ပင် နေထိုင်ခဲ့သူ ဖြစ်သည်။ မည်သည့် နေရာတွင် နေထိုင်သွားမည်ကို မိုက်ပင့်စ် က ပြောဆိုခြင်း မရှိသေးပေ။

(TRIB LIVE/ AP)

 

ထရန့် ရာထူးမှ ထွက်ခွာချိန်တွင် အလုပ်လက်မဲ့ နှုန်းသည် သူတာဝန်ယူခဲ့သည့် အချိန်ထက် သုံးပုံတပုံခန့် မြင့်မားနေပြီး ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူ လေးသိန်းကျော် ရှိနေခဲ့သည်။ သို့သော် ထရန့်သည် သူ၏ နောက်တကြော့အတွက် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် သူ့အား မဲပေးခဲ့သူ ၇၄ သန်း အတွက် တံခါးဟထားပေးဆဲပင် ဖြစ်သည်။

(Bloomberg)

 

သန်းပေါင်းများစွာက ကက်ပီတို စီးနင်းတိုက်ခိုက်မှုကြီး အပြီးတွင်ပင် ထရန့်အား ထောက်ခံနေကြဆဲ ဖြစ်သည်။ ထရန့်သည်သာ အမေရိကန် အလုပ်သမား လူတန်းစား အကျိုးကို ဖေါ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်ဟု ယုံကြည် နေကြသည်။ ရီပတ်ဘလီကင် ပါတီဝင် ၆၄% က သက်သေအထောက်အထား တစုံတရာ ထုတ်ဖေါ် မပြနိုင်သော်လည်း ထရန့်သည် မဲမသမာမှုကြောင့် ရှုံးရသည်ဟု ယုံကြည်လျှက် ရှိသည်။

(လော့အိန်ဂျဲလိစ် တိုင်းမ်)

 

ဝါရှင်တန်တွင် ယခင် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲများကလို ထောက်ခံသူများ၊ ဟောလီဝုဒ်မှ နာမည်ကျော်များ၊ လူမှုရေး နယ်ပယ်မှ အထင်ကရများ၊ လော်ဘီသမားများကို မတွေ့ရဘဲ တိတ်ဆိတ်ခြောက်ကပ်လျှက်ရှိသည်။ ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် လော့ဒေါင်းချထားသည့်အပြင် အကြမ်းဖက် တိုက်ခိုက်လာမည့် အရေးကို ကာကွယ်ရန် အမျိုးသား အစောင့်တပ် ၂၀,၀၀၀ ခန့်ကို လည်း နေရာအနှံ့ တွင် တွေ့နေရသည်။ ကက်ပီတို အဆောက်အအုံ၊ အိမ်ဖြူတော် နှင့် အခြား အစိုးရ အဆောက်အအုံများကို သံဆူးကြိုးများဖြင့် ကာရံထားသည်။ ဗုဒ္ဓဟူးနေ့ နေ့လည်တွင် တရားသူကြီးချုပ် ဂျွန် ရော်ဘတ်က ဂျိုး ဘိုင်ဒင်အား ကက်ပီတို ၏ အနောက်ဖက် အဆောင်တွင် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုပေးမည် ဖြစ်သည်။ သို့သော် ပြည်နယ် ၅၀ မှ အနုပညာရှင်များက စီစဉ်ထားသည့် “Parade Across America” အတိုင်း အွန်လိုင်းမှ ဖျော်ဖြေကြမည် ဖြစ်သည်။

(AFP)

 

ဝါရှင်တန် လုံခြုံရေး ကို တာဝန်ယူနေသော အမျိုးသား အစောင့်တပ်ဖွဲ့ဝင် တဒါဇင်ခန့်ကို လက်ယာ လူဖြူ အစွန်းရောက် သမားများနှင့် အဆက်အသွယ် ရှိသည်ဟု FBI က ဖေါ်ထုတ်နိုင်ခဲ့သဖြင့် တာဝန်များမှ ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

(AP)

 

ယခု အခါ သမ္မတ ၏ လုံခြုံရေး ကို တာဝန်ယူရမည့် Secret Service အဖွဲ့ဝင်များသည် ရှေ့လျှောက် လွန်စွာ အန္တရာယ်ကြီးမားလှသော တာဝန်ကြီးကို သတိလက်လွတ်မခံဘဲ ထမ်းဆောင်သွားရတော့မည် ဖြစ်သည်။

(The Atlantic Journal)

 

ထရန့်သည် အင်္ဂါနေ့ ညနေ တွင် ထုတ်လွှင်ခဲ့သော သူ၏ မိနစ်နှစ်ဆယ်ကြာ အမေရိကန် ပြည်သူများ အတွက် နှုတ်ဆက် မိန့်ခွန်းတွင် ဘိုင်ဒင်၏ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့မှုကို အသိအမှတ် ပြုသွားခဲ့ပြီး အစိုးရ အသစ် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းသွားခဲ့သည်၊ သို့သော် မိန့်ခွန်း အစအဆုံး ဘိုင်ဒင်၏ အမည်ကို ခေါ်ဝေါ် သုံးနှုံးသွားခဲ့ခြင်း မရှိပေ။

(Wall Street Journal)

 

ထရန့်သည် အိမ်ဖြူတော်မှ ထွက်ခွာပြီး လျှင် ပြီးချင်း ၎င်းအား ဘဏ္ဍာရေး အရ အရေခွံ ဆုတ်ရန် ပြင်ဆင်ထားသည့် သတ်ကွင်းထဲသို့ ဝင်ရောက်သွားရပြီ ဖြစ်သည်။

(The New York Times)