ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(21)

by Hla Soewai - Jan 20 2021

ကျွနုပ်နှင့် ဆက်ဆံရေး ကောင်းမွန်ပြီး ရုစ်ဘဲလ် နှင့် လွန်စွာ နီးစပ်သည့် လူတဦးအကြောင်းလည်း ပြောပြရန် ကျန်နေပေသေးသည်။ ပြည်ထဲရေး ဝန်ကြီး ဖြစ်သည့် ဟာရိုး အေကက်စ် ဆိုသူပင် ဖြစ်သည်။ ဟောကင့်စ်၊ မိုဂန်သော၊ အေကက်စ် နှင့် ဝေါလေ့စ်တို့ အားလုံးသည် ရုစ်ဘဲလ် ကဲ့သို့ပင် ဘုံရန်သူ ကို ချေမှုန်းနိုင်ရေး နှင့် အောင်ပွဲခံပြီးနောက် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေး တို့တွင် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်  အမေရိကန် နှင့် ဆိုဗီယက် အကြား ကွဲပြားနေသော လူနေမှုစနစ်ကြောင့်  အဟန့်အတား မဖြစ်သင့်ဟု ခံယူထားကြ သူများလည်း ဖြစ်သည်။ ၎င်းတို့၏ အမြင်များသည် အမေရိကန် ပြည်သူတို့၏ အကျိုးအတွက် ဦးတည်နေသည်မှာ ထင်ရှားပေါ်လွင်လှပေသည်။

 

ထိုကဲ့သို့ အမြင်များ နှင့် လုံးဝခြားနားသည့် နိုင်ငံရေး မဟာဗျူဟာတရပ်က စစ်အေး တိုက်ပွဲကြီး၏ အစောပိုင်း ကာလတွင်ပင် ခေါင်းပြူထွက်လာခဲ့သည်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်။ ယင်းနှင့်အတူ အမေရိကန် အစိုးရသည် စစ်အင်အားအသုံးချ ရန် လိုအပ်သည့် မူဝါဒကို ဟောပြောလာကြပြီး လက်နက် အပြိုင်အဆိုင် တပ်ဆင်ရေး ဖက်သို့ ဦးတည်လာခဲ့ကြသည်။

 

ဝေါလေ့စ်သည် ထိုသို့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ၏ ဦးတည်နေသည့် လမ်းကြောင်းကို ကောင်းစွာ ရိပ်စားမိသူ ဖြစ်သည်။ မူဝါဒ ပိုင်းတွင် တာဝန်ရှိနေသူများ က စစ်ကြီးအတွင်း ဆိုဗီယက် နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများမှ သွေဖီသွားနိုင်မည့် လမ်းကြောင်းကို ရွေးချယ်လာခဲ့ကြသည်။ ထိုမူဝါဒ သည် ထရူးမင်း အစိုးရ၏ အစောပိုင်း နှစ်များ အတွင်း လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားပေါ်လွင်လာခဲ့ရသည်။

 

ရုစ်ဘဲလ်သည် ဝေါ့လေ့စ်အား ၁၉၄၅ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် နောက်တနှစ် ထရူးမင်း သမ္မတ ဖြစ်လာသည့် အခါတွင် ဝေါလေ့စ် နေရာတွင် အခြားလူတဦးဖြင့် အစားထိုး လိုက်ပြီး အခြား မည်သည့် ရာထူးတွင်မှ ခန့်အပ်ခဲ့ခြင်း မရှိတော့ပေ။ ဝေါလေ့စ်သည် ပရိုဂရက်ဆစ် ပါတီကို ထူထောင်ခဲ့ပြီး ၁၉၄၈ သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အရေးနိမ့်သွားခဲ့ရသည်။

 

ထိုအချိန်က အမေရိကန် နိုင်ငံရေး လောကတွင် တဦးနှင့် တဦး သူထက်ငါ ဆိုဗီယက် ပြည်ထောင်စုနှင့် အခြား ဆိုရှယ်လစ်နိုင်ငံများ ဆန့်ကျင်ရေးကို အပြိုင်အဆိုင် ကျယ်လောင်စွာ ပြောဆိုလာနေချိန် ဖြစ်သည်။

 

ဝါရှင်တန်သည် မူဝါဒအားဖြင့် စစ်နိုင် နိုင်ငံအဖြစ် ၎င်းတို့၏ နယ်ချဲ့ဝါဒကို ပြန်လည် အမွှန်းတင်လာနေပြီး စစ်အုပ်စုများ ဖွဲ့စည်းရန် ဗြောင်ကျကျ ပြောဆိုလာနေပြီး ကမ္ဘာနေရာ အနှံ့အပြားတွင် စစ်စခန်းများ ဖွင့်လှစ်နိုင်ရန်နှင့် စီးပွားရေး အရ ဩဇာသက်ရောက်နိုင်ရန် ကြံစည်နေပြီ ဖြစ်သည်။ ထို့အတွက် ဝါလေ့စ်၏ ခံယူချက် နှင့် အမြင်များသည် လက်ရှိ အနေအထားနှင့် သဟဇာတ ဖြစ်မလာခဲ့တော့ပေ။

 

ဝေါလေ့စ်၏ အရည်အချင်းတရပ်ကား သူနှင့် ဆက်ဆံသူတိုင်းကို ဟိတ်ကြီးဟန်ကြီး လုပ်မနေဘဲ နေသာထိုင်သာ ရှိအောင် ပြုမူနိုင်ခဲ့မှု ပင် ဖြစ်သည်။ သူ့ကို ကျွနုပ် မြင်စက ရုရှားတယောက်ဟု ပင် ယူဆမိသည်။ ဆံပင်အညိုရောင်၊ အရပ်အမောင်းက အနေတော် ဖြစ်ပြီး မျက်နှာ အသွင်အပြင်မှာ ပွင့်လင်း ဖေါ်ရွေတတ်သူ တယောက်၏ အသွင်မျိုး ဆောင်နေသည်။ သူ့ပုံစံက အနည်းငယ် ရှက်ရွံ့တတ်ပုံရှိသော်လည်း လူတကာနှင့် ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံနိုင်သူ ဖြစ်သည်။ သူသည် အိမ်ရှင် အဖြစ် ဆက်ဆံရသည့် အခါမျိုးတွင် တဖက်လူ၏ ပြောစကားကို ဂရုတစိုက် နားထောင်တတ်သည်။ ထိုသို့သော အရည်အချင်းများကြောင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လှသူ တဦးဟု ဆိုရမည် ဖြစ်သည်။

 

သူ သည် ဆိုဗီယက် သံတမန်များ ဆက်ဆံရေးတွင် အပြောင်းအလဲ မရှိ ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူနှင့် ပတ်သက်၍ ကြုံခဲ့ရသည် တခု ကို ယခုအချိန်အထိ နွေးထွေးစွာ အမှတ်ရနေဆဲပင် ဖြစ်သည်။ တရက်တွင် မနက် ခုနှစ်နာရီ ခန့် ကျွနုပ်၏ တိုက်ခန်းတွင် ဖုန်းမြည်သံ ထွက်ပေါ်လာခဲ့သည်။ သံအမတ်တဦး၏ နေအိမ်ကို ထိုသို့ မနက်စောစော ဖုန်းခေါ်လာသည်က မရှိသလောက်ပင် ဖြစ်သည်။

 

ကျွနုပ်က “ဟဲလို” ဟု ပြန်ဖြေလိုက်သည့် အခါ...

 

“အင်ဒရေ အင်ဒရီးဗစ်ချ်... ခင်ဗျာ၊ အခု ပြောနေတာ သံရုံးက တာဝန်ကျ အရာရှိပါ၊ လူတယောက် အခုပဲ ရောက်လာပြီး၊ ဒီလိုအချိန်ကြီး လာရတဲ့အတွက်လည်း တောင်းပန်စကား ပြောသွားခဲ့ပါတယ်၊ သူက ဒုသမ္မတ ဝေါလေ့စ် လို့ ပြောပါတယ်”

 

“ဒုသမ္မတ ဟုတ်လား၊ ဘာအတွက်များပါလိမ့်”

 

“ကျွန်တော်ကို သံအမတ်ကြီး ဇနီးအတွက်ဆိုပြီး ဆေးတွေ ပေးပြီး  ပြန်ထွက်သွားပါပြီ၊ အခု ဆေးတွေက ကျွန်တော်နဲ့ အတူ ရှိနေပါတယ်”

 

နောက်မှ ကျွန်တော်သိလာရသည်မှာ ဝေါလေ့စ်၏ ဇနီးက ထိုအချိန်တွင် ရှာရခက်သည့် အဆီကျ ပိန်ဆေး အကြောင်း ကျွနုပ်၏ အမျိုးသမီးအား စကားစပ်မိ၍ ပြောသွားခဲ့ဖူးသဖြင့် ယခု လက်ထဲ ရောက်လာချိန်တွင် ဝေါ့လေ့စ်က သံရုံးကို ဝင်ပေးသွားခြင်း ပင် ဖြစ်သည်။ ဤသည်က အသေးအမွှားတခုမျှသာ ဖြစ်သော်လည်း သူ၏ အလေးအနက်ထားတတ်မှုကို ပေါ်လွင်ထင်ရှားစေခဲ့သည့် အကြောင်းအရာတခုပင် ဖြစ်တော့သည်။

 

ကျွနုပ်တို့က အမြဲလို ဝါရှင်တန်တွင်သာ တွေ့ဆုံဖြစ်ခဲ့သည်။ တရက်တွင် ဝေါ့လေ့စ်က “အေးဗျာ တရက်လောက် ကျွန်တော်တို့ ဇနီးတွေ ခေါ်ပြီး မြို့ပြင်တနေရာရာ ကို ခရီးထွက်ကြရင် မကောင်းဘူးလား၊ ကျွန်တော်တို့ချည်း လွတ်လွတ်လပ်လပ် စကားပြောလို့ ရတာပေါ့” ဟု ပြောလာခဲ့သည်။

 

ကျွနုပ် အနေဖြင့် သူပြောလာသည်ကို ကန့်ကွက်စရာ အကြောင်းမရှိပေ။ “အဲ့ဒီကျ ဆွစ် သံအမတ်ကြီး နဲ့ သူ့ဇနီးပါ ကျွန်တော် ဖိတ်မယ်ဆိုရင် ကော ခင်ဗျားအတွက် ပြဿနာ ရှိနိုင်လား” ဟု ထပ်ပြောလိုက်ပြန်သည်။

 

ဤသည်ကလည်း ကျွနုပ်အတွက် ပြဿနာ မရှိပေ။ “ကျွန်တော် နဲ့ ဆွစ် သံအမတ်ကြီးက ဆွေမျိုးနီးစပ် တော်နေတယ်ဗျ” ဟု သူက ပြောပြသည်။

 

ကျွနုပ်တို့ ခရီးထွက် ဖြစ်ခဲ့သောနေ့မှာ တနင်္ဂနွေ တရက် ဖြစ်ပြီး လီဒီယာ ဒီမီထရက် နှင့် ကျွနုပ်သည် သူ ပြောထားသည့် မြို့မှ မိုင်လေးဆယ် ခန့် ဝေးသည့် နေရာသို့ ထွက်လာခဲ့ကြသည်။ ကျွနုပ်တို့ တွေ့လိုက်ရသည်က နေချင်စဖွယ် သစ်သား ဘန်ဂလို လေး တလုံး ဖြစ်ပြီး အထဲတွင်လည်း လိုလေသေး မရှိအောင် မွမ်းမံ ထားပြန်သည်။

 

ကျွနုပ်တို့ကို နေ့လည်စာဖြင့် အကျအန ဧည့်ခံခဲ့သည်။ စားသောက်နေကြစဉ် ဆွစ်သံအမတ်ကြီးသည် ကျွနုပ်အား လွန်စွာ အရေးကြီးသော သတင်းတခု ကို ပြောပြလာခဲ့သည်။ ဤသည်မှာ ဆွစ်ဇာလန် အစိုးရသည် ဆိုဗီယက် နှင့် သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိရန် စဉ်းစားနေပြီ ဆိုသည့် အကြောင်းပင် ဖြစ်သည်။

 

ကျွနုပ်ဖက်ကလည်း သူပြောသည့် စကားနှင့် လျှော်ညီသည့် စိတ်ဝင်စားသည့်ဟန် ပြသခဲ့ရသည်။ ကျွနုပ်တို့နှင့် ဆွစ်တို့ အကြား သံတမန် ဆက်ဆံရေးသည် ၁၉၂၃ ခုနှစ် အတွင်းက ဆွစ်ဇာလန် ရှိ လိုဇန် မြို့တော်တွင် ဆိုဗီယက် ပြည်ထောင်စု၏ အာဏာကုန် လွှဲအပ်ခြင်း ခံခဲ့ရသော သံအမတ်ကြီး ဗက်ဆလက် ဗိုရော့စကီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုနှင့် စပ်လျှင်း၍   ပြတ်တောက်သွားခဲ့ပြီး ဖြစ်သည်။

 

“သံအမတ်ကြီး ပြောတာကို ချက်ခြင်းပဲ မော်စကို ကို အစီရင်ခံလိုက်ပါမယ်၊ ကျွန်တော် သဘောအရ ပြောရရင် ခုန သံအမတ်ကြီး ပြောခဲ့တာမျိုး တကယ်တမ်း ဖြစ်စေချင်လှသဗျာ” ဟု ကျွနုပ်က ပြောခဲ့သည်။

 

ဤသို့ဖြင့် နောက်ပိုင်းတွင် ဆိုဗီယက်-ဆွစ် သံတမန် ဆက်ဆံရေး သည် ပြန်လည် ထူထောင်လာနိုင်ခဲ့သည်။

 

နေ့လည်စာ စားအပြီးတွင် ဝေါလေ့စ်က ကျွနုပ်နှင့် နှစ်ယောက်တည်း စကားပြောလိုကြောင်း အရိပ်အမြွက် ပြောလာခဲ့သည်။ ကျွနုပ်တို့လည်း အမျိုးသမီးများကို ဆွစ် သံအမတ်ကြီး နှင့် အတူ ထားခဲ့ပြီး စားပွဲမှ ထလာခဲ့ကြကာ အခန်းကျယ်ကြီး တခု၏ ဒေါင့်စွန်းတနေရာတွင်ရှိ စားပွဲငယ် တလုံးတွင် အတူ ထိုင်လိုက်ကြသည်။