အိုင်အမ်အက်ဖ် မှ ဒေါ်လာ ၃၅၀ သန်း ထုတ်ချေးပြီ

by Hla Soewai - Jan 16 2021

ကိုဗစ်-၁၉ ကပ်ရောဂါ အား တိုက်ဖျက်နိုင်ရေး အတွက် နိုင်ငံတကာ ငွေကြေး ရံပုံငွေ ဘုတ် အဖွဲ့မှ မြန်မာအား ဒေါ်လာ သန်း ၃၅၀ အား အမြန် ထုတ်ချေးသွားရန် ယနေ့ အတည်ပြုလိုက်ပြီ ဖြစ်သည်။

 

ယခုအကြိမ်သည် ဒုတိယမြောက် ထုတ်ချေးခြင်း ဖြစ်ပြီး ၂၀၂၀ ဇွန်လ အတွင်းကလည်း အလားတူ ဒေါ်လာ ၃၆၅.၅ သန်း ထုတ်ချေးခဲ့ပြီး ဖြစ်သည်။

 

ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ထိခိုက်နစ်နာခဲ့ရမှူများ အတွက် ငွေရေးကြေးရေးတွင် ခုသာခံသာရှိအောင် အကူအညီပေးခြင်းလည်း ဖြစ်သည်။

 

ထိုသို့ ချေးငှားနိုင်ရန် မြန်မာ၏ စီးပွားရေး အနေအထားကို IMF ၏ လက်ထောက်အမှုဆောင် ဒါရိုက်တာ မစ်ဆူဟီရို ဖူရူဆာဝါက ယခုလို သုံးသပ်ပြခဲ့သည်။

 

မြန်မာသည် ယမန်နှစ်က ဘဏ္ဍာရေးနှင့်အရေးပေါ် ငွေကြေးထောက်ပံ့ရေး နှင့် စီးပွားရေး အစီအစဉ်များပါသည့် Covid-19 Economic Relief Plan (CERP) ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး၊ ထို့နောက်တွင်လည်း စီးပွားရေး ပြန်လည် ဦးမော့ရေး နှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ် Myanmar Economic Resilience and Reform Plan (MERRP) ကို ချမှတ်လာပြီး ကျန်းမာရေး အသုံးစရိတ် တိုးမြှင့် သုံးစွဲရေး နှင့် အခွန်ပေးဆောင်မှု သက်သာစေရေး နှင့် လိုအပ်နေသော အိမ်ထောင်စုများ အား ငွေကြေးထောက်ပံ့ပေးရေး အစီအမံများ ပြုလုပ်လာခဲ့သည်။

 

မြန်မာ၏ လက်ရှိ ကျင့်သုံးနေသော ငွေကြေးမူဝါဒသည် သင့်တင့်လျောက်ပတ်မှူရှိပြီး ငွေကြေးသည်လည်း အလျော့အတင်း ပြုလုပ်နိုင်စွမ်း ရှိနေသည်။

 

ထို့အပြင် ဘဏ်များ၏ စွမ်းဆောင်ရည်များကို စနစ်တကျလေ့လာစီစစ်သွားရန်လည်း ပြင်ဆင်ထားပြီး ဖြစ်သည် အစရှိသည် တို့ကို အကျယ်တဝင့် သုံးသပ်ပြသွားခဲ့သည်။

 

ငွေကြေးသုံးစွဲမှု များအား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ခဲ့မှု ကိုလည်းချီးကျုးသွားခဲ့ပြန်သည်။

 

ထိုသို့ IMF က ချီးကြူးရသည့်အထိ ယုံကြည်မှု ရှိအောင် အစိုးရမှ အမျှော်အမြင်ရှိရှိဖြင့် စွမ်းဆောင်နိုင်ခဲ့၍ သာ ယခုလို ချေးငွေ တောင်းခံမှုကို အလျင်အမြန် အတည်ပြုပေးခဲ့ခြင်း လည်း ဖြစ်ပေသည်။

 

IMF ၏ ချေးငွေများကို စီးပွားရေးလုပ်ငန်းများ ထိခိုက်လာ၍ ဝင်ငွေခွန်ကျဆင်းလာ‌ သော်လည်း တိုးမြှင့် သုံးစွဲရန် ရှိနေသော လူမှုရေး အသုံးစရိတ်များ အတွက် အထောက်အကူ ရစေရန် နှင့် ပြည်ပနိုင်ငံများမှ အလွန်အကျွံ ချေးငှားရမှု များလျော့နည်းသွားရန် IMF က ရည်ရွယ်သည် ဟု ဆိုသည်။

 

ကိုးကား- IMF Press Release