ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီ များကို ဆန့်ကျင်ကြ

by Hla Soewai - Jan 16 2021

အဆိုပါ ဆောင်ပုဒ်သည် ၁၉၉၀ ကျော် ကာလများက စစ်အစိုးရမှ "ပြည်သူ့သဘောထား" ဟု ဆိုကာ တီထွင် ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သော်လည်း မကြာသေးမီက ဖေ့စ်ဘုတ် ပို့စ်များတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ဖြစ်ပုံရသည်ဟု ရွေးကောက်ပွဲနှင့် ပတ်သက်၍ အလည်အပတ် ရောက်ရှိလာသော တရုတ်နိုင်ငံခြားရေး ဝန်ကြီးအား ထုတ်ဖေါ်ပြောဆိုခဲ့မှု အပေါ် အခြေခံ ပြီး ဟာသသဖွယ် ရေးသား လာကြပြန်သဖြင့် နောက်တကြိမ် အရှက်တကွဲ ဖြစ်ရရှာပြီဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြလာခဲ့သည်။

 

ထိုသို့ရေးသားမှုများ တွေ့နေရသော်လည်း ကျွန်တော် အနေဖြင့် နိုင်ငံခြားသား တယောက်အား ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည့် တိုင်းပြည်သိက္ခာကျစေမည့် စကား များကိုတော့ ပြောဆိုလိမ့်မည်ဟု လုံးဝ မယုံကြည်သဖြင့် ယခင်ကထည့်သွင်းရေးသားခဲ့ခြင်း မရှိခဲ့သည်ကိုတော့ ဝန်ခံရပေလိမ့်မည်။ ၎င်းကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကို ကာကွယ်လိုသည် လည်း ပြောထားခဲ့သည် မဟုတ်ပါလော။

 

သို့သော် ကျွန်တော် အထင်ကြီးထားခဲ့မှု သည် တက်တက်စင်အောင် လွဲချော်သွားခဲ့ရပေသည်။

 

ဧရာဝတီက ဆက်လက်ရေးသားရာတွင် ပိုးလမ်းမကြီး စီမံကိန်း အမြန် အကောင်အထည်ဖေါ်ရေး အတွက် တပ်မတော်မှကူညီနိုင်သည့် အပိုင်းများကို လာရောက်ဆွေးနွေးသည့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးအဖို့ ဗိုလ်ချုပ်မှုးကြီး၏ အပြောကြောင့် အနေရ အထိုင်ရ ခက်သွားရှာပေလိမ့်မည်ဟု ဖေါ်ပြထားသည်။

 

သူသည် ရပ်ရွာအဆင့်တွင်ပင် ပြည်သူများ ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်သော စနစ်ဟူ၍ မရှိခဲ့ဖူးသော နိုင်ငံမှလည်း ဖြစ်နေပြန်သည့် အပြင် ဗိုလ်ချုပ်မှုးကြီး နှင့် မတွေ့မီတရက်ကပင် နိုင်ငံတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှူ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ အစိုးရသစ်ကိုလည်း ထောက်ခံကြောင်း ကမ္ဘာသိထုတ်ဖေါ် ကြေညာပြီးကာစလည်း ဖြစ်သည်။

 

ထိုအပြောကြောင့် အနာပေါ် တုတ်ကျသလို အခံရခက်သွားရပြန်သဖြင့် "မောင်ရင် ဘာမှ မသိပဲနဲ့ စွပ်မပြောနဲ့" ဟု ဆိုလိုသည့် သဘော သက်ရောက်သွားပေသည်။

 

မည်သည့် နိုင်ငံတွင် မဆို နိုင်ငံသားများ အနေဖြင့် ဝင်ရောက် အရွေးခံသော နိုင်ငံရေး ပါတီများသည် နိုင်ငံနှင့်လူမျိုး အကျိုးကို ထမ်းရွက်လိုသူများ ဖြစ်သည်ဟု ယုံကြည်က ဒီမိုကရေစီ ရွေးကောက်ပွဲ ရလဒ် အပေါ် လက်ခံကြစမြဲ ဖြစ်သည် ဆိုသည်ကိုတော့ ၎င်း အနေဖြင့် ယေဘုယျ ယူဆထားမည်လည်း ဖြစ်ပေသည်။

 

သို့သော် တပ်ချုပ်ကြီးမှ ကြံခိုင်ရေး ပါတီသည်သာ ကိုယ်ကျိုးမဖက်၊ အဂတိ ကင်းကင်း ဖြင့် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်နေပုံ ရပေသည်။

 

တရုတ်ဖက်ကမူ ၎င်းတို့၏ သမ္မတကြီး လွန်စွာ အရေးထားနေသော ပိုးလမ်းမစီမံကိန်းကြီးကို ထိုသို့သော လူမျိုးများနှင့်မည်သို့များ ယုံကြည်စိတ်ချထား၍ ရနိုင်ပေမည်နည်း ဆိုသည်ကလည်း ကြိမ်းသေ တွက်ဆထားပြီးဖြစ်သည်က အမှန်ပင် ဖြစ်သည်။

 

ထိုသို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးသည် နှစ်နိုင်ငံ အကျိုးတူ ကိစ္စများ လာရောက် ဆွေးနွေးခြင်းသာ ဖြစ်ပြီး၊ ထိုကိစ္စများကိုလည်း စိတ်ဝင်စားသည့် ဟန်မပြ၊ မိမိဖက်မှလည်း စတင်မေးမြန်းခြင်းလည်း မရှိပါပဲလျက် စောင့်ထိန်းရမည့် သံတမန်ကျင့်ဝတ်ကို ပေလျကံပြုကာ အလိုက်ကမ်းဆိုးမသိ ပြောချင်ရာ ပြောလာသည့် အတွက် မည်သို့ တုန့်ပြန်ခဲ့သည်တော့မသိ၊ တရုတ်နိုင်ငံထုတ် အစိုးရသတင်းစာများကမူ ၎င်းနှင့်တွေ့ဆုံခဲ့သည်ဟူသော စာတကြောင်းမျှသာ ဖေါ်ပြလာသည်ကို တွေ့ခဲ့ရပေသည်။

 

တကယ်တမ်းလည်း တရုတ်တို့ ခေါင်းထဲတွင် ထိုသို့ သော အကြောင်းအရာများကို ထည့်သွင်းစဉ်းစားချင်စိတ်မရှိ၊ သူတို့အတွက် သေရေးရှင်ရေး ဖြစ်လာနေသည်က လာမည့် နာရီ ၁၂၀ လောက်တွင် အမေရိကန် သမ္မတ ဖြစ်လာမည့် ဂျိုးဘိုင်ဒင်က အရှေ့တောင်အာရှတွင် charm offensive ကြီး ဆင်နွှဲလာမည့် အရေးကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို လက်ဦးမှူယူကာအခိုင်အမာ တီးခေါက်စုံ စမ်းရန် ရောက်ရှိလာခြင်းသာဖြစ်သည်။

 

ဝမ်ယီသည် အကြောင်းမဲ့ စိုးရိမ်နေခဲ့ခြင်းတော့ မဟုတ်ပေ၊ ယခုပင် ဂျိုးဘိုင်ဒင်က အင်ဒို-ပစိဖိတ် ဒေသ အတိုင်ပင်ခံ အထူးသံတမန် အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေဟောင်းလည်း ဖြစ်သူ ကပ် ကမ်ဘဲလ်ကို ခန့်အပ်လိုက်ပြီ ဖြစ်သည်။

 

ကမ်ဘဲလ်သည် အိုဘာမား လက်ထက်တွင် မြန်မာနှင့် အနီးကပ် ဆက်ဆံရေးပြန်လည်ထူထောင်မှ ဖြစ်မည်ကို သိလာသဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်ရန် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်းဖြစ်သည်။

 

၎င်းတို့၏ အင်ဒို-ပစိဖိတ် မူဝါဒအတွက် မြန်မာပြည်သည် မဟာဗျုဟာအရ အချက်အခြာနေရာ အဖြစ် သဘောထား လာကြပြီလည်း ဖြစ်သဖြင့် ဘိုင်ဒင်အဖို့ သူ၏ သမ္မတ သက်တမ်းအတွင်း မြန်မာပြည် နောက်ကြောင်း ပြန်လှည့်သွားစေမည် အရေးကိုမည်သို့မျှ အဖြစ်ခံမည် မဟုတ်သည်ကား သေချာနေပေသည်။

 

သင်ခန်းစာ ယူတတ်မည်ဆိုက အမေရိကန် နိုင်ငံရေး လောက မှ ရုပ်ပျက်ဆင်းပျက်ဆင်းပေးရတော့မည့် ဒေါ်နယ်ထရန့် အဖြစ်ကို ကြည့်လျင်ပင် လုံလောက်နေပြီ ဖြစ်သည်။